101

တစ်ဖက်သားအား သူ့ဂုဏ်ကိုသူ ပြန်ဆယ်ပါစေ

နှစ်ပေါင်းအတော်ကြာလောက်က ဂျင်နရယ် အီလက်ထရစ်ကုမ္ပဏီတွင် ဌာနတစ်ခု အုပ်ချုပ်စီမံလျက်ရှိသူတစ်ဦးအား အလုပ်မှ ထုတ်ပစ်ရမည့်ကိစ္စ အကျပ်အတည်းတစ်ခုနှင့် ပက်ပင်းတွေ့ကြုံလျက် ရှိ၏။ အုပ်ချုပ်စီမံလျက်ရှိသူမှာ စတိန်းမက် ဖြစ်လေသည်။ သူသည် လျှပ်စစ်ဘက်ဆိုင်ရာတွင် ပထမတန်းစား ပါရဂူကြီးပင် ဖြစ်လင့်ကစား သူအုပ်ချုပ်လျက်ရှိသော အတွက်အချက်ဘက်ဆိုင်ရာဌာနတွင် အပိုသက်သက်ဖြစ်နေ၏။ သို့ရာတွင် ထိုကုမ္ပဏီတွင် သူမရှိလျှင် မဖြစ်သောကြောင့် တစ်ကြောင်း၊ စိတ်လည်း အလွန်ထိခိုက်လွယ်သောကြောင့် တစ်ကြောင်း သူ့ကို စိတ်ဆိုးအောင် မလုပ်ဝံ့ချေ။ ထို့ကြောင့် နည်းတစ်နည်းကို ကြံပြီးလျှင် ‘ဂျင်နရယ် အီလက်ထရစ် ကုမ္ပဏီ၏ အတိုင်ပင်ခံအင်ဂျင်နီယာ ဟူသော ဘွဲ့ထူးအသစ်ကို ပေးပြီးလျှင် သူ့နေရာဟောင်းတွင် အခြားသင့်တော်သောသူတစ်ယောက်အား ခန့်ထားလိုက်လေသည်။

ဘွဲ့ထူးအသစ်ကိုရသဖြင့် စတိန်းမတ်သည် ဝမ်းသာ၏။ စကားမများရဘဲ သူတို့လိုရင်းကို ရောက်သဖြင့် ကုမ္ပဏီ၏ အမှုဆောင်များလည်း ဝမ်းသာကြ၏။

တစ်ဖက်သားအား သူ၏ဂုဏ်ကို ပြန်၍ ဆယ်နိုင်အောင် ပြုလုပ်ပေးခြင်းသည် မည်မျှအရေးပါသလဲ။ သို့ပင် ဖြစ်ငြားသော်လည်း ထိုနည်းသည် အရေးကြီးမှန်းကို ဘယ်နှဦးလောက် သိရှိပါသလဲ။ ကျွန်ုပ်တို့သည် တစ်ဖက်သားတို့ မည်ကဲ့သို့ စိတ်ထဲတွင် ထိခိုက်သွားမည်ကို ဂရုမစိုက်၊ ကိုယ့်လိုပြည့်အောင်သာ ကြိမ်းလိုက်မောင်းလိုက် အပြစ်တင်လိုက်၊ တစ်ဖက်သားရဲ့ ဂုဏ်ကို ဘယ်လောက်ပင် ထိခိုက်သွားစေကာမူ ဂရုမစိုက်ဘဲ ကိုယ့်လက်အောက်ငယ်သားများကို သူစိမ်းတစ်ရံစာ လူများရှေ့တွင် အော်လိုက်ငေါက်လိုက် လုပ်တတ်ကြလေသည်။ ဤသို့ ပြုလုပ်မည်ကြံလျှင် တစ်မိနစ်လောက် ဆိုင်းငံ့ပြီးနောက် ဆင်ခြင်တုံတရားကို လက်ကိုင်ထား၍ တစ်ဖက်သား၏ အကြောင်းကို ကောင်းစွာစုံစမ်းကာ ထောက်ထားညှာတာသော စကားကလေး တစ်လုံးနှစ်လုံးကို သုံးလိုက်မိပါမူ တစ်ဖက်သားမှာ များစွာ အခံရသက်သာပေလိမ့်မည်။

နောက်တစ်ကြိမ် ကျွန်ုပ်တို့၏ အစေခံများကိုသော်လည်းကောင်း၊ အလုပ်သမားတစ်ဦးဦးကိုသော်လည်းကောင်း အလုပ်မှ ထုတ်ပစ်ကြရမည်ဖြစ်သောအခါ ဤစကားများကို ကောင်းစွာ သတိရပါစေ။

မာရှယ်အေဂရန်းဂါးဆိုသူ စာရင်းစစ် အရာရှိတစ်ဦးသည် ကျွန်ုပ်ထံသို့ အောက်ပါအတိုင်း စာတစ်စောင် ရေးသားဖူးလေသည်။ မိမိအလုပ်သမားများကို အလုပ်ထုတ်ခြင်းသည် စိတ်မချမ်းသာစရာကောင်းသော အလုပ်တစ်ခုဖြစ်လေသည်။ အလုပ်ထုတ်ခံရလျှင် သာ၍ပင် စိတ်မချမ်းသာစရာ ကောင်းဦးမည်ဖြစ်၏။

ကျွန်ုပ်တို့၏အလုပ်သည် များသောအားဖြင့် ရာသီအလိုက် လုပ်ရသောအလုပ်မျိုး ဖြစ်လေသည်။ ထို့ကြောင့် မတ်လလောက်ကျလျှင် အလုပ်သမားများကို တစ်ပြုံကြီး ထုတ်ပစ်ရလေသည်။ ‘သူများကို အလုပ်ဖြုတ်ပစ်ရသည့်အလုပ်ကို မည်သူမျှ မလုပ်ချင်’ ဟူသော စကားသည် ကျွန်ုပ်တို့၏ နှုတ်ဖျားတွင် သီးလျက်ရှိ၏။ ထို့ကြောင့် ထိုစိတ်မချမ်းသာစရာ အလုပ်ကို ကြာရှည်ဆွဲမနေကြဘဲ အောက်ပါအတိုင်း ပြီးစီးအောင် ဆောင်ရွက်လေသည်။

‘ကဲ မစ္စတာ ဆမစ်ထိုင်ပါဦး၊ အလုပ်လုပ်ချိန်တော့ ကုန်သွားပြီ၊ ခင်ဗျားအတွက် အလုပ်မရှိတော့ဘူး၊ ခင်ဗျားကို အလုပ်ကျတဲ့လအတွက်သာ ငှားထားတယ်ဆိုတာ ခင်ဗျားအသိဆုံးပဲ မဟုတ်လား’ အစရှိသည်ဖြင့် ပြောပြီးလျှင် အလုပ်ရပ်စဲလိုက်လေသည်။

ဤသို့ အလုပ်ရပ်စဲခြင်းခံရသော သူများသည် အတော်စိတ်ပျက်ကြ၏။ ထိုလူများသည် စာရင်းစစ်အလုပ်တွင် တစ်သက်လုံး လုပ်လာကြသောသူများဖြစ်ရာ သူတို့ကို ဤကဲ့သို့ ခပ်လွယ်လွယ်ပြောကာ ထုတ်ပစ်သော အလုပ်တိုက်ပေါ်တွင် ခင်မင်တွယ်တာလိုသောစိတ်များ ကုန်ခန်းကြလေသည်။

ထိုအလုပ်ကျသည့် လများတွင် ခေါ်ထားသည့် စာရင်းစစ်များအား အလုပ်ရပ်စဲသည့်အခါ သူတို့ကို ခင်ခင်မင်မင်ဖြစ်အောင် ပြောဆိုပြီးမှ အလုပ်ရပ်စဲရန် အကြံပြုမိ၏။ ထို့ကြောင့် သူတို့ကို တစ်ယောက်စီ အခန်းထဲသို့ ခေါ်ကာနီးတွင် သူတို့လုပ်ခဲ့သည့် အလုပ်ကို သေချာစွာစစ်ဆေး၏။ ထိုသို့ပြုလုပ်ပြီးမှ ထိုသူသည် အလုပ်ကောင်းလျှင် ‘မစ္စတာစမစ်၊ ခင်ဗျားလုပ်ခဲ့တဲ့အလုပ်က အင်မတန် ကောင်းတယ်၊ ခင်ဗျားကို နယူးဝပ်ကို ပို့လိုက်တုန်းက အတော်လေးမှားသွားတာပဲ၊

အလုပ်က အလွန်ခက်ပေမယ့် ခင်ဗျားကိုယ်တိုင် အင်မတန်ကောင်းအောင် လုပ်ပေးလိုက်တဲ့အတွက် ကျွန်တော်တို့ကုမ္ပဏီဟာ ခင်ဗျားရဲ့အလုပ်ပေါ်မှာ အင်မတန်ဂုဏ်ယူကြောင်းကို ခင်ဗျားသိစေချင်တယ်၊ ခင်ဗျားမှာ အရည်အချင်းတော့ ရှိပြီ၊ ဒီအရည်အချင်းနဲ့ဆိုရင် ဘယ်မှာပဲ အလုပ်ကိုလုပ်လုပ် ရှေ့ကို အပုံကြီး ကြီးပွားဖို့ရှိတာပဲ။ ဒီကုမ္ပဏီက ခင်ဗျားရဲ့အလုပ်ကို ကြံစည်လျက်ရှိပါတယ်၊ ဒီအကြောင်းကိုလည်း ဘယ်တော့မှ မမေ့ပါနှင့်’ အစရှိသဖြင့် ကောင်းမွန်စွာ ပြောပြလိုက်၏။

ဤကဲ့သို့ ပြောလိုက်သောအခါ တမင်သက်သက် အညှဉ်းခံရသည်ဟူသော စိတ်ထားများ မရှိကြတော့ပါ။ အကယ်၍ ကျွန်ုပ်တို့မှာသာ အလုပ်ရှိခဲ့ပါလျှင် သူတို့ကို ဆက်၍ ခန့်ထားမှာပဲဟု ယုံကြည်လျက်ရှိ၏။ ထို့ကြောင့် သူတို့ကို ခိုင်းရန် အလုပ်များ ပေါ်လာကြသောအခါ ကျွန်ုပ်တို့ထံသို့ ချစ်ချစ်ခင်ခင်နှင့်ပင် ပြန်လာကြလေသည်။

ကွယ်လွန်သူ ဒွိုက် မောရိုးတွင် တစ်ဦးနှင့်တစ်ဦး သတ်မတတ် ဖြတ်မတတ်ဖြစ်နေသော ရန်သူများကို တည့်အောင် လုပ်ပေးနိုင်သည့် အစွမ်းကောင်းတစ်ခု ရှိလေသည်။ မည်ကဲ့သို့တည့်အောင် လုပ်ပေးသနည်း။ နှစ်ဦးနှစ်ဖက်စလုံး၏ မှန်ကန်၍ တရားသောအချက်များကို တွေ့အောင်ရှာဖွေပြီး ထင်ရှားအောင် ပြုလုပ်၏။

မည်ကဲ့သို့ပင် စေ့စပ်၍ ပြီးစီးသွားသည်ဖြစ်စေ မည်သည့်ဘက်ကိုမျှ မှားသည်ဟု မစွပ်စွဲချေ။

ဤကဲ့သို့ တစ်ဖက်သားအား မိမိ၏ဂုဏ်ကို ပြန်၍ဆယ်နိုင်အောင် ပြုလုပ်ပေးသောနည်းသည် ကြားဖြန်သူတိုင်း လက်ကိုင်ထားသော နည်းဖြစ်လေသည်။ ကမ္ဘာ့ထိပ်တန်းသို့ရောက်နေသော လူကြီးများသည် တစ်ဖက်သားကို နှိမ်ပြီးလျှင် မိမိတို့၏ဂုဏ်ပုဒ်များကို ချီးကျူးခြင်း မပြုကြပေ။ သာဓကတစ်ခု ထုတ်၍ပြပါအံ့။ လူတစ်မျိုးနှင့်တစ်မျိုး နှစ်ပေါင်းများစွာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြပြီးနောက် တူရကီလူမျိုးတို့သည် ဂရိလူမျိုးများကို သူတို့ပိုင် တူရကီမြေပြင်မှ တစ်ခါတည်း နှင်ထုတ်ပစ်ရန် သန္နိဌာန်ချလိုက်၏။

တူရကီတို့၏ခေါင်းဆောင် မူးစတာဖာ ကီးမာသည် သူ၏စစ်သားများသို့ ‘သင်တို့၏ နောက်ဆုံး ချီတက်ရမည့် စခန်းသည် မြေထဲပင်လယ်ကမ်းခြေပင် ဖြစ်လေသည်’ ဟု စိတ်ကို မြှင့်တင်ပေးပြီးလျှင် ဂရိလူမျိုးတို့နှင့် စစ်မက် အကြီးအကျယ် တိုက်ခိုက်ကြ၏။ ထိုစစ်ပွဲတွင် တူရကီဘက်မှ နိုင်၍ ဂရိလူမျိုးတို့၏ စစ်ဗိုလ်ကြီးများဖြစ်သော ထရိကောက်ပစ်နှင့် ဒိုင်အွန်နစ်တို့သည် လက်နက်ချရန် ကီးမာရှိရာ စခန်းသို့ လာခဲ့ကြရာ တူရကီပြည်သူပြည်သားတို့သည် စစ်ရှုံးသော ဂရိစစ်သားတို့ကို အမျိုးမျိုး ကျိန်ဆဲကြ၏။

သို့ရာတွင် ကီးမာမှာမူကား စစ်နိုင်သည့် လက္ခဏာကို အရိပ်အမြွက်မျှ မပြခဲ့ချေ။ ထို့ကြောင့် သူ၏အခန်းထဲသို့ ဂရိစစ်ဗိုလ်ကြီးများ ဝင်လာသောအခါ သူကိုယ်တိုင် လက်ဆွဲနှုတ်ဆက်လျက် ခရီးဦးကြိုပြုကာ ‘ထိုင်ကြပါ၊ ထိုင်ကြပါ၊ အတော်ပဲ ခရီးပန်းလာကြတယ်ထင်တယ်’ ဟု ပြော၏။ အနည်းငယ် တိုင်ပင်ဆွေးနွေးပြီးနောက် ‘စစ်ပွဲဆိုတာ ကစားသလိုပဲ၊ တစ်ခါတလေလည်း အတော်ဆုံးလူတွေဟာ ရှုံးကြတာမျိုးပဲ’ ဟူ၍ စစ်သားတစ်ဦးက စစ်သားတစ်ဦးသို့ ပြောသည့်အနေမျိုးဖြင့် ပြောလေသည်။

စစ်အကြီးအကျယ် နိုင်နေစဉ်ပင် ကီးမာသည် ဤဥပဒေသကို သတိရသေး၏။ ထို့ကြောင့် ကျွန်ုပ်တို့အတွက် ထိုဥပဒေသသည်ကား တစ်ဖက်သားအား သူ့ဂုဏ်ကိုသူ ပြန်ဆယ်ပါစေ။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts