အမေ့ခံ အကျဉ်းသားများ

အမေ့ခံအကျဉ်းသားများ (အပိုင်း – ၁)

အမေ့ခံအကျဉ်းသားများ (အပိုင်း – ၁) ~~~~
ဝါးတားဂိတ်အရေးသည် အမှန်တော့ အခြားအရေးတစ်ခုကို ဖုံးကွယ်လိုက်သလို ဖြစ်သွားခဲ့ရသည်။ နစ်ဆင်၏ အိမ်ဖြူတော်စံ ကာလတွင် ကျော်မကောင်း ကြားမကောင်း အခြားအရေးတစ်ခု ရှိသေးသည်။ ထိုအရေးကို ၁၉၈၅ ခုနှစ်တိုင်အောင် အမေရိကန် ပြည်သူများ သတိမပြုခဲ့မိကြပေ။ ထိုနှစ်ပိုင်းလောက်တွင် နာမည်ကျော် Rambo: First Blood II ဆိုသည့် ရုပ်ရှင်ဇာတ်ကားကြီး ထွက်လာသည်။ ထိုဇာတ်ကားတွင် ဗီယက်နမ်စစ်ပြန် ဂျွန် ရမ်ဘိုသည် အရှေ့တောင်အာရှသို့ ပြန်လာပြီး အမေရိကန် အကျဉ်းသားများကို ပြန်လည်ကယ်တင်ပုံကို ဇာတ်လမ်းဆင်ကာ ရိုက်ကူးထားခြင်း ဖြစ်သည်။ အမေရိကန်တို့ ၁၉၇၃ ခုနှစ်တွင် ဗီယက်နမ်မှ ရှက်ဖွယ်လိလိ ဆုတ်ခွာခဲ့ရပြီးနောက် ၁၀ နှစ်ကျော်အကြာ အကျဉ်းသားများကို ပြန်လည် ကယ်ဆယ်ရခြင်း ဖြစ်သည်။ ထိုဇာတ်ကားတွင် ရမ်ဘိုသည် ဗီယက်နမ်တို့ကို တိုက်ခိုက်ရရုံမျှမက စီအိုင်အေ၊ အမေရိကန် ကာကွယ်ရေးဌာနနှင့် အမေရိကန် အစိုးရကိုပါ ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။ စစ် ပြီးဆုံးသွားသည့်နောက်တွင် ကွန်မြူနစ်တို့လက်အတွင်း ဖမ်းဆီးထားခြင်း ခံနေရသော အမေရိကန် အကျဉ်းသားများအရေးကို ဖုံးကွယ်ထားသည့် အမေရိကန် အစိုးရအပေါ် တိုက်ခိုက် ဝေဖန်လိုက်ခြင်းလည်း ဖြစ်သည်။

ရမ်ဘိုသည် ထိုအရေးကို ပထမဦးဆုံး ဖော်ထုတ်လိုက်သည့် ရုပ်ရှင်ဇာတ်ကားတော့ မဟုတ်ပေ။ Missing in Action ဆိုသည့် ဇာတ်ကားတွဲများလည်း ရှိသေးသည်။ အမေရိကန်နိုင်ငံတွင် ပျောက်ဆုံးနေသည့် အကျဉ်းသားများကို MIA များ ဟူ၍ ခေါ်ကြသည်။ စစ်အတွင်း ပျောက်ဆုံးနေသည့် စစ်သားများကို MIA စာရင်းတွင် သွင်းထားလိုက်ကြပြီး မည်သို့မျှ ဆက်လက် အရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြပုံများ ဖြစ်သည်။

၁၉၈၀ ပြည့်နှစ်များတွင် လူထုသဘောထား စစ်တမ်း ကောက်ယူခဲ့ရာ၌ ၇၃ မှ ၈၅ ရာခိုင်နှုန်းခန့်သော အမေရိကန်တို့သည် သူတို့အစိုးရက ဗီယက်နမ်တို့ လက်ထဲတွင် စစ်အကျဉ်းသားများကို ထားပစ်ခဲ့သည်ဟု ယုံကြည်နေကြောင်း တွေ့ရသည်။ အစိုးရက ထိုအချက်ကို ငြင်းဆိုခဲ့သည်။ ၁၉၇၈ ခုနှစ် ဂျင်မီကာတာ အစိုးရလက်ထက်တွင် စစ်အတွင်း ပျောက်ဆုံး သို့မဟုတ် သေဆုံး အကျဉ်းသားစာရင်းများကို တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသူတို့သည် မည်သို့မျှ အိမ်ပြန်လာနိုင်ကြတော့မည် မဟုတ်ပေ။ သို့ဖြစ်ရာ အစိုးရက ပထမ မမှန်ဟု ပြောသည်၊ နောက်ပိုင်း အမှန်ဟု ပြောသည်။ ဘယ်ဟာကို အမှန်ဟု ယုံကြည်ကြရမည်နည်း။

အမှန်ကို သိချင်လျှင် စစ်အတွင်းက ဘာတွေ လုပ်ခဲ့ကြောင်း ပြန်ပြောင်း ခြေရာခံကြည့်ရန်သာ ဖြစ်သည်။ အမေရိကန်တို့ ဗီယက်နမ်တွင် စစ်ဆင်ခြင်းသည် တုံကင်း ပင်လယ်ကွေ့ အရေးကြောင့် ဖြစ်ရသည်။ ထိုစဉ်က တုံကင်းပင်လယ်ကွေ့တွင် ရပ်နားထားသည့် အမေရိကန် စစ်သင်္ဘော US Maddox ကို ဗီယက်နမ် တိုက်ရေယာဉ် သုံးစင်းက ဝင်ရောက်တိုက်ခိုက်သည်ဟု အမေရိကန် အစိုးရက ကြေညာခဲ့သည်။ ထိုအရေးအခင်းနှင့် ပက်သက်ပြီး အတော်လေး အချေအတင် စကားပြောခဲ့ကြရသည်။ သို့သော် အမေရိကန် အထက်လွှတ်တော်က တုံကင်းပင်လယ်ကွေ့ အရေးယူမှုတွင် အနိုင်ရရှိသွားပြီး စစ်အသုံးစရိတ်များကိုပါ ထုတ်ယူသုံးစွဲခွင့် ရရှိသွားသည်။

တရားဝင် ခွင့်ပြုချက်အရ ဗီယက်နမ်ကိုသာ စစ်ပြုရန် ဖြစ်သော်လည်း အမေရိကန်တို့သည် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများကိုပါ လျှို့ဝှက်စွာ ဝင်ရောက်တိုက်ခိုက်နေကြသည်။ ဗီယက်နမ်စစ်မြေပြင်တွင် အမေရိကန်တို့သည် နည်းပညာအရ သာလွန်နေသည် မှန်သော်လည်း ကွန်ဂရက်သို့ ပြန်လည်တင်ပြသည့် စစ်ပွဲအတွင်း သေကျေနှင့် ဒဏ်ရာရစာရင်းများမှာ မမှန်မကန် လုပ်ကြံတင်ပြချက်များ ဖြစ်နေသည်ဟု ဆိုသည်။ ဗီယက်နမ်တွင် အမေရိကန်တို့ စစ်ရှုံးခဲ့ရသည့် အကြောင်းရင်းတွင် ထိုသို့ စစ်ရေးအရ တန်ဖိုးရှိလှသည့် သတင်းမှန်များကို လိမ်လည်တင်ပြခြင်းက အဓိက အကြောင်းရင်းတစ်ခု ဖြစ်ခဲ့ရသည်။ အမေရိကန်တို့၏ စစ်အတွင်း သေကျေနှင့် ဒဏ်ရာရ စာရင်းများသည် အကြံအဖန် စာရင်းအဖြစ် သံသယဝင်စရာ ကောင်းလှသည်။

ဗီယက်နမ် စစ်ပြန်များက စစ်အတွင်း အသတ်ခံရသည့် သူတို့ရဲဘော်ရဲဘက်စာရင်း (KIA-killed in action) နှင့် အကျဉ်းသားအဖြစ် ကျန်ရစ်ခဲ့သည့် စာရင်းကို တရားဝင် ထုတ်ပြန်ပေးရန် တောင်းဆိုခဲ့သော်လည်း ခိုင်လုံစွာ ထုတ်ပြန်ပေးနိုင်ခဲ့ခြင်း မရှိပေ။ အမေရိကန် အမျိုးသား လုံခြုံရေးအဖွဲ့ (NSA) တွင်ပင် တာဝန်ခံ ဆောင်ရွက်ပေးမည့် အရာရှိကို ခန့်အပ်ထားခြင်း မရှိသည်ကလည်း ထူးခြားချက် ဖြစ်နေသည်။ အမေရိကန်နိုင်ငံတွင် အလျှို့ဝှက်ဆုံး အဖွဲ့အစည်းတစ်ခုဖြစ်သည့် အမျိုးသား လုံခြုံရေးအဖွဲ့သည် ဗီယက်နမ်တို့၏ စစ်ရေးဆက်သွယ်မှုများလောက်ကိုသာ ခိုးနားထောင်သည့် အဖွဲ့ကြီးတစ်ခုအနေဖြင့် ရပ်တည်နေသည်မှာ အံ့သြဖွယ်ရာ ဖြစ်သည်။

အမေရိကန်လေတပ်သည် ကွန်မြူနစ်တို့ သိမ်းပိုက်ထားသည့် နယ်မြေများကို လေကြောင်းမှ တိုက်ခိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ထိုနယ်မြေကို သီးသန့်ခွဲခြားထားလိုက်သည်။ ဗီယက်နမ်တွင် လေယာဉ်မောင်းတို့သည် များသောအားဖြင့် ဟနွိုင်မြို့ဝန်းကျင်မှ ကျွမ်းကျင်သူများကို ခန့်အပ်ထားခြင်း ဖြစ်သည်။ သူတို့သည် လေယာဉ်မောင်း ကျွမ်းကျင်ကြပြီး အီလက်ထရောနစ်ပိုင်းတွင်လည်း ကျွမ်းကျင်သည့် အရာရှိများ ဖြစ်ကြသည်။ ဗီယက်နမ်စစ်ပွဲတွင် အသုံးပြုသည့် လေယာဉ်များမှာ အသစ်စက်စက် F-111 တိုက်လေယာဉ်များ ဖြစ်ကြပြီး အထူးကျွမ်းကျင်သူများ ဖြစ်မှသာလျှင် ကိုင်တွယ်မောင်းနှင်နိုင်ကြသည်။ ဗီယက်နမ်တွေက ကျွမ်းကျင်လာသည်နှင့် ထိုလေယာဉ်များကို ဆိုဗီယက်ယူနီယံသို့ မောင်းပြေးတော့သည်။

ဗီယက်နမ်စစ်ပွဲတွင် ပြင်းထန်စွာ ဒဏ်ရာရသူများကို ဆေးကုသမှု ခံယူရန် တရုတ်ပြည် ရှန်ဟိုင်းသို့ ပို့သည်။ နည်းဗျူဟာအရ အရေးကြီးသည့် တိုက်ပွဲများကို ဆင်နွှဲရန် ရှိသည့်အခါ ချွေးတပ်သားများကို အသုံးပြုကြရသည်။ တောင်နှင့်မြောက် ဗီယက်နမ်တို့သည် အမေရိကန်တို့ ရုပ်သိမ်းသွားသည့်တိုင်အောင် ဆက်လက် တိုက်ပွဲဆင်နွှဲနေကြသည်။ အသုံးပြုခြင်း ခံထားရသည့် ချွေးတပ်သားများ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း မခံရတော့ပေ။

ဗီယက်နမ်စစ်ပွဲ ကာလတစ်လျှောက်လုံးတွင် မြောက်ဗီယက်နမ်မှ ကွန်မြူနစ်တို့သည် စစ်အကျဉ်းသားများအား တန်ဖိုးရှိသောသူများအဖြစ် သဘောထားကြသည်။ လက်ကမ်းစာစောင်များတွင် အမေရိကန် လေသူရဲများကို ဖမ်းဆီးရမိပါက စက်ရုံများ၊ ဆေးရုံများ၊ ကျောင်းများနှင့် ငွေများ ရအောင် ပြန်လည်ဖန်တီးနိုင်သည် ဟူ၍ ဝါဒဖြန့် ရေးသားချက်များကို တွေ့ရသည်။

ထိုရေးသားချက်များသည် အဓိပ္ပာယ်မဲ့ ကြွားလုံးများ မဟုတ်ပေ။ ဗီယက်နမ်တို့သည် ၁၉၄၅ ခုနှစ်တွင် ပြင်သစ်တို့ကို တိုက်ထုတ်နိုင်ခဲ့သည်။ အမေရိကန် စုံစမ်းစစ်ဆေးရေးဌာန၏ အမေရိကန်စစ်ပွဲနှင့် ပက်သက်သည့် အစီရင်ခံစာတွင် ၁၉၆၅ မှ ၁၉၇၃ ခုနှစ်အတွင်း ပြင်သစ် စစ်အကျဉ်းသားများသည် ဗီယက်နမ်တွင် အရေအတွက်များစွာ ကျန်ရှိနေဆဲ ဖြစ်သည်ဟု သိရသည်။ ပြင်သစ်တို့သည် ဗီယက်နမ်နှင့် အပေးအယူ လုပ်ခဲ့ရသည်။ တစ်နှစ်ပြီး တစ်နှစ် ဒေါ်လာ သန်းနှင့်ချီ ပေးပြီးမှ အကျဉ်းသားများကို ပြန်လည်ရရှိသွားကြသည်။ ဗီယက်နမ်မှ နောက်ဆုံး ထွက်ခွာသွားသည့် ပြင်သစ်အကျဉ်းသားမှာ ၁၉၇၆ ခုနှစ်တွင်မှ ဖြစ်သည်။

၁၉၆၈ ခုနှစ်တွင် Tet ထိုးစစ်ကို ဆင်နွှဲပြီးနောက် ဗီယက်နမ်တွင် အမေရိကန်တို့ အောင်ပွဲမဆင်နိုင်တော့ကြောင်း သိမြင်လာခဲ့ကြသည်။ သမ္မတ လင်ဒန်ဂျွန်ဆင်ကလည်း သမ္မတအဖြစ် ဆက်လက် အရွေးမခံတော့ကြောင်း ကြေညာလိုက်သည်။ ဗီယက်နမ်မြောက်ပိုင်း ကွန်မြူနစ်တို့ကို ဗုံးသွားကြဲနေခြင်းကိုလည်း ရပ်ဆိုင်းလိုက်ပြီး ပြင်သစ်တွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းလိုက်သည်။

ဆွေးနွေးပွဲစကတည်းက ဗီယက်နမ်တို့သည် စစ်လျော်ကြေးကို ပြောတော့သည်။ အမေရိကန်တို့ကို သူတို့က စတိုက်ခြင်း မဟုတ်၊ အမေရိကန်တို့ကသာ သူတို့နိုင်ငံကို ဖွတ်ဖွတ်ညက်ကြေအောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တင်ညွှန့် ရေးသားသော ကမ္ဘာကျော်နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Open More Online

Related Posts