ဂျပန်မျိုးဖြုတ်နည်း (အပိုင်း - ၁)

ဂျပန်မျိုးဖြုတ်နည်း (အပိုင်း – ၂)

ဂျပန်မျိုးဖြုတ်နည်း (အပိုင်း – ၂) ~~~~
လေယာဉ်ပျံသံတို့မှာ သိမ့်သိမ့် မြည်၍လာသည်။ ငလျင် တော်လည်းသံနှင့် ခပ်ဆင်ဆင်။ မြေပြိုသည်ဆိုသည်မှာ ဒါမျိုးကို ခေါ်သည်ထင်ပါရဲ့။ အသံကြီးကိုက သေမင်းခေါ်သံကြီးနှင့် တူလိုက်လေ။ စဉ်းစား၍ ကောင်းတုန်း ဝရုန်း၊ ရွှီ၊ ဂလောင် ဂလောင်နှင့် မြည်သော ဗုံးများသည် သိကြားမင်းဝရဇိန်လက်နက်၏ စံချိန်ကိုချိုးရန် ကောင်းကင်မှ စိုက်ဆင်းလာသည်။ ငဘက သည်တစ်ခါမှပဲ ကိစ္စချောတော့မည်ဟု အောက်မေ့ပြီး မကြာမီ တောသားလယ်သမားဘဝမှ ဝဋ်ကျွတ်ရမည်မို့ ဝမ်းပင်လျှင် သာလိုက်ရတော့မလိုလို ဖြစ်သွားသေးသည်။ ဝုန်းဟူ၍ မြည်သော ဗုံးသံ ကြားပြန်တော့လည်း ကယောင်ကတမ်းဖြင့် သမ္ဗုဒ္ဓေကို ရွတ်မိသေးသည်။ ဝဋ်ကျွတ်ချင်၏ဆိုသော်လည်း သေရမှာတော့ အကြောက်သား။

ဝုန်းသံများ ဆင့်ကဲဆင့်ကဲ ကြားရ၏။ ကြားရတိုင်း ကြားရတိုင်း ငဘ သူ့ရင်ဘတ်ကို စမ်းကြည့်ပြီး စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နမ္မာနရတိ၊ ပရနမ္မိတ၊ ဝသဝတ္တီ ဟူသော နတ်ပြည်ခြောက်ထပ်တွင် ဘယ်အထပ် ရောက်နေပြီနည်း ဟု တောင်မြောက် မျှော်ကြည့်မိသေး၏။ ခေါင်း၊ ကိုယ်၊ ခြေ၊ လက် စသည်တို့ကို စမ်းသပ်ကြည့်ပြီးမှ ခန္ဓာကိုယ်နှင့် အသက် လင်မှတ်မှတ် သားမှတ်မှတ် ပေါင်းလျက် ရှိနေသေးသည်ဟု တွေ့ရမှ ကိုယ့်ကိုယ်ကို စိတ်ချမိသည်။

အသံလည်းစဲ၊ မီးခိုးလုံးများသည် တက်လာသည်။ မီးသတ်စက် ခေါင်းလောင်းသံများ ကြားရ၏။ တွင်းထဲမှ မထွက်ဝံ့သော်လည်း လေယာဉ်ပျံသံနှင့် ဝေး၍ အရဲစွန့်ကာ ခေါင်းပြူးကြည့်၏။ ဓာတ်သိဖြစ်သော (ဝါ) မသိတတ်၍ ကြောက်ရမှန်းမသိသော မြို့သူမြို့သားအချို့တို့မှာ ဗုံးကျင်းထဲမှ ထကာ ကိုယ့်လမ်းကိုယ်သွားလျက် ရှိကြ၏။ ငဘကလည်း ဖုတ်ဖက်ခါ၍ ထပြီးလျှင် “ကဲ-ကိုယ့်လူသင်္ဘောဆိပ်အရောက်သာ ပြေးကြစို့” ဟု အဖော်ကို တိုင်ပင်၏။ နှစ်ဦးသားသဘောတူညီချက်ဖြင့် ညောင်ပင်လေးဆိပ်သို့ နောက်ကြောင်းပြန်တုံ့လာကြ၏။ ညောင်ပင်လေးဆိပ်သို့ ရောက်သော် ဥသြဆွဲသံ ကြားရပြန်၍ ပုန်းအောင်းရန် ကျင်းရှာကြရပြန်၏။ အနီးအနားရှိ လူများက လေယာဉ်ပျံရန်မှ ကင်းလွတ်သည့် အချက်ပေးခြင်းမျှသာ ဖြစ်ကြောင်းကို ပြောပြတော့မှ ခပ်ရှက်ရှက်နှင့် စိတ်အေးရတော့သည်။

ထိုညအဖို့ ဘုန်းကြီးလမ်း ကဇော်ဆိုင်ရှေ့တွင် ကော်ရင်ဂျီ၊ အူရယာ စသော ကုလားများနှင့် ရောနှောကာ တစ်ည အိပ်ပြီးသော် မိုးလင်းသည့်အခါ ပထမဆုံးထွက်သော သင်္ဘောနှင့် ရန်ကုန်မြို့ကြီးမှ ခွာထွက်၍ လာခဲ့လေသည်။

အင်း၊ ဓနရှင်တို့ တည်ထောင်တဲ့လောက ဆိုတာ တယ်ကြောက်စရာ ကောင်းပါကလားကရို့။ စောစောက မေ့ပြီး ဓနရှင်အဖြစ် ဆုတောင်းမိသည်။ ဘုရားထံ ‘ဘွာ’ ခတ်လို့မှ ရပါဦးမလား။ မဟာကရုဏာတော် ကြီးမားသော ဘုရားရှင်သည် ငါလို တောသားမျိုး စကားမှားသည်ကို ဗွေမယူတန်ကောင်းပါဘူး။ သို့သော် လိုလိုမယ်မယ် ပြန်ပြီး ဆုတောင်းဦးမှပဲ။

ဆိပ်ကမ်းကခွာသော် ရွှေတောင်လို မို့မောက်၍ တင့်တယ်စွာ စံပယ်လျက်ရှိသော လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်ကြီးအား အဝေးမှ ထင်လင်းစွာ ဖူးမြော်ရလေ၏။ ထို့ကြောင့် သင်္ဘောပေါ်တွင် ရသမျှ နေရာကလေးကို ကုတ်ခြစ်ပြီး အရလုကာ ဘုရားရှင်အား ကန်တော့လိုက်လေ၏။ ပါးစပ်ကလည်း တိုးတိုးရွတ်၏။ သူ ရွတ်သည့် အချက်ကား ပထမဆုတောင်းကို ပြင်ဆင်ချက် အဆိုသွင်းခြင်းမျှသာ ဖြစ်သည်။ ထို ပြင်ဆင်ချက်မှာလည်း ဒုတိယမ္ပ ဆုတောင်းသည့်အချိန်မှစ၍ အတည်ပြုပါရန် ဘုရားရှင်အား လေးနက်စွာ ပန်ကြားခဲ့လေသည်။

လမ်းခရီးတွင် လေးငါးရက်မျှ ကြာသော် ဆိပ်ကြီးကုန်းရွာသို့ ရောက်သတည်း။

တောရွာတွင် ညနေ ခုနစ်နာရီ ကျော်လျှင် အချိန်မတော် ဟု ယူဆသည်။ ငဘ ရွာပြန်ရောက်ချိန်မှာ ညဆယ်နာရီသာသာ ဖြစ်ရကား အလွန်ပင် အချိန်မတော်တော့ပြီ။ ထို့ကြောင့် မိဖော့တို့ သားအမိ နေထိုင်ရာ ဥယျာဉ်သို့ အပြေးသွားလိုလှသော်လည်း လမ်းတွင် ကင်းသမားအသီးသီးတို့၏ အစစ်အဆေး အမေးအမြန်း ခံနေရ၍ တော်တော်နှင့် အိမ်မရောက်နိုင်။ အိမ်ရောက်ပြန်ပါကလည်း သည်အချိန်ရှိက မိဖော့တို့သားအမိ အိပ်မောကျနေကရောပေါ့။

ဟင်-နို့ပေမယ့် ဥယျာဉ်ဝင်းတံခါးက လှမ်းကြည့်လိုက်ပါ၊ အိမ်သားတွေ မအိပ်သေးတဲ့အပြင် မိန်းမတွေကလည်း များလှချည့်။ ဘာများ လုပ်နေကြတာတုန်း၊ မိဖော့မမာလို့ သား။ လင့်စိတ်နဲ့ မီးယပ်ဝမ်းများ ပြန်ဖြစ်နေလေရော့သလား။

မိန်းမတစ်တွေ ရယ်သံကြားလိုက်သည်။ မိဖော့အသံလည်း ရောနှော၍ ပါလာသည်။

အင်း … တန်တော့၊ ချက်ကြီးနဲ့ မိနီကိစ္စဟာ ခုမှပဲ ပြီးမြောက်တော့သည်။ နေရာကျလိုက်လေကရို့၊ သားသမီးတွေ စုစုဝေးဝေးနဲ့ ယခုလို အိမ်ပြန်ရောက်တော့လဲ လယ်သမားစည်းစိမ်ဟာ တယ်လို့မို့ အရသာထူးပါကလား။

ဝင်းတံခါးကို အသံမကြားအောင် အသာဆွဲဖွင့်၏။ ဝင်းတံခါးဆို၍ ကြီးကြီးကျယ်ကျယ် မမှတ်သင့်။ ခြံတိုင်နှစ်တိုင် အလယ်ဖောက်ပြီး ကြသောင်းဝါးလျှို၍ ထားလေရာ စင်စစ်တော့ သည်လိုတံခါးမျိုးကို အသံမကြားအောင် အသာဆွဲဖို့ မလို။ ငဘက သူ့မယားကို သူ ရောက်ထာ မသိနှင့်စေဘဲ ဗြုန်းစားကြီး အံ့အားသင့်အောင် လူယောင်ပြချင်သည့်ဇောက မွှန်သွား၍ အသာ ဆွဲဖွင့်ခြင်း ဖြစ်သည်၊ သူ့ အိမ်ဘက်ဆီကို လျှောက်လည်သည်တွင်ပင်လျှင် ခြေဖဝါးကို ဖော့၍နင်းသည်။ အိမ်နားရောက်ပြန်တော့ သောက်ရေအိုးစင် အနားမှာ မှောင်ခိုပြီး အရိပ်အဆင် ကြည့်သည်။

အပြင်မှာ မိန်းမလေးငါးယောက် ဆေးပေါ့လိပ်သောက်ရင်း သူများအတင်းတွေ ထိုင်ပြောနေကြသည်။ မိနီအိပ်ခန်းမှာ မီးထွန်းထားသည်။ ခေါင်းရင်းဘက်တွင် ကလေးများ စီ၍ အိပ်နေသည်။ စကားပြောနေသော မိန်းမအစုထဲမှ တစ်ယောက်မှ ကလေးတွေ ခြင်မကိုက်အောင် ယပ်ခတ်ပေးနေသည်။

အခန်းတွင်းမှ အသံတစ်ခု ထွက်လာသည်။

“ဘယ့်နှယ်ကွယ် ဒန့်ဒလွန်မြစ် သွေးသောက်လို့မှ မရဘူးဆိုတော့ ညည်းဟာက မဟုတ်သေးပါဘူး။ ကြောက်ကြောက်နဲ့ မသောက်ဘဲ ထားရော့သလားအေ့” ဟူသော မိန်းမကြီးတစ်ယောက်၏ အသံဖြစ်သည်။

အသံသဲ့သဲ့ကလေးက တစ်ခွန်းနှစ်ခွန်းပြောလိုက်သည်။ ငဘ ကောင်းစွာ မကြားရ။ သို့သော် မိနီအသံကို ကျက်မိသည်။

ငါ့သမီး ဘာများဖြစ်ပါလိမ့် ဟု စိတ်ထဲက ထင့်ခနဲ လေးသွားသည်။

“နင့်ချလဟဲ့၊ နင်းချ။ ဘယ့်နှယ်တော် လက်သည်လုပ်လာတာ အနှစ်သုံးဆယ်ရှိပြီ။ ဒီလိုအခက်အခဲမျိုးကျရင် ကျုပ်လုပ်ပေးလိုက်ထာချည့်ပဲမှတ်။”

ဘယ့်နှယ် …. ဘယ့်နှယ် …. အလို …. အလို …. ချက်ကြီးနှင့် နေရာကျမယ့်ကျတော့လဲ ဒီအခြေတောင်မှ ရောက်နေပြီလား။ မဟုတ်သေးပါဘူး။ ငါ ချွေးတပ်မှာ နေခဲ့တာ ခြောက်လမှ မပြည့်ဘဲ။

“အမယ် မိဖော့ရယ် ဂျပန်လက်ထက်ကျမှ နေရာမကျဘူးဆိုရင် ကျုပ် ဘာခံမလဲတော့။ ညည်းလဲ အသိသားပဲ။ ဟိုပင်စင်ရ စာသင့် သမီးကလေးတုန်းက သူ့အဖေက သဘောမတူဘူးဆိုလို့ ခုနစ်လကျော်ပြီ၊ မွေးမယ်ဆို မွေးနိုင်ပြီပေါ့။ နို့ပေမယ့် ကောင်မကလေးယောက်ျားက ဘုန်းကြီးလူထွက် အသက်လေးဆယ်ကျော်မို့ ရှက်သလေးဘာလေးနဲ့ ကျုပ်ကိုအလုပ်ခိုင်းဖို့ ခေါ်တာကလား။ သူတို့က စာသင်ဆိုတော့ မိဖော့တို့လို မဟုတ်ဘူးအေ့၊ ကိန်းကြီးခန်းကြီးနဲ့ ဉာဏ်အများတတ်သား၊ ဒါကြောင့် ကျုပ်က ပိုက်ဆံ လက်ထဲရောက်ပြီးမှ လိုက်တယ်။ အဲဒါနဲ့ ဟိုရောက်တော့ နေ့စေ့ လစေ့ကြီးနဲ့မို့ မလွယ်တာနှင့်ဘဲ ဇွတ်အတင်း နင်းချေတာကလား”

ငဘက သည်စကားတွေကို ဗမာစကားဖြစ်လျက်သားနှင့် ကောင်းစွာနားမလည်၊ နားဝေတိမ်တောင် ဖြစ်သွားသည်။ သည်အထဲမှာ စကားပြောသူက သူ့လေသံကို သိမ်းပြီး ခပ်တိုးတိုး ပြောသည်။

“အမယ်လေး၊ အပြင်ရောက်မှ “အဲ့” လို့ အော်လိုက်သေးသတော့။ ကျုပ်က ခေါင်းအုံးပေး အမှတ်တမဲ့ မသိချင်ယောင်ဆောင်ပြီး မှောက်ချထားလိုက်တယ်။ ပြီးတော့မှ ဟိုဟာ ဒီဟာ လုပ်သလိုလိုနဲ့ ကွမ်းတစ်ယာညက်လောက် အချိန်ဖြုန်းလိုက်တယ်ဆိုရင်ပဲ လှန်ကြည့်တော့ ကလေးအသက်မရှိဘူး။ သူကြီးအိမ်ရောက်တော့ ဟော …. အလွယ်ကလေးရယ်၊ ဖွားသေစာရင်းထဲမှာ ‘လျှောမွေး’ လို့ ထည့်လိုက်တာပေါ့အေ့”

အသံတိတ်၍သွားသည်။ ဆန်အိတ်ကို မနိုင့်တနိုင် ညှစ်၍ထမ်းနေသော အသံမျိုးကဲ့သို့ အိ-အိ-အိ-အိ ဟူသော အသံပျော့ကလေးတစ်ခု ပေါ်ထွက်လာသည်။ “အောင့်ထားသမီးရယ် အောင့်ထား” ဟု တစ်ယောက်က ဆိုသည်။ “ကူလဲ ညှစ်ပေးမှပေါ့အေ” ဟု တစ်ယောက်က ပြောသည်။

“အီး-အီး-အင့်-အမလေး-အမေရယ်၊ မခံနိုင်ဘူး။ ကျွန်မတော့ အသက်ထွက်တော့မယ်”

“အောင့်ထား လုံမလေး၊ အောင့်ထား၊ ဂျပန်သက်ပြင်းလှတယ်ဆိုပေမယ့် ငါနဲ့တွေ့ရင် မခံနိုင်ပါဘူး”

ငဘ ချွေးတပ်စခန်းမှာတုန်းက တစ်နေ့ကျရင် ဂျပန်ခံချရမည် ဟူသော လက်သိပ်ထိုးဝါဒဖြန့်ခြင်းကို ကြားဖူးသည်။ ဧကန္တ မိဖော့တို့သားအမိ ငါ့ဒုက္ခအကြောင်းတွေကို နတ်ကောင်းနတ်မြတ်များက အသိပေး၍ ဂျပန်ကို တော်လှန်ရေး လုပ်နေတာများလား ဟု ခေါင်ပြီးတွေးလိုက်သည်။

“အမလေး …. ဟီး …. ဟီး …. ဟီး …. ဟီး”

မိနီ မချိမဆန့် ညည်းလိုက်သံဖြစ်ကြောင်း ငဘ အသေအချာ သိသည်။ အသည်းနှလုံးများကို လှံစွပ်နှင့် ထောက်လိုက်သလို ရင်ထဲတွင် အောင့်သွားသည်။

“အဲ….အဲ….ဒါမှ….။ ခေါင်းလယ်လာပြီ၊ ထွက်ပြီဟေ့၊ ထွက်ပြီ။ မြန်မြန် အင်တုံယူခဲ့”

အပြင်က စကားပြောနေသော မိန်းမတွေ ရုတ်ရုတ်ရက်ရက် လှုပ်ရှားသွားသည်။ တစ်ဦးက အင်တုံ ဝင်ပို့သည်။ ဆေးသံကြောသံတွေ ကြားရသည်။ မိဖော့က တစ်တောင် မရှိတရှိ အထုပ်ကလေးကို အသာပိုက်ပြီး အခန်းမှ ထွက်လာသည်။

ငဘ မအောင့်နိုင်တော့ပြီ။ မှောင်ရိပ်ခိုရာမှ အလင်းသို့ ထွက်လာသည်။ ဖိနပ်ချွတ် လှေကားရင်းရှေ့တွင် ခုန်အဆင်း ရင်ဆိုင်တိုးမိသည်။

မိဖော့က အထုပ်ကလေး ပိုက်ပြီး တအောင့်လောက် မှင်သက်မိနေသည်။ “ဘယ်သူလဲ” ဟု ငေါက်ဆတ်ဆတ် မေးလိုက်သည်။ ဝမ်းဆွဲသည် အဒေါ်ကြီးနှင့် တကွ မိန်းမ လေးငါးယောက်ကလည်း မီးခွက်ကို လက်ကာ၍ အိမ်ရှေ့ဘက်သို့ လှမ်းကြည့်သည်။ ဝမ်းဆွဲသည် အဒေါ်ကြီးက လူဆိုးဆိုလျှင် အသင့်ဖြစ်စေအောင် အနီးရှိ မင်းတုပ်ကို မျက်စောင်းထိုးကြည့်သည်။

“ဟဲ့….ဒါ ဘယ်သူလဲ”

“ငါပါဟဲ့”

မိဖော့အကြောင်သား ငေးနေပြန်၏။

“ဟဲ့….ငါပါလို့ ဆိုနေတာ မိဖော့၊ လူ-သေသေချာချာ ကြည့်စမ်းပါဦး။”

“အမလေး….ဒီမှာ….တော်….တော် ဘယ်တုန်းက ရောက်သလဲ၊ သမီးရေ့ ညည်းအဖေတော့ ရောက်လာပြီဟဲ့ သမီးရဲ့ …. ဟဲဟဲ ….” ဟု ပြောရင်းဆိုရင်း ငိုသံပါလာပြီးလျှင် အထုပ်ကြီးကို ကဗျာကသီ ဝှက်၍ နောက်ဖေးတောတန်း ငှက်ပျောရုံထဲသို့ သုတ်သီး သုတ်ပြာနှင့် ပြေးဝင်လေ၏။ ငဘကား နားမလည်နိုင်သော အမူအရာဖြင့် ကျန်ရစ်ခဲ့၏။

ငဘသည် စိတ်မရှင်းသဖြင့် ရင်ကလည်း မလင်းချေ။ ဖြစ်သမျှ အကြောင်းကိစ္စတို့ကို နားမလည် မိန်းမဖော်တွေမှာ သိသူလည်းပါ၊ မသိသူလည်း ပါသဖြင့် ဘာကို ဘယ်လိုစပြီး ဘယ်သူ့မေးရမှန်း မသိသောကြောင့် ရင်လေးလေးနှင့်ပင်လျှင် အိမ်ပေါ်လှမ်း၍ တက်ခဲ့လေ၏။

မောင်ထင်ရေးသားသော ဂန္တဝင်မြောက် ပင်ကိုယ်ရေးဝတ္ထု စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

Open More Online

Related Posts