ဆော့ခရတ္တိ၏ ကဗျာ့သဘော အယူအဆ (အပိုင်း - ၂)

ဆော့ခရတ္တိ၏ ကဗျာ့သဘော အယူအဆ (အပိုင်း – ၂)

ဆော့ခရတ္တိ၏ ကဗျာ့သဘော အယူအဆ (အပိုင်း – ၂) ~~~~
ဆော့။    ။ 
အိုင်အုန္န၊ မေးချင်ပါသေးသည်။ မကွယ်မဝှက်ဖြေပါဘိ။ အသင်သည် ဟိုးမား၏ကဗျာမှ ဆန်းကြယ်သော စာပိုဒ်များကို သီဆိုသရုပ်ဖော်၍ ပရိသတ်၏ စိတ်ကို သိမ်းကျုံးယူငင်နေခိုက်တွင် အသင်သည် အသင်၏ နဂိုစိတ်အခြေ၌ ရှိပါသလော။ အသင်ကိုယ်တိုင် စိတ်ရောကိုယ်ပါ ဖြစ်နေသည် မဟုတ်ပါလော။ ပီတိဖြစ်နေသော အသင်၏စိတ်သည် အသင် သီဆိုသရုပ်ဖော်နေသော ကဗျာထဲက ဇာတ်လိုက်များသို့ လည်းကောင်း၊ ထိုကဗျာထဲကအရပ်များသို့ လည်းကောင်း ရောက်နေဘိသကဲ့သို့ အထင်ရှိ နေသည် မဟုတ်ပါလော။

အိုင်။    ။ အချင်း ဆော့ခရတ္တိ၊ ဟုတ်လှပါပေ၏။ မှန်လှပါပေ၏။ သနားစရာအခန်းကို ကျွန်ုပ် သီဆိုသရုပ်ဖော်နေသည့်အခါတွင် ကျွန်ုပ်၏ မျက်လုံး၌ မျက်ရည်တို့သည် ရွှဲလာကြသည်။ ထိတ်လန့်စရာအခန်းကို ကျွန်ုပ် သီဆိုသရုပ်ဖော်နေသည့်အခါတွင် ကျွန်ုပ်၏ ကိုယ်၌ ကြက်သီးမွေးညင်းထ၍ ရင်ခုန်မိသည်။

ဆော့။    ။ ထိုသို့တပြီးကား၊ အကြင်သူသည် ယဇ်ပူဇော်ပွဲ၌သော်လည်းကောင်း၊ ပွဲတော်၌သော်လည်းကောင်း ပန်းဇာဝတ်လုံကို ဆင်၍ ရွှေသရဖူကို ဆောင်း၍ နှစ်သောင်းမကသော မြို့မိမြို့ဖ ပရိသတ်ရှေ့တွင် မည်သူကမျှ လုယူခြင်းမပြုပါဘဲလျက် ငိုကြွေးမြည်တမ်းသော သရုပ်သဏ္ဍာန်ကိုသော်လည်းကောင်း၊ မည်သူကမျှ ရန်မူခြင်းမပြုပါဘဲလျက် ထိတ်လန့်သော သရုပ်သဏ္ဍာန်ကိုသော်လည်းကောင်း ပြု၏။ ထိုသူသည် သူ့နကို စိတ်အခြေ၌ ရှိပါသလော။

အိုင်။    ။ ထိုသူသည် သူ့နဂိုစိတ်အခြေ၌ ရှိသည်ဟု မဆိုသာပါ။

ဆော့။    ။ ထို့ပြင် ဟိုးမားကို အသင် သရုပ်ဖော်နေသည့်အခါတွင် ပရိသတ်အချို့သည် အညှို့ခံရဘိသကဲ့သို့ ဖြစ်နေကြသည်ကို အသင် သတိပြုမိပါသလော။

အိုင်။    ။ မကြာခဏ ကျွန်ုပ် သတိပြုမိပါ၏။ ဟိုးမားကို သရုပ်ဖော်နေသော အကျွန်ုပ်သည် ဇာတ်စင်မှနေ၍ ပရိသတ်ကို အကဲခတ်ကြည့်ပါသည်။ ထိုအခါ ပရိသတ်၏ မျက်စိမျက်နှာ၌ သနားသော အမူအရာ၊ အံ့သြသော အမူအရာ၊ တင်းမာသော အမူအရာတို့ကို ကျွန်ုပ် မြင်ဖူးလှပြီ။ ပရိသတ်၌ ထိုသို့သော အမူအရာဖြစ်ပေါ်လာအောင် အားထုတ်ရသော အလုပ်သည် ကျွန်ုပ်၏ အလုပ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပွဲခင်း၌ ပရိသတ် ငိုခဲ့ကြသည် ဖြစ်လျှင် ပွဲပြီး၍ ဆုလာဘ်ချီးမြှင့်ချိန်သို့ ရောက်သောအခါ ကျွန်ုပ်မှာ လာဘ်ရွှင်၍ ကျွန်ုပ် ရယ်ရသောကြောင့် ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ပွဲခင်း၌ ပရိသတ်က ကျွန်ုပ်ကို မနှစ်သက်၍ ကျွန်ုပ်ကို သရောခဲ့ကြသည် ဖြစ်လျှင် ကျွန်ုပ်မှာ လာဘ်တိတ်၍ ကျွန်ုပ် ငိုရသောကြောင့် ဖြစ်သည်။

ဆော့။    ။ သံလိုက်၏ သတ္တိကို ခံယူထားသော သံကွင်းအဆင့်ဆင့်တွင် ပရိသတ်သည် နောက်ဆုံးပိတ်သံကွင်း ဖြစ်သည်။ အသင်ကဲ့သို့သော စာပြောဆရာသည် လည်းကောင်း၊ သဘင်သည်သည် လည်းကောင်း အလယ်သံကွင်း ဖြစ်သည်။ စာဆိုသည် ခေါင်သံကွင်း ဖြစ်သည်။ အဂ္ဂဘုံသည် သူ၏သတ္တိကို ထိုသံကွင်းတို့အား အဆင့်ဆင့် ပေးကမ်းလျက် မိမိ အလိုတော်ရှိရာဘက်သို့ လူတို့၏စိတ်ကို ယိမ်းထိုးလှုပ်ရှားအောင် ပြုခြင်းဖြစ်သည်။ ဤသို့ဖြင့် မျူဆနတ်သမီး၌ တွယ်ကပ်နေကြသော သံကွင်းများတွင် ကချေသည်တို့သည် လည်းကောင်း၊ သီချင်းသံပြိုင် အဆိုကြီး အဆိုငယ်တို့သည် လည်းကောင်း သံလိုက်၌ တွယ်ကပ်လျက် သံကွင်းတို့ကဲ့သို့ တွဲရရွဲ ဖြစ်နေကြရသည်။ ထို့ပြင် စာဆိုတိုင်းသည် သူ ကိုးကွယ်သော မျူဆနတ်သမီး တစ်ပါးပါး၌ ငင်လျက် ချိတ်လျက် ရှိသည်ချည်းသာ ဖြစ်သည်။ ထိုသို့ ဖြစ်သည်ကိုပင် ထိုနတ်သမီး၏ အပူးအဝင်ကို ခံရပြီဟု ဆိုကြသည်။ ထို့နောက် စာဆိုတည်း ဟူသော ခေါင်သံကွင်း၌ အခြားသောသူတို့သည် ငင်လျက်ချိတ်လျက် ရှိလာကြရသည်။ များလှစွာသော သူတို့သည် ဟိုးမားတည်း ဟူသော သံကွင်း၌ ငင်လျက် ချိတ်လျက် ဟိုးမား၏ အပူးအဝင်ကို ခံကြရသည်။ ထိုသူတို့အနက် အသင် အိုင်အုန္နသည် တစ်ဦးဖြစ်၍ ဟိုးမား၏ အပူးအဝင်ကို ခံရသူဖြစ်သည်။ အသင်သည် အခြားသော စာဆိုတို့ကို နာသောအခါ အိပ်ပျော်ခြင်းသို့ ရောက်၍ ဟိုးမားကို နာသောအခါ နိုးလာ၍၊ စိတ်တက်ကြွခြင်းဖြစ်လာ၍ အသင့်မှာ ပြောစရာရှိလာသည်။ ထိုသို့ဖြစ်လာခြင်းသည် အတတ်ပညာနည်းနာကြောင့် မဟုတ် (ဝါ) ဟိုးမား၏ ကဗျာကို သိသော အသင်၏ အသိကြောင့် မဟုတ်။ အသင် အပူးအဝင် ခံရ၍ စိတ်တက်ကြွမှု ရှိလာခြင်းကြောင့် ဖြစ်သည်။ ခေါ့ရိဗင့် နတ်ဝင်သည်တို့သည် မိမိတို့ အပူးအဝင် ခံရကြောင်း ဖြစ်သော နတ်ပင့်တေးသံကို ကြားကြသောအခါ ထိုတေးသံကို ရုတ်ချည်းသိ၍ မည်သူ့ကိုမျှ အမှုမထားတော့ဘဲ ကခြင်းခုန်ခြင်း အော်ခြင်းဟစ်ခြင်း ပြုတတ်ကြသကဲ့သို့ ဖြစ်သည်။ အချင်း အိုင်အုန္န၊ ဟိုးမားကို အသင် ကြားသောအခါ အသင်၌ ပြောစရာ အမြောက်အမြားပေါ်လာ၍ အခြားသော စာဆိုတို့ကို ကြားသောအခါ အသင်၌ ပြောစရာမရှိ။ ထိုသို့ မရှိသည်မှာ အဘယ်ကြောင့်ပေနည်း ဟု ကျွန်ုပ်အား အသင် မေးခဲ့ပြီ။ ဟိုးမားကို ကောင်းစွာ သရုပ်ဖော်နိုင်သော အသင်၏ အစွမ်းသည် အတတ်ပညာ နည်းနာတို့မှ လာသည် မဟုတ်၊ အပူးအဝင် ခံရ၍ နှိုးဆော်အပ်သော စိတ်နှလုံးမှ လာခြင်းဖြစ်သည်။ (ဝါ) တက်ကြွခြင်းရှိသော စိတ်အခြေမှ လာခြင်းဖြစ်သည်။ ဤကား ကျွန်ုပ်၏ အဖြေတည်း။

ဆရာဇော်ဂျီ ဘာသာပြန်ဆိုထားသော ပလေးတိုးနိဒါန်း မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts