ဆော့ခရတ္တိ

ဆော့ခရတ္တိ၏ ဝမ်းဆွဲဥပမာ (ဝါ) ဆော့ခရတ္တိနည်း (အပိုင်း – ၂)

ဆော့ခရတ္တိ၏ ဝမ်းဆွဲဥပမာ (ဝါ) ဆော့ခရတ္တိနည်း (အပိုင်း – ၂)

စာပိုဒ် (ခ)

သီအို။  ။ ခေါ်ပါမည်။ သီတိတ ၊ ဤသို့ လာစမ်းပါ၊ ဆော့ခရတ္တိအပါးမှာ ထိုင်ပါဘိ။

ဆော့။  ။ လူကလေး၊ လာပါ၊ ထိုင်ပါ။ အသင်သည် ကျွန်ုပ်နှင့် အလွန်တူသည်ဟု သီအိုဒေါရက ပြောနေသဖြင့် အသင်၏မျက်နှာတွင် ကျွန်ုပ်၏အရိပ်ကို ကျွန်ုပ် ကြည့်ချင်လှသည်။ ကျွန်ုပ်တို့နှစ်ဦးတွင် စောင်းတစ်လုံးစီရှိသည် ဆိုအံ့၊ ထို့ပြင် တီးလိုက်လျှင် သံပြိုင်ညီညီညာညာ မြည်လာအောင် ကြိုးညှိထားသည်ဟုလည်း သီအိုဒေါရက ပြောသည်ဆိုအံ့။ သီအိုဒေါရ၏ စကားကို ဧကဝန်အမှန်ဟု ကျွန်ုပ်တို့ ချက်ချင်းယူလိုက်ကြမည်လော၊ သို့တည်းမဟုတ် သီအိုဒေါရသည် အတီးအမှုတ်သမား ဟုတ် မဟုတ် ရှေးဦးစွာ စုံစမ်းသင့်ပါသေးသလော။

သီတိတ ။  ။ စုံစမ်းသင့်ပါသေးသည်။

ဆော့။  ။ အကယ်၍ သီအိုဒေါရသည် အတီးအမှုတ်သမားဖြစ်၏ဟု ကျွန်ုပ်တို့ သိကြရလျှင် သူ့စကားကို ကျွန်ုပ်တို့ အရေးမယူ လျစ်လျူပြုလိုက်ရုံဖြစ်သည်၊ ဟုတ်ပါသလော။

သီ။  ။ ဟုတ်ပါသည်။

ဆော့။  ။ အသင်၏မျက်နှာသည် ကျွန်ုပ်၏မျက်နှာနှင့် အလွန်တူသည်ဟု သီအိုဒေါရက ဆိုခဲ့သည်ဖြစ်ရာ သူဆိုသောစကားတွင် ကျွန်ုပ်တို့ စိတ်ဝင်စားကြသည် ဖြစ်လျှင် သီအိုဒေါရသည် ပန်းချီဆရာ ဟုတ် မဟုတ် စုံစမ်းသင့်သေးသည် မဟုတ်ပါလော။

သီ။  ။ ဆော့ခရတ္တိ၊ စုံစမ်းသင့်ပါသေးသည်။

ဆော့။  ။ ကောင်းပြီ၊ ကျွန်ုပ်က အသင့်ကို မေးမည်၊ သီအိုဒေါရသည် ပန်းချီဆရာလော၊ အသင်က ဖြေပါဘိ။

သီ။  ။ ကျွန်ုပ်သိသမျှမှာ သီအိုဒေါရသည် ပန်းချီဆရာ မဟုတ်ပါ။

ဆော့။  ။ ထိုသို့ဖြစ်လျှင် သီအိုဒေါရသည် ဂျီသြမေတြီဆရာလော။

သီ။  ။ ဟုတ်ပါသည်၊ ဂျီသြမေတြီဆရာပါ။

ဆော့။  ။ ထို့ပြင် သီအိုဒေါရသည် နက္ခတ်အကြောင်း၊ သင်္ချာအကြောင်း၊ ဂီတအကြောင်းတို့ကိုပါ သိသူဖြစ်ပါသလော၊ အချုပ်ကိုဆိုရလျှင် သီအိုဒေါရသည် အကြားအမြင်များသောသူတစ်ဦး ဖြစ်၏ဟု ဆိုနိုင်ပါသလော။

သီ။  ။ ထိုသို့ဆိုချင်လျှင် ဆိုနိုင်ပါသည်။

ဆော့။  ။ ကောင်းပြီ၊ ချီးမွမ်းလိုသောကြောင့်ပင် ဖြစ်စေ၊ ကဲ့ရဲ့လိုသောကြောင့်ပင် ဖြစ်စေ ကျွန်ုပ်တို့နှစ်ဦးသည် ရုပ်လက္ခဏာအရာတွင် တူသည်ဟု သီအိုဒေါရက ဆိုသောအခါ သူ့မှတ်ချက်စကားကို ကျွန်ုပ်တို့သည် အရေးမယူ လျစ်လျူပြုချင်လျှင် ပြုနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် သီအိုဒေါရသည် ရုပ်လက္ခဏာ၏ သဘောကို သိနားလည်ခြင်းရှိရသော ပန်းချီဆရာ မဟုတ်သောကြောင့် ဖြစ်သည်၊ ဟုတ်ပါသလော။

သီ။  ။ ဟုတ်ပါသည်။

ဆော့။  ။ သို့ရာတွင် အကယ်၍ ကျွန်ုပ်တို့နှစ်ဦးအနက် တစ်ဦးဦးတွင် ရှိသော ဂုဏ်သိက္ခာကိုသော်လည်းကောင်း၊ အတတ်ပညာကိုသော်လည်းကောင်း သီအိုဒေါရက ချီးမွမ်းပြောဆိုသည် ဖြစ်အံ့။ ပသို့နည်း၊ ဂုဏ်သိက္ခာနှင့် အတတ်ပညာတို့ဆိုသည်မှာ နှလုံးရည်နှင့် သက်ဆိုင်သည်ဖြစ်သောကြောင့် အကြားအမြင်များသော သီအိုဒေါရ၏စကားကို ကျွန်ုပ်တို့ အလေးမူကြရလိမ့်မည်။ သီအိုဒေါရ၏ ချီးမွမ်းစကားကို ကြားရသူကလည်း အချီးမွမ်းခံရသူကလည်း မိမိ၏နှလုံးရည်ကို ထုတ်ဖော်ပြောဆိုခြင်း ပြုသင့်သည် မဟုတ်ပါလော။

သီ။  ။ ပြုသင့်သည်ဟု ကျွန်တော် ဆိုချင်ပါသည်။

ဆော့။  ။ ကောင်းပါပြီ၊ လူကလေး သီတိတ၊ လူကလေးက ထိုသို့ဆိုလျှင် ကျွန်ုပ်ကလည်း လူကလေး၏ နှလုံးရည်ကို စုံစမ်းခြင်းပြုရန် အချိန်ရောက်လာပြီ၊ လူကလေးလည်း လူကလေးတွင်ရှိသော နှလုံးရည်ကို ထုတ်ဖော်ပြောဆိုခြင်းပြုရန် အချိန်ရောက်လာပြီ။ အဘယ့်ကြောင့်ဆိုသော် များလှစွာသော သူတို့၏ နှလုံးရည်ကို အကဲခတ်တတ်သော သီအိုဒေါရသည် လူကလေးကို သူတကာထက် ပို၍ ချီးမွမ်းခဲ့သောကြောင့် ဖြစ်သည်။

သီ။  ။ ဆော့ခရတ္တိ၊ ကြားရသည်မှာ ဝမ်းသာစရာကောင်းလှပါ၏။ သို့ရာတွင် သီအိုဒေါရသည် အပြောင်အပြက်ပြောခြင်းမျှသာ ဖြစ်တန်ရာပါသည်။

ဆော့။  ။ လူကလေး၊ သီအိုဒေါရသည် ထိုသို့သောသူမျိုး မဟုတ်ပါ။ သီအိုဒေါရက အပြောင်အပြက်ပြောခြင်းမျှသာပါဟု လူကလေး ဆင်ခြေကန်၍ လူကလေး လက်ခံခဲ့သော စကားကတိကို လူကလေး ကျောပေးတော့မည်လော၊ ထိုသို့ပြုမည်ဟု မကြံပါလင့်။ ကြံလျှင် လူကလေး၏ နှလုံးရည်ကို ချီးမွမ်းခဲ့သည်မှာ အမှန်ပါဟု သီအိုဒေါရခမျာမှာ ကျမ်းသစ္စာဆိုရေပါဦးမည်၊ စင်စစ်မှာ မုသားဆိုသည်ဟုလည်း သီအိုဒေါရကို မည်သူကမျှ စွပ်စွဲကြမည်မဟုတ်ပါ။ ထို့ကြောင့် လူကလေး မရွံပါနှင့်၊ မေးခွန်းကိုသာ လူကလေး၏ စကားကတိအတိုင်း ဖြေပါဘိ။

သီ။  ။ ထိုသို့ဆိုလျှင်လည်း မေးပါ၊ ဖြေပါမည်။

စာပိုဒ် (ဂ)

ဆော့။  ။ ကောင်းပြီ၊ ကျွန်ုပ်က ဤသို့မေးချင်ပါသည်။ လူကလေးသည် သီအိုဒေါရထံမှ ဂျီသြမေတြီပညာကို သင်ယူပါသလော။

သီ။  ။ ဟုတ်ပါသည်။

ဆော့။  ။ နက္ခတ်ပညာကော ပါသေးသလော၊ သင်္ချာအတတ်ကော ပါသေးသလော၊ အတီးအမှုတ်ကော ပါသေးသလော။

သီ။  ။ ပါပါသည်၊ ကျွန်တော် အစွမ်းကုန် အားထုတ်ပါသည်။

ဆော့။  ။ အလွန်ကောင်းပါသည်၊ ကျွန်ုပ်လည်း သီအိုဒေါရထံမှ သင်ယူအားထုတ်ပါသည်။ သူ့ထံမှသာမက ထိုအတတ်ပညာတို့ကိုတတ်မြောက်ကြသော သူတို့ထံမှလည်း သင်ယူအားထုတ်ပါသည်။ အသင့်အတင့် ရခဲ့ပါ၏။ သို့ရာတွင် ကျွန်ုပ်စိတ်ထဲတွင် ဇဝေဇဝါဖြစ်နေသော အချက်တစ်ချက်ရှိသည်။ ထိုအချက် ရှင်းသွားအောင် လူကလေးကလည်းကောင်း၊ အခြားသောမိတ်ဆွေများက လည်းကောင်း ကျွန်ုပ်ကို ကူကြပါဘိ။ ကျွန်ုပ် မေးကြည့်ချင်သည်မှာ ဤသို့ ဖြစ်သည်။ အရာတစ်ခုကိ သင်ယူသည်ဆိုခြင်းသည် ထိုအရာနှင့် စပ်လျဉ်း၍ ပညာရအောင် ယူခြင်းဖြစ်၏ဟု မဆိုနိုင်ပြီလော။

သီ။  ။ ဆော့ခရတ္တိ၊ ဆိုနိုင်သည်ပါ့။

ဆော့။  ။ ထိုသို့တပြီးကား၊ လူခပ်သိမ်းကို ပညာတတ်အောင်ပြုသော အရာသည် အဘယ်နည်း၊ ပညာပင်ဖြစ်မည်ဟု ကျွန်ုပ်ထင်သည်။

သီ။  ။ ဟုတ်ပေသည်ပါ့။

ဆော့။  ။ ထိုသို့ဖြစ်လျှင် ထိုအရာသည် သိသည်ဆိုခြင်းနှင့်မတူ၊ တစ်မျိုးစီဖြစ်၏ဟု မဆိုနိုင်ပြီလော။

သီ။  ။ ဆော့ခရတ္တိ၊ မည်သည့်အရာကို အသင်ဆိုလိုပါသနည်း။

ဆော့။  ။ ပညာကို ဆိုလိုခြင်းပါ။ အကြင်သူသည် အရာတစ်ခုနှင့် စပ်လျဉ်း၍ သိ၏ (ဝါ) အသိတရားရှိ၏၊ ထိုသူသည် ထိုအရာနှင့်စပ်လျဉ်း၍ ပညာရနိုင်သည်၊ ထိုသို့ မဟုတ်ပါလော။

သီ။  ။ ဟုတ်သည်ဟု ဆိုရမည်ပါ့။

ဆော့။  ။ ထိုသို့ဖြစ်လျှင် သိသည်ဆိုခြင်းနှင့် ပညာသည် (ဝါ) အသိတရားနှင့် ပညာသည် အတူတူပင်လော၊ တစ်မျိုးစီလော။

သီ။  ။ အတူတူသာပါ့။

ဆော့ခရတ္တိ၏ ဝမ်းဆွဲဥပမာ (ဝါ) ဆော့ခရတ္တိနည်း (အပိုင်း – ၂)

ဆော့။  ။ လူကလေးသီတိတ၊ ကျွန်ုပ်၏စိတ်ထဲတွင် ဇဝေဇဝါဖြစ်နေသော အချက်သည် ဤအချက်ဖြစ်သည်။ သိသည်ဆိုခြင်းသည် (ဝါ) အသိတရားသည် အဘယ်နည်း၊ ထိုမေးခွန်းကို ကျွန်ုပ်တို့ ဖြေနိုင်ကြပါမည်လော၊ အသင်တို့ ဖြေကြမည်လော၊ မည်သူက အလျင်ဖြေမည်နည်း၊ ကလေးများ၏ ဘောလုံးပစ်ကစားပွဲတွင် မှန်အောင်ပစ်နိုင်ခြင်းမရှိသောသူသည် ဘေးထွက်ထိုင်၍ မြည်းလုပ်ရသည်။ ပွဲအစမှ အဆုံးအထိ တစ်ချက်မလွဲ မှန်အောင်ပစ်နိုင်သော သူသည် ရှင်ဘုရင်လုပ်ရ၍ သူမေးသော အမေးပုစ္ဆာကို အဖြေခိုင်းနိုင်ခွင့် ရှိသည်။ အချင်းတို့ ပသို့နည်း၊ ငြိမ်ချက်သား ကောင်းလှပါတကား။ အချင်း သီအိုဒေါရ၊ ကျွန်ုပ်သည် ကျွန်ုပ်၏ဝါသနာအတိုင်း ပေါက်ပေါက်ဖောက်သကဲ့သို့ စကားများလွန်းလှသော စကားအိုးကြီး ဖြစ်နေသောကြောင့်လော၊ ကျွန်ုပ် ရိုင်းရာကျနေပြီလော၊ ထိုသို့ဖြစ်လျှင် ကျွန်ုပ်ကို ခွင့်လွှတ်ကြပါဘိ။ ကျွန်ုပ်၏စေတနာသည် မိတ်ဆွေရင်းချာကဲ့သို့ ချစ်ချစ်ခင်ခင် အားလုံးပါဝင်ဆွေးနွေးစေချင်သော စေတနာသာ ဖြစ်သည်။

သီအို။  ။ ဆော့ခရတ္တိ၊ ကျွန်ုပ်တို့သည် ထိုသို့မယူကြပါ။ ခပ်မဆိတ် ကျွန်ုပ်ထိုင်နေသည်မှာ လူငယ်ထဲက တစ်ဦးဦးကို မေးစေချင်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်သည် မေးဖြေဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးလေ့မရှိခဲ့သဖြင့် ကျွမ်းကျွမ်းကျင်ကျင် မပြုတတ်ပါ၊ အသက်လည်း ကြီးပါပြီ။ ထိုကိစ္စမျိုးသည် လူငယ်နှင့် ပို၍ သင့်ပါသည်၊ လူငယ်တို့ကို ပို၍တတ်စေချင်ပါသည်၊ သူတို့အရွယ်သည် တိုးတက်လမ်းပွင့်နေသော အရွယ်ကောင်း ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် သီတိတကိုသာ မေးမြဲတိုင်း ဆက်၍မေးပါ။

ဆော့။  ။ ဟော လူကလေးသီတိတ၊ အသင့်ဆရာ သီအိုဒေါရ၏ စကားကို အသင်ကြားပါ၏လော။ ဆရာ့စကားကို အသင်နာယူလိမ့်မည်။ အသင့်ထက် အသက်ကြီးသူ၊ တတ်သိလိမ္မာသူကို နားမထောင်လျှင် အသင့်အဖို့ အဘယ်မှ ကောင်းပါအံ့နည်း။ လူကလေးသီတိတ မရွံနှင့်၊ စိတ်ပါလက်ပါ ဖြေလိုက်စမ်းပါ။ သိသည်ဆိုခြင်းသည် (ဝါ) အသိတရားသည် အဘယ်နည်း။

သီ။  ။ ကောင်းပါပြီ၊ ခိုင်းလျှင် ဖြေရမည်ပါ့၊ မှားသွားလျှင်သာ ပြင်ပေးပါ။

ဆော့။  ။ ကျွန်ုပ် ပြင်နိုင်လျှင် ပြင်ပေးပါမည်၊ စိတ်ချပါ။

ဆော့ခရတ္တိ၏ ဝမ်းဆွဲဥပမာ (ဝါ) ဆော့ခရတ္တိနည်း (အပိုင်း – ၂)

ဆရာဇော်ဂျီ ဘာသာပြန်ဆိုထားသော ပလေးတိုးနိဒါန်း မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts