ဆော့ခရတ္တိ၏ ကဗျာ့သဘော အယူအဆ (အပိုင်း - ၁)

ဆော့ခရတ္တိ၏ ကဗျာ့သဘော အယူအဆ (အပိုင်း – ၁)

ဆော့ခရတ္တိ၏ ကဗျာ့သဘော အယူအဆ (အပိုင်း – ၁) ~~~~
အိုင်အုန္န၊ ဟိုးမားကိုသာ သရုပ်ဖော်ရမည်ဖြစ်လျှင် မည်သည့် စာပြောဆရာမျှ ကျွန်ုပ်ကိုသာအောင် သရုပ်မဖော်နိုင်ကြပါ။ ကျွန်ုပ်ကို နာဖူးသူတိုင်းသည် ထိုသို့ပင် ဝန်ခံကြပါသည်။ အခြားသော စာဆိုတို့ကိုကား ဟိုးမားကို သရုပ်ဖော်နိုင်သကဲ့သို့ ကျွန်ုပ် သရုပ်မဖော်နိုင်ပါ။ ဤအချက်သည် ကျွန်ုပ်တို့အဖို့ ထူးနေပါ၏။ ထူးခြင်း၏ အကြောင်းရင်းသည် ရှိရာသည်။ ဆော့ခရတ္တိက ရှာပေးပါဘိ။

ဆော့ခရတ္တိ။    ။ အချင်း အိုင်အုန္န၊ အကြောင်းရင်းကို ကျွန်ုပ် သိပါ၏။ အကြောင်းရင်းဟု ကျွန်ုပ် ယူဆသော အချက်တို့ကို ကျွန်ုပ် ရှင်းပြမည်။ ဟိုးမားကို နှစ်သက်ဖွယ်ဖြစ်အောင် အသင် သရုပ်ဖော်နိုင်ခြင်းသည် အတတ်ပညာ နည်းနာကြောင့် မဟုတ်။ နှိုးဆော်အပ်သော စိတ်နှလုံးကြောင့် ဖြစ်သည်။ (ဝါ) စိတ်တက်ကြွမှု သဘောကြောင့် ဖြစ်သည်။ သံလိုက်ဟုခေါ်သော ကျောက်တစ်မျိုးတွင် သတ္တိထူးရှိသကဲ့သို့ အသင်၏ စိတ်ထဲသို့ဝင်၍ အသင်၏ စိတ်ကို တက်ကြွအောင် နှိုးဆော်တတ်သော သတ္တိသည် ရှိ၏။ ထိုကျောက်တစ်မျိုးသည် သံကွင်းတို့ကို ဆွဲငင်နိုင်သည်သာမက သံကွင်းအချင်းချင်း ဆွဲငင်နိုင်ကြအောင်လည်း ထိုသံကွင်းတို့အား သူ့သတ္တိကို ပေးတတ်သေးသည်။ ထို့ကြောင့် သံတိုသံစ သံကွင်းတို့သည် တစ်ခုကို တစ်ခု ကပ်တွယ်၍ ကြိုးသဖွယ် တန်းနေတတ်ကြသည်ကို အသင် မြင်ဖူးရာသည်။ ထိုသံအပေါင်းတို့သည် အချင်းချင်း ကပ်တွယ်နိုင်သောအားကို ထိုကျောက်တစ်မျိုးမှ ရကြခြင်း ဖြစ်သည်။ ထိုနည်းတူစွာ မျူဆနတ်သမီးသည် လူတို့၏ စိတ်သို့ဝင်၍ စိတ်တက်ကြွခြင်းကို ဖြစ်စေသည်။ ထို့နောက် စိတ်တက်ကြွခြင်း ဖြစ်နေကြသော သူတို့ထံမှ စိတ်တက်ကြွခြင်းကို တစ်ဆင့်ခံယူကြသော အခြားသူတို့သည် ကပ်တွယ် သွယ်တန်းလျက် ရှိလာကြရသည်။ အစပ်အဆိုကောင်းသော စာဆိုတို့သည် မိမိတို့၏ ကဗျာကောင်းများကို အတတ်ပညာနည်းနာတို့ဖြင့် အစပ်အဆိုပြုကြသည် မဟုတ်။ အပူးအဝင်ခံကြရ၍ စိတ်တက်ကြွမှုဖြစ်လာခြင်းဖြင့် စပ်ဆိုကြခြင်း ဖြစ်သည်။ ခေါ့ရိဗင့် နတ်ဝင်သည်တို့သည် နတ်ပွဲများတွင် အပူးအဝင် ခံကြရသောအခါ ကလား ခုန်လား၊ အော်လား ဟစ်လား ပြုကြသည်။ ထိုအခါ ထိုသူတို့၏ စိတ်သည် နဂိုစိတ် မဟုတ်ပြီ။ ထိုနည်းတူစွာ စာဆိုတို့၏ စိတ်သည်လည်း စာဆိုသောအခိုက်တွင် လည်းကောင်း၊ သုတိသာယာ သဒ္ဒါကာရန်တို့အစွမ်းကြောင့် အပူးအဝင်ခံရ၍ စိတ်တက်ကြွခြင်း ဖြစ်ေသော အခိုက်၌ လည်းကောင်း နဂိုစိတ်အခြေ၌ မရှိကြသော အခိုက်တွင် နွားနို့နှင့် ပျားရည်တို့ကို မြစ်ထဲမှ ခပ်ယူတတ်ကြသော ဗက်ချိနတ်ဝင်သည်တို့ကဲ့သို့ ဖြစ်သည်။ တေးကဗျာစာဆိုတို့၏ သဘောသည်လည်း ထိုအတိုင်းဖြစ်သည်။ တေးသံချိုတို့ကို ပျားရည်စိမ့်စမ်းမှ သယ်ခဲ့ကြဟန်ကို လည်းကောင်း၊ မျူဆနတ်သမီး၏ နတ်ဥယျာဉ် နတ်လျှိုမြောင်တို့မှ ရွေးယူ ဆွတ်ခူးခဲ့ကြဟန်ကို လည်းကောင်း၊ ပျားပိတုန်းကဲ့သို့ပင် ပန်းတကာ၌ လူးလာပျံသန်းခဲ့ကြဟန်ကို လည်းကောင်း ထိုစာဆိုများ ကိုယ်တိုင်ကပင် ဖွဲ့နွဲ့စပ်ဆိုခဲ့ကြသည် မဟုတ်ပါလော။ ထိုစကားသည် မှန်၏။ အဘယ်ကြောင့်ဆိုသော် စာဆို၌ ပေါ့ပါးသောတောင်ပံရှိသောကြောင့် လည်းကောင်း၊ မွန်မြတ်သော သဘောရှိသောကြောင့် လည်းကောင်း ဖြစ်၏။ အပူးအဝင် ခံရ၍ နဂိုစိတ်အခြေ၌ မရှိသောအခါမှာမှလျှင် စာဆိုသည် ဖန်တီးမှုကို ပြနိုင်၏။ ထိုအခါမျိုးတွင် လောက၌ အကယ် ရှိ မရှိ၊ အကယ် ဟုတ် မဟုတ် ဆင်ခြင်လိုသော အဆင်ခြင်ဉာဏ်သည် (ဝါ) ထိုသို့သော သမ္ပဇဉ်ဉာဏ်သည် စာဆို၌ မရှိပြီ။ အဆင်ခြင်ဉာဏ် (ဝါ) သမ္ပဇဉ်ဉာဏ် ရှိနေသေးလျှင်လည်း စိတ်တက်ကြွမှု စကားကို သူ မဆိုနိုင်ပြီ။

စာဆိုတို့သည် လူတို့၏ ကံသုံးပါးအမူအရာများ အကြောင်းကို စပ်ဆိုခဲ့ကြသည်ဖြစ်ရာ သူတို့၏ စာများသည် မွန်မြတ်ကြပါပေသည်။ သို့ရာတွင် စာဆိုတို့သည် အတတ်ပညာ နည်းနာတို့ဖြင့် စပ်ဆိုကြသည် မဟုတ်ချေ။ အသင်၌ ဟိုးမားကို သရုပ်ဖော်ခိုက် စိတ်တက်ကြွခြင်း ရှိနေသကဲ့သို့ စာဆိုတို့၌လည်း မျူဆနတ်သမီး၏ အလိုတော်အတိုင်း စိတ်တက်ကြွခြင်းသည် ရှိသည်။ စိတ်တက်ကြွခြင်း ရှိလာကြသောအခါ စာဆိုအများအပြား ရှိကြသည့်အနက် နတ်ပျော်ခြင်းသန်သူက နတ်ပျော်ချင်းကို ဖွဲ့လိမ့်မည်၊ မဟာကဗျာ သန်သူက မဟာကဗျာကို ဖွဲ့လိမ့်မည်၊ စာသရော် သန်သူက စာသရော်ကို ဖွဲ့လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် စာဆိုတို့သည် အတတ်ပညာ နည်းနာတို့ဖြင့် စပ်ဆိုကြသောကြောင့် မဟုတ်။ အဂ္ဂဘုံ၏ တန်ခိုးအာနုဘော်ဖြင့် စပ်ဆိုကြသောကြောင့် ဖြစ်သည်။ အကယ်၍ ထိုစာဆိုတို့သည် အတတ်ပညာ နည်းနာတို့ဖြင့် စပ်ဆိုခြင်းကို ပြုကြသည်ဖြစ်လျှင် အကြောင်းအရာ တစ်မျိုးတည်းကိုသာ မဟုတ် အကြောင်းအရာ အမျိုးမျိုးကို နှစ်သက်ဖွယ်ဖြစ်အောင်ချည်း စပ်ဆိုနိုင်ခြင်း ရှိမည်ဖြစ်သည်။ စင်စစ်မှာ အဂ္ဂဘုံသည် စာဆိုတို့၏ စိတ်မှ အဆင်ခြင်ဉာဏ်ကို (ဝါ) သမ္ပဇဉ်ဉာဏ်ကို သိမ်းယူ၍ ထိုစာဆိုတို့ကို ကိုယ်စားတော်အဖြစ် အသုံးပြုခြင်းသာ ဖြစ်သည်။ အပူးအဝင်ခံကြရသော အခိုက်၌ ပြောဟောကြသော နိမိတ်ဟောဆရာတို့၏ နိမိတ်ဟောစကားကို ကျွန်ုတို့ ကြားရသောအခါ ထိုစကားတို့သည် နိမိတ်ဟောဆရာ၏ စကားစင်စစ် မဟုတ်။ အဂ္ဂဘုံက နိမိတ်ဟောဆရာတို့ကို ပူးဝင်၍ နိမိတ်ဟောဆရာတို့၏ နှုတ်မှတဆင့် ပြောဟောနေခြင်းသာ ဖြစ်သည်ဟု ကျွန်ု်တို့ သိကြသည်မဟုတ်ပါလော။ ထိုသို့ သိကြရအောင် အဂ္ဂဘုံသည် နိမိတ်ဟောဆရာတို့ကို အသုံးပြုာကသည် မဟုတ်ပါလော။ စာဆိုတို့ကို အဂ္ဂဘုံက အသုံးပြုခြင်းသည်လည်း ထိုသဘောအတိုင်း ဖြစ်သည်။ စာဆို တိန္နိခသည် ထင်ရှားသော သာဓကတစ်ခု ဖြစ်သည်။ တိန္နိခသည် ကဗျာပေါင်း မြောက်မြားစွာကို ဖွဲ့ဆိုခဲ့သော်လည်း နတ်မင်းအပေါ်လို (သူရိယဒေဝ) ဂုဏ်တော်ဘွဲ့ ကဗျာတစ်ပုဒ်သာလျှင် ကျော်စော၍ ထိုကဗျာသာလျှင် လူတကာနှုတ်ဖျားသို့ ရောက်သည်။ ထို ကဗျာကို မျူဆနတ်သမီးက ဖန်တီးပေးသည်ဟု တိန္နိခကပင် ဆိုခဲ့ပြီ။ တိန္နိခ၏ အဆိုကို ထောက်ခြင်းအားဖြင့် ကျော်စောသော ကဗျာတို့သည် လူသားတို့၏ လက်ရာမဟုတ်၊ အဂ္ဂဘုံ၏ လက်ရာသာ ဖြစ်သည်ဟု လည်းကောင်း၊ စာဆိုတို့သည် အဂ္ဂဘုံ၏ အပူးအဝင်ခံကြရသူများဖြစ်၍ အဂ္ဂဘုံ၏ အာဘော်ကို သရုပ်ဖော်ကြရသူများ ဖြစ်သည်ဟု လည်းကောင်း ကျွန်ုပ်တို့ ယုံကြည်လက်ခံအောင် အဂ္ဂဘုံကပင် ညွှန်ပြခဲ့သည်ဟု ဆိုနိုင်သည် မဟုတ်ပါလော။ ထို့ပြင် အဂ္ဂဘုံသည် အညံ့ဆုံးဖြစ်သော စာဆို၏ နှုတ်ဖျားတွင် အကောင်းဆုံးဖြစ်သော တေးကဗျာတစ်ပုဒ်ကို ဖန်တီးပေးခဲ့ခြင်းအားဖြင့် သူ၏အလိုတော်ကို ကျွန်ုပ်တို့အား ပြခဲ့သည်ဟုလည်း ဆိုနိုင်သည် မဟုတ်ပါလော။ အချင်း အိုင်အုန္န၊ ကျွန်ုပ် ယခုဆိုသော စကားသည် မှားသလော။

အိုင်။    ။ ဆော့ခရတ္တိ၊ မမှားပါ။ အသင်၏ စကားကို ကြားရသော အကျွန်ုပ်သည် နှစ်ထောင်းအားရခြင်း ဖြစ်သည်။ အသင်၏ စကားအရ အနက်ကောက်လျှင် စာဆိုကောင်းတို့သည် အဂ္ဂဘုံ၏ အပူးအဝင်ခံကြရသူများ ဖြစ်သည့်အားလျော်ညီစွာ အဂ္ဂဘုံ၏ အာဘော်ကို ကဗျာဖြင့် သရုပ်ဖော်ကြသူများ ဖြစ်သည်ဟု ကျွန်ုပ် သဘောပေါက်လာပါသည်။

ဆော့။    ။ အိုင်အုန္န၊ ကျွန်ုပ် ဆိုပါဦးအံ့။ အသင်တို့ စာပြောဆရာဆိုသည်မှာလည်း စာဆိုတို့၏ အာဘော်ကို သရုပ်ဖော်သောသူပင် မဟုတ်ပါလော။

အိုင်။    ။ ဒုတိယမ္ပိ ဟုတ်ပြန်ပါသည်။

ဆော့။    ။ ထိုသို့ဖြစ်လျှင် အသင်တို့ စာပြောဆရာများသည် သရုပ်ဖော်သူများ၏ အာဘော်ကို ထပ်မံ၍ သရုပ်ဖော်ကြသော သရုပ်ဖော်သူများ (ဝါ) သရုပ်ဖော်သူများ၏ သရုပ်ဖော်သူများ ဖြစ်ကြသည်ဟု ဆိုရာသည်။

အိုင်။    ။ ဟုတ်လှပါပေသည်။ မှန်လှပါပေသည်။

ဆရာဇော်ဂျီ ဘာသာပြန်ဆိုထားသော ပလေးတိုးနိဒါန်း မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts