10 Ways to Keep Your Energy Level High at your Work
နေ့ခင်းနေ့လည်အချိန်တွေရောက်ရင် အလုပ်မှာ အရမ်းကို ပင်ပန်းနေပြီလား။ သင့်မျက်လုံးတွေကို ဖွင့်ထားဖို့အတွက် ရုန်းကန်နေရတာလား။ ကော်ဖီတစ်ခွက်ပြီး တစ်ခွက်၊ Energy Drink တွေ အများကြီး သောက်နေပြီးတာတောင် အိပ်ချင်စိတ်က ကြီးစိုးနေတုန်းပဲလား။
တကယ်တော့ ဒါတွေကို လုပ်နေရတာက ပြဿနာပါ။ BBC Health ကနေ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရတော့ Energy Drink နဲ့ Caffeine တို့က လူတွေကို ပိုပို နွမ်းနယ်စေပြီး အာရုံစူးစိုက်မှုကို လျော့နည်းစေပါတယ်။
အခုတော့ လွယ်ကူသက်သာတဲ့ နည်းလမ်း ဆယ်ခုနဲ့ သင်အလုပ်မှာ တစ်နေကုန် မြူးကြွနေနိုင်ပါပြီ။
1. သီချင်းနားထောင်ပါ။

ဂီတသံစဉ်တွေနဲ့ ယဉ်ပါးနေထိုင်ခြင်းက သင့်ရဲ့စွမ်းဆောင်ရည်ကို ပိုပြီး လှုံ့ဆော်ပေးမှာပါ။ သင့်ရဲ့ အကြိုက်ဆုံး တေးသွားတွေက သင့်ကို ပိုပို သက်ဝင်လှုပ်ရှားစေမှာပါ။ သီချင်းမြူးမြူးလေးတစ်ပုဒ်ကို နည်းနည်း ကျယ်ကျယ်လောင်လောင်လေး နားဆင်လိုက်ပါ။ ဒါက သင့်ကို နေ့လည်ဘက် နွမ်းလျနေခြင်းမှ သက်သာစေပါလိမ့်မယ်။
2. နေ့ခင်းနေ့လယ် အဆာပြေမုန့်စားပါ။

နေ့လယ်ဘက် သရေစာဆိုတာ သင့်ခန္ဓာကိုယ်က အမှန်တကယ် လိုအပ်နေတဲ့ အရာပါ။
သင့်ကို တစ်နေ့တာလုံး စွမ်းအင် ဖြစ်နေစေမယ့် အသင့်တင့်ဆုံး သရေစာကိုတော့
ရွေးချယ်ဖို့ လိုအပ်ပါတယ်။
-သရေစာအတွက် ကာဗွန်ဟိုက်ဒရိုက် ဒြပ်နှောကို ရွေးချယ်ပါ။ သူတို့က
အမျှင်ဓာတ်ကြွယ်ဝပြီး သွေးတွင်း အချိုဓာတ် အလျှင်အမြန်ကျဆင်းခြင်းမှ
ကာကွယ်နိုင်ပါတယ်။ အဆီထုတ်ပြီးသား နို့၊ ပဲနို့၊ ပဲနီလေး၊ အာလူး၊
ခရမ်းချဉ်သီး၊ မုန်လာဥနဲ့ ယိုအမျိုးမျိုး စသဖြင့်ပါ။
-အုတ်ဂျုံ၊ အသီးအနှံ၊ ဒိန်ချဉ်နဲ့ မုန်လာဥတို့ကို စားသုံးနိုင်ပါတယ်။
-သကြားဓာတ်အလွန်အမင်းပါတဲ့ သရေစာတွေကို ရှောင်ကြဉ်ပါ။ ဥပမာအနေနဲ့
သကြားလုံးတွေနဲ့ အချိုပါတဲ့ မုန့်မုန့်တွေက သင့်ရဲ့ သကြားဓာတ်ကို
အလွန်အမင်း မြန်မြန်တက်စေသလောက် မြန်မြန်ပဲ ပြန်ကျစေပြီး သင့်ကို
အရင်ကထက်တောင် ပိုပြီး နွမ်းနယ်စေပါတယ်။
-အဆီဓာတ်လွန်ကဲတဲ့ အစားအစာတွေကို ရှောင်ကြည်ပါ။ သူတို့တွေက ချေဖျက်ဖို့
အချိန်ကြာမြင့်တာရယ် ခက်ခဲတာရယ်ကြောင့် သင့်ကို ပိုမိုနွမ်းနယ်စေပြီး
အိပ်ချင်စိတ်ကိုလည်း ပိုပြီး ဖြစ်စေပါတယ်။
3. သံပုရာရည် တစ်ခွက်လောက် သောက်သုံးပါ။

ကော်ဖီ သောက်ဦးမလို့လား။ သံပုရာရည်လေးပဲ သောက်လိုက်ပါနော်။ သံပုရာရည်ရဲ့ ရနံ့လေးကပဲ စိတ်ဖိစီးမှုကို လျော့ချစေတဲ့ အပြင် သင့်ရဲ့ စိတ်နေစိတ်ထားကိုပါ မြှင့်တင်ပေးပါတယ်။ သံပုရာသီးတစ်စိတ်လောက်ကို ရေခဲတုံးလေးနဲ့ သောက်သုံးလိုက်တာက ကျန်းမာရေးလည်းကောင်းစေပြီး စွမ်းအင်ကိုလည်း ပြည့်ဝစေပါတယ်။
4. ရေအေးအေးနဲ့ မျက်နှာသစ်ပေးပါ။

သင့်ရဲ့ မျက်နှာလေးကို ရေခဲရေနဲ့ သန့်စင်လိုက်ပါ။ ဒီနည်းအားဖြင့်
သင့်ရဲ့ ဖိစီးမှုတွေကို ပြေလျော့သွားစေပြီး အာရုံစူးစိုက်ရာမှာလည်း
ပိုပြီးကောင်းမွန်စေပါတယ်။ လေ့လာမှုတွေအရတော့ ရေအေးအေးနဲ့ ထိတွေ့ပေးခြင်းက
သင့်ရဲ့ သက်ဝင်လှုပ်ရှားမှုကို ပိုမိုနိုးကြားစေပြီး
ပင်ပန်းနွမ်းလျမှုကိုလည်း လျော့ကျစေပါတယ်။
တကယ်လို့ သင်ပင်ပန်းလို့ ဖြစ်ဖြစ်၊ အိပ်ချင်လာလို့ ဖြစ်ဖြစ်
ရေချိုးခန်းဘက်ကို လမ်းလျှောက်လိုက်ပြီးတော့ ရေအေးအေးလေးနဲ့
မိနစ်အနည်းငယ်လောက် ထိတွေ့လိုက်ပါ။ နည်းနည်းလေး ပိုပြီး
နိုးကြားလာပါလိမ့်မယ်။
5. အကြောလျော့ပါ။ အသက်ရှုပါ။

အလုပ်မှာ အညောင်းမိဖို့ ဆိုတာက အဖြစ်များပါတယ်။ အထူးသဖြင့် တစ်နေရာထဲမှာပဲ အကြာကြီး ထိုင်နေရရင်ပေါ့။ မလှုပ်မယှက်အကြာကြီးနေနေတာက ကာယလေ့ကျင့်ခန်းတွေ လုပ်နေတာထက်တောင် ပိုပြီး ပင်ပန်းနွမ်းလျနိုင်ပါတယ်။ အကြောလျော့ဖို့နဲ့ အသက်ရှူဖို့ အချိန်ခဏလောက်ယူလိုက်ပါ။ သင့်ခုံလေးမှာ ထိုင်နေရင်းပဲ အညောင်းအညာတွေ ဖြေလျှော့လိုက်ပါ။ ဒီလိုလုပ်ခြင်းဖြင့် သင့်ရဲ့ ဦးနှောက်ကို oxygen ပိုပြီး ရောက်စေပါတယ်။ ဖိစီးနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပါတယ်။ ပိုပြီး လန်းဆန်းလာစေပါတယ်။
6. အပေါင်းအသင်းတွေနဲ့ ရယ်မော ပျော်ရွှင်ပါ။

အလုပ်လုပ်ရာက နားပြီး သူငယ်ချင်းတွေနဲ့ ခဏတဖြုတ် အာလူးဖုတ်လိုက်ပါ။ ဒါက စွမ်းအင်မြှင့်တင်ပေးပြီး လန်းဆန်းစေမယ့် အရမ်းကို ကောင်းတဲ့ နည်းလမ်းလေးပါ။ ဟက်ဟက်ပက်ပက် လေပစ်ပြီး ရယ်မောလိုက်ခြင်းက သင့်ရဲ့ စိတ်ကို ရွှင်လန်းစေပါတယ်။ ကျွန်ုပ်တို့တွေ ရယ်မောနေစဉ်မှာ မျက်နှာနဲ့ ခန္ဓာကိုယ်တစ်လျှောက်က အကြောအချဉ်တွေ ပြေလျော့သွားပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ နှလုံးခုန်နှုန်းနဲ့ သွေးခုန်နှုန်းတွေကလည်း မြန်လာပြီးတော့ ပိုပိုတက်ကြွလာပါတယ်။
7. လမ်းကောင်းကောင်းလျှောက်ပါ။

နောက်ဆုံးသော သိပ္ပံနည်းကျ စမ်းသပ်ချက်တွေအရ ဆယ်မိနစ်ခန့်
လမ်းလျှောက်ခြင်း (သို့) လှေကားထစ်အနည်းငယ်လောက် တက်လိုက်ခြင်းက caffeine
ငါးဆယ် ဂရမ်လောက် စားသုံးခြင်းထက် ပိုပြီး စွမ်းအင်
ထုတ်လုပ်ပေးနိုင်ပါတယ်။
လေ့လာချက်တစ်ခုအရ ကော်ဖီစွဲပြီး အိပ်ရေးပျက်နေတဲ့ လူကြီးတွေအတွက် လေ့ကျင့်ခန်းက အများကြီး သက်သာရာရစေပါတယ်။
8. နေရောင်ခြည်နဲ့ ထိတွေ့ပေးပါ။

ကျွန်ုပ်တို့ဟာ နေကို မှီတွယ်နေတဲ့ solar လူသားတွေပါပဲ။ နေ့အလင်းရောင်က
ကျွန်ုပ်တို့ နိုးကြားနေရမယ်လို့ သတ်မှတ်ထားတဲ့ အချက်ပြမီးလိုပါပဲ။
တကယ်လို့ အလင်းရောင် သိပ်မရတဲ့ တိုက်ခန်းထဲမှာပဲ အလုပ်လုပ်ရင်း
နွမ်းနယ်လာတယ်ဆိုရင် နေရောင်ခြည်နဲ့ ထိတွေ့ပြီး နိုးနိုးကြားကြားဖြစ်အောင်
နေထိုင်ပါ။
သုတေသနပြုချက်တွေအရ လူတွေက နေရောင်ခြည်အောက်မှာ ပိုပြီး
နိုးကြားတက်ကြွပါတယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ
နွမ်းနယ်ပင်ပန်းနေသူတွေက နေရောင်ခြည်ကို ပိုပြီး လိုအပ်ပါတယ်။
9. အိပ်စက်ပါ။

ခဏတာ အိပ်စက်လိုက်ခြင်းကို မိုက်မဲတယ်လို့ ထင်ပါလား။ ဆယ်မိနစ်လောက် နားနေခြင်းက ကော်ဖီသောက်ချိန် အိမ်သာသွားပြီး အချိန်ဖြုန်းချိန်တို့လောက်တော့ မကြာနိုင်ပါဘူး။ ဒါဆို ဘာလို့ မလုပ်နိုင်ရမှာလဲ။ နေလည်ခင်း နှစ်ချက်တီးလောက်မှာ ဆယ်မိနစ်လောက် နားနေလိုက်ခြင်းက သင့်ရဲ့ စွမ်းအင်တွေကို တစ်နေ့တာလုံးအတွက် မြှင့်တင်ပေးပါလိမ့်မယ်။ တကယ်လို့ သင့်အတွက် ကိုယ်ပိုင်နေရာလေးတစ်ခုရှိတယ်ဆိုရင် ပိုပြီး သင့်တော်တာပေါ့နော်။ သိပ္ပံနည်းကျ လေ့လာမှုတွေအရ ခဏတာလောက် ပြည့်ပြည့်ဝဝ အိပ်စက်လိုက်ခြင်းက ကော်ဖီလေးတစ်ခွက်ထက် ပိုပြီး စွမ်းအင်တွေ ပေးပါတယ်။
10 . ဖုန်းပိတ်ပါ။

သင်အလွန်အကျူး ဖုန်းပွတ်မိနေပြီး အကျိုးဆက်အနေနဲ့ ပင်ပန်းနွမ်းနယ်မှုကို
ခံစားနေရပြီလား။ တကယ်လို့ သင် အိပ်ရာမဝင်ခင် တစ်နာရီ နှစ်နာရီလောက် အထိ
ဖုန်းနဲ့ ကွန်ပျုတာတွေ ကြည့်နေဦးမယ်ဆိုရင် အိပ်ချိန်ကွင်းဆက်မှာ
အနှောင့်အယှက်တွေ ဖြစ်လာနိုင်ပါတယ်။
သင့်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုတွေဟာ နှောင့်ယှက်ခံရပြီး သင့်ရဲ့
အိပ်စက်မှုကလည်း ငြိမ်းချမ်းနိုင်တော့မှာ မဟုတ်ပါဘူး။ ဒီလိုနဲ့
နောက်နေ့မနက်ခင်းမှာ သင့်ရဲ့ လုပ်ငန်းဆောင်တာတွေကလည်း
ယိုယွင်းအားနည်းလာပါပြီ။
ဒါကြောင့် မအိပ်ခင် ဖုန်းပဲ ပွတ်နေမယ့်အစား စာဖတ်ဖို့ဖြစ်ဖြစ် တရားမှတ်ဖို့ဖြစ်ဖြစ် ပြောင်းလဲလုပ်ဆောင်သင့်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ဖတ်ရှူလေ့လာရင်းနဲ့ အကျိုးတစ်စုံတစ်ရာ ရရှိနိုင်လိမ့်လို့ မျှော်လင့်မိပါတယ်ဗျာ။ နောက်ထပ်နောက်ထပ် အသစ်တွေကိုလည်း HapEye.Net မှာ အမြဲတမ်း ဖတ်ရှူနိုင်ပါပြီနော်။ ဝေဖန်သုံးသပ်မှုတွေကိုလည်း စောင့်မျှော်နေပါတယ်ဗျာ။ ဖတ်ရှူသူ မိတ်ဆွေအပေါင်း သာယာကြည်နူးဖွယ် တစ်နေ့တာတိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ခင်ဗျာ။
10 Ways to Keep Your Energy Level High at your Work
Swan Htet (HapEye.Net)
Source: BrightSide