တိုင်းပြည့်ရန်သူ (အပိုင်း - ၂)

တိုင်းပြည့်ရန်သူ (အပိုင်း – ၂)

တိုင်းပြည့်ရန်သူ (အပိုင်း – ၂) ~~~~
“ကဲ-ကျုပ်တို့ကို တကယ်ယုံရင် တစ်ခု ဖွင့်ပြောမယ်နော်၊ ကျုပ်ဟာ တော်လှန်ရေးသမားပဲ”

ငဘက တော်လှန်ရေး ဟူသော ဝေါဟာရကို တောသားတို့၏ အဘိဓာန်တွင် ရှာမရသဖြင့် သခင်မျိုးညွှန့်က ဂျပန်ခံချဖို့ဟု အဓိပ္ပာယ်ပြန်လိုက်မှ သဘောပေါက်သွားသည်။

ဗမာ့စိတ်ဓာတ်သည် အလွန်ဆန်းသည်။ ဖိလျှင်ကြွ၍ နင်းလျှင် ဖားပြုပ်ကြီးများကဲ့သို့ ကုန်း၍ ထတတ်သည်။ ငဘ တစ်သက်တာမှာ ဂျပန်ကို သည်တစ်ခါပဲ တွေ့ဖူးသေးသည်။ တွေ့လိုက်သမျှ ကလေးမှာ ကြောက်စရာအတိသာ ဖြစ်၍ ငဘ တကယ်ကြောက်မိပါသည်။ မိမိ၌ မြက်ခုတ်ဓားသာ ရှိ၍ ဂျပန်၌ စက်သေနတ်ရှိသည်။ ဗမာပြည်၌ လူဦးရေ ဆယ့်နှစ်သန်းဆိုလဲ ရှိသည်ဟု ကြားဖူးပါသည်။ ဂျပန်ပြည်မှာ သန်းပေါင်းတစ်ထောင် ရှိသည်ဟု ချွေးတပ်က ‘မာ့စတာ’ များ ကြွားလုံးထုတ်တာတွေကိုလည်း ကြားဖူးနားဝ ရှိပါသည်။ ဗမာလည်းဖြစ်ပြန်၊ အားနည်းသော လယ်သမားလည်း ဖြစ်ပြန်ဆိုသောကြောင့် အန်တုသည့် အလုပ်မှာ လွယ်ကူသည် မဟုတ်ပါ။ ဗမာက သနားညှာတာ စိတ်ရှိသည်။ ဂျပန်က ကြမ်းကြုတ်ရက်စက်သည်။ တကယ်တမ်း စားချင်စားလျှင် ဘီလူးကသာ လူကို စားမည်။ လူက ဘီလူးကို စားရိုးထုံးစံ မရှိ။ ဘယ်ဘက်က စဉ်းစား စဉ်းစား ကိုယ်က တပန်းရှုံးနေသည်ချည်းပင် မဟုတ်လော။ သို့သော် ….
 
‘တကယ်ပြောနေတာလား’ ဟု ငဘက အေးအေး မေး၏။

‘သြော်….ဒီစကားမျိုးဟာ အပြက်ပြက် ပြောရတဲ့ စကားမျိုးမှ မဟုတ်ဘဲ။ ဗိုလ်ချုပ်က လပြည့်နေ့ကို ရက်ချိန်းပေးလိုက်ပြီဗျာ့။ အဲဒီနေ့မှာ တကယ့်ကို ထ ချကြတော့မှာ’

‘စိမ်လိုက်’ ဟု ငဘက အေးအေးပြောသည်။

ငဘတို့လို လူစားမျိုးကို စိတ်ပါအောင် ထူးထူးထွေထွေ ဆွယ်တရား ဟောနေလျှင် လေကုန်ရုံ ရှိမည်။ လက်တို့လိုက်လျှင် ပြီးမည့်အလုပ်ပင် ဖြစ်သည်။ သူတကာတို့ အစော်ကား အနှိပ်စက် အဖိစီးကို စိုးစဉ်းမျှ ခံလိုစိတ် မရှိသည့် လူမျိုးကို ဂျပန်တို့က ဖိထောင်းလိုက်သည်မှာ လူပါးမဝ၍ ဖြစ်သည်။ လိမ္မာရေးခြား ပါးနပ်သော လူမျိုးတို့ကမူ ဗမာပြည်၌ ငဘတို့ကို ချော့မြှောက်ပြီး ပေါင်းတတ်ကြသည်။ သည်လို လူပါးဝသူတို့နှင့် တွေ့ပြန်တော့လည်း ကိုယ့်အိမ်မှာ မရှိမဲ့ ရှိမဲ့ ကလေးနှင့်ပင် ကျွေးမွေး အိမ်တင်ထားရုံမက ကျွန်ခံပြီး သူ့အလုပ်ကို လုပ်ပေးတတ်သည်။ ထို့ကြောင့်လည်း ဧည့်ဝတ်ကျေပွန်သည့် လူမျိုး ဟု ကမ္ဘာမှာ ကျော်ကြားခဲ့လေသည် မဟုတ်လော။

ထိုအချိန် ထိုအခါမှစ၍ သခင်မျိုးညွှန့်နှင့် အလျှို အလျှို ချောင်းကြိုချောင်းကြားက ပေါ်ထွက်လာသော ငဘလယ်ကွင်းရှိ မျိုးချစ်ဗမာတို့သည် လျှို့ဝှက်သော စာချုပ်တစ်ခုကို ငဘ၏ တဲအိုပျက်၌ ချုပ်ဆိုလိုက်ကြ၏။

ထိုစာချုပ်ပါ စကားအရမှာ သခင်မျိုးညွှန့်သည် ဖိုးလှဟု တွင်စေ၊ တော်လှန်ရေးသမားတို့ကို ဂျပန် မေးမြန်းလျှင် ရေငုံနေစေ၊ ဂျပန်တို့ကို နိုင်လောက်လျှင် ဝါးရင်းတုတ်ဖြင့်လည်းကောင်း၊ နှစ်ဖက်ချွန်ဖြင့်လည်းကောင်း သုတ်သင်စေ ဟူ၍ သတတ်။

လမင်းသည် မိဖော့အပျိုဘဝက သနပ်ခါးဘဲကျား ရိုက်ထားသော မျက်နှာကြီးလို ဝိုင်းဝိုင်းစက်စက် လှပါပေသည်။ လောကကြီးသည်လည်း မိဖော့နှင့် ညားခါစ ညကလို သာသာယာယာ ရှိလှပါပေသည်။

မြစ်ကြီး ဧရာထဲမှ ပင်လယ်ရေပြင်သည်လည်း လရောင်အောက်တွင် လဲ့လဲ့ဝင်းလျက် ရှိပါပေသည်။

ငဘလှော်လာသော လှေကလေးလည်း တဟဲဟဲနှင့် မြန်လှသည်။ တက်ကုန် သုတ်လိုက်သည့်အခါများတွင် လှေနောက်မှ ရေပန်းထသည်မှာ ပိုးစုန်းကြူးများ အမျှင်တန်းလျက် လိုက်ပါလာသကဲ့သို့ ရှိသည်။

မြစ်ကြီးဘေး တစ်ဖက်တစ်ချက်ရှိ၊ လမုပင်၊ ကနစိုပင်၊ သမဲ့ပင်၊ ဗြူးပင်၊ ဗိုင်းဒေါင့်ပင်တို့မှာ ဆိတ်ငြိမ်စွာ မပျက်နေကြသည်။ တောင်လေလာမှသာလျှင် ဘယ်-ညာ ယိမ်း၍ စကားတီးတိုး ပြောကြသည်။ ကျယ်ကျယ်ပြောလျှင် ဂျပန်ကြားမှာ စိုး၍ ပေလောမသိ။ သက်မဲ့သစ်ပင်တို့သည်ပင်လျှင် ဤနည်းဖြင့် ငဘ၏ အလုပ်ကို တိုးတိုးတိတ်တိတ် ကျိတ်၍ အားပေးနေကြဘိသကဲ့သို့။

လှေဦးမှ သေနတ်ကဲ့သို့ မည်းမည်း အရာဝတ္ထုတစ်ခုကို ကိုင်ကာ အသာဝပ်၍ လူတစ်ယောက်လည်း လိုက်ပါလာသည်။ ချောင်းဦးကို တစ်ခုသို့ ရောက်သော် ထိုမထင်ရှားသော သဏ္ဍာန်က နောက်သို့လှည့်၍ ပြောသည်။

‘အဲဒီချောင်းဦးကို ထိပ်က ဗျိုက် တောပဲဗျို့’

‘ဟုတ်ပမလား သခင်မျိုး….အဲလေ ဖိုးလှရဲ့။ ဒါက သစ်တောကြိုးဝိုင်းပဲ၊ လူနေနိုင်တာမှ မဟုတ်ပဲ’

‘ခင်ဗျား မသိပါဘူး၊ အထဲမှာ လွှစင်ပျက် တစ်ခု ရှိတယ်၊ အဲဒါကို ကြိုးဝိုင်းနားမှာ နေတဲ့ ကရင်တွေပဲ သိတယ်၊ ကျုပ်တို့ ရဲဘော်တစ်တွေ ဆိုတာ ကရင်တွေပဲ၊ ဗမာထဲကတော့ ကျုပ်-ခင်ဗျားကို ခဏခဏမှာတဲ့ တပ်ကြပ်ကလေး ဗိုလ်ကြယ်နီနဲ့ ကျုပ်နဲ့ နှစ်ယောက်ထဲပဲ၊ ဝင်စမ်းဗျာ မြန်မြန်’

ငဘက ချောင်းဦးတိုဘက်သို့ ပဲ့လိုက်သည်။ နှစ်ချက်မျှ တက်ကို သုတ်လိုက်ပြီး လှေကို သူ့အရှိန်နှင့်သူ သွားစေ၍ အရှိန်သေသည်နှင့် တစ်ပြိုင်နက် လှေဦးကို ဗျိုက်ထဲ၌ မေးတင်ထားလိုက်သည်။

ကမ်းပေါ်မှ လူသုံးယောက်ပေါ်လာသည်။ ငဘ စိတ်ထဲမှာ ကောင်းကင်မှ ဘွားခနဲ ကျလာသလိုလို မြေထဲမှ ဗြုန်းခနဲ ပေါက်လာသလိုလို ဖြစ်သွားသည်။ ခေါင်းကြီးမိသည်။

ပေါ်လာသူတို့က သေနတ်ဖြင့် ချိန်၍ မေးသည်။ သခင်မျိုးညွှန့်က သူ့အမည်ရင်းကို ထုတ်ဖော်အော်လိုက်သည်။

“ကဲ….ရဲဘော်ရေ့ လွှစင်နားမှာ ကျုပ်တို့ ကရင်ရဲဘော်တွေ စောင့်နေတယ်။ အချိန်မရှိဘူး။ ကမ်းခြေကာကွယ်ရေးတပ်စခန်းက ဂျပန်တွေ လှေသမ္ဗန်တွေနဲ့ ပြေးဖို့ စီစဉ်နေပြီ။ အမြန်သာ တက်ခဲ့ပေတော့။ ဗိုလ်ကြယ်နီကတော့ ခင်ဗျားကို မိုးချုပ်ပြီဆိုကတည်းက မျှော်နေတာပဲ”

“သူက သန်းခေါင်လို့ ပြောတာကိုး” ဟု ဆို၍ သခင်မျိုးညွှန့်ကမ်းသို့ ခုန်တက်သည်။ ပြီးလျှင် ငဘဘက်သို့ လှည့်၍ “ကဲ….ကိုငဘ၊ ခင်ဗျား ဒီညလုပ်ဖို့က ဒါပဲ။ ဒီကတိုက်ပွဲဖြစ်ပြီး၊ ဂျပန်တွေ လိမ့်ဆင်းလာရင် ခင်ဗျားလယ်ကွင်းကို ဖြတ်သွားလိမ့်မယ်၊ မေးလားမြန်းလား လုပ်ရင် ရေငုံနေဖို့ သတိထပ်ပေးပါရစေ”

“ဒီအတွက်တော့ စိတ်ချပါ၊ တကယ်လို့ ကျုပ်တို့တစ်တွေကို ဒုက္ခပေးရင် ဘယ်လို အကြောင်းကြားရမလဲ”

“အဆက်ပြတ်သွားလိမ့်မယ် ထင်တယ်၊ ကရင်ရဲဘော်တွေ လာကောင်းလာမှာပဲ၊ အဲဒီတော့ ကြည့်လုပ်၊ ဒီကွင်းနားက ကရင်မှန်ရင် ကျုပ်တို့နဲ့ အဆက်ချည်းပဲ၊ ယုံယုံကြည်ကြည် တိုင်ပင်လုပ်ကြပေရော့”

“ကရင်ဆိုရင် ဖြစ်ပါ့မလား”

“ကရင်လူငယ်တွေက ကျုပ်တို့နဲ့ တသဘောချည်းပဲ၊ ဘာမျှ ယုံမှားစရာမရှိဘူး၊ ယခု ဒီညက စပြီး ကရင်နဲ့ ဗမာဟာ တစ်သွေးတည်း စည်းလုံးမိကြပြီ။ ကျုပ်တို့လူငယ်ချင်းတော့ တစ်သက်လုံး စည်းလုံးကြမှာပဲ။ နောက်ကျရင် ခင်ဗျားတို့ လူကြီးချင်းသဘောထားကြီးဖို့ လိုတော့တာပဲ”

“ကျုပ်တို့ တောသားတော့ လယ်သမားမှန်ရင် အမျိုးချည်းပေါ့ဗျာ”

“ကဲ….ကဲ….မမိဘဲ နေဦးမယ်။ ပြန်ပေရော့ ကျုပ်တို့ စိတ်ချမယ်နော်။”

“စိတ်ချ….စိတ်ချ”

ငဘက အိမ်အပြန်လမ်းမှာ စဉ်းစားမိသည်။ သူတို့ လူငယ်ချင်းကျတော့လဲ ဖြူးနေတာပဲ။ လူကြီးအချင်းချင်းကတော့ ရှေးဟောင်း နှောင်းဖြစ်တွေ စားမြုံ့ပြန်ပြီး၊ အနာရွက်စိမ်းမိတိုင်း အမှတ်ရနေတာပဲ။ လူငယ်ကတော့ ဘာအနာရွတ်မှ မရှိတော့ အနာဂတ်တွေ အနာဂတ်တွေ တွေးမနေဘူး။ သဘောဖြူအူစင်းချင်းကျတော့ အတည့်သားပဲ။

ဤသို့ စဉ်းစားရင်း လှော်လာရာ တဲသို့ ရောက်မှန်းမသိ ရောက်လာသည်။ ငဘက လှေကို သံကြိုးနှင့် သော့ခတ်ပြီး တဲပေါ်တက်သည်။ မိဖော့က ဆေးလိပ်ကြီး တစ်တောင်လောက်ကို ဖွာရင်း လင်ကို မျှော်နေသည်။ လင်တော်မောင် ပြန်လာတော့လည်း စိတ်မချ၍ မေးချင်သည်။ မေးလည်း မမေးဝံ့။

“ဒီမှာ….တော်တို့ဥစ္စာဟာတော်”

“အိုကွာ….မင်းကလဲ”

“ဟုတ်ပါဘူး၊ ဒီက….”

“အို….မင်းပြောချင်တာ ငါသိတယ်”

မိဖော့က ငဘ သည်လို သံဖြတ်နှင့် တိုတိုတောင်းတောင်း မပြောစဖူးပြော၍ ဝမ်းနည်းသွားသည်။ သူတို့ယောက်ျားတွေဟာ တော်တော်ခက်တာပဲ၊ တစ်စုံတစ်ခုကို စွဲလမ်းမိမှဖြင့် သားမယားတောင် မေ့တော့တာပဲ၊ နားမလည်တဲ့ လယ်သမားတွေဟာ ခံရတော့ သူတို့ခံရမှာ ဟူ၍ စိတ်ထဲတွင် ဗျစ်တောက်ဗျစ်တောက် ပြောနေသည်။ အသံထွက်အောင် ဖွင့်မပြောရဲ၊ ငဘ ငေါက်မှာ စိုးသည်။

ငဘက အိပ်ရာထဲ ဝင်သွားသည်။ မိဖော့က ဆေးလိပ်ပြာတွေကို လက်နှင့်တို့ကာ လျှာနှင့် လျက်ပြီး မီးခွက်မှုတ်သည်။ အိပ်ရာဝင်တော့မည် ဟု နောက်ဖေးသို့ ခဏထွက်သည်။

‘ဒိုင်း’ ဟူသော အသံတစ်ချက် ထွက်ပေါ်လာသည်။ မိဖော့က ‘အမလေး သေပါပြီတော့’ ဟု အော်၍ နောက်ဖေးရေစင်ပေါ် ဖင်ထိုင်လဲသည်။ ငဘက ကပျာကယာ ပြေးလာပြီး ‘ဟဲ….မိဖော့….အမေလေး ကိုယ်ကျိုးနဲပါပေါ့လား၊ ဘယ်ထိသွားသလဲ’ ဟု ဟဲသံကြီးပါအောင် မေးလိုက်သည်။ မိဖော့ကို ဆွဲထူသည်။ မိဖော့ လက်ပြင်ကြော စမ်းကြည့်သည်။ ဘာမျှ မတွေ့၍ ရင်ဘတ်စမ်းကြည့်သည်။

‘အို….’ ဟု မိဖော့က ခပ်ဆတ်ဆတ် ပြောသည်။ ‘ဖယ်စမ်းပါတော် ဒီလက်ကြီးက’ ဟု ဆိုရင်း ပြေကျသော ထဘီကို ပြင်ဝတ်သည်။

“နို့-မင်းဥစ္စာက ဒိုင်းသံလဲကြား၊ မင်းလဲ-လဲ။ သေပါပြီလို့လဲ အော်တော့ မှန်များ သွားလေသလားလို့ပေါ့ကွ”

“လန့်လဲတာတော့” ဟု မိဖော့က နှုတ်ခမ်းစူ၍ ပြောရင်း ထသည်။

‘ဒိုင်း’ ဟူသော အသံကြားရပြန်သည်။ သည်တစ်ခါ နှစ်ယောက်စလုံး လန့်၍ ဖက်ထားကြသည်။ ကလေးများ လန့်အော်ကြသည်။ မိနီလည်း နိုးလာ၍ ဘာဖြစ်သလဲ ဟု မေးသည်။ လင်မယားနှစ်ယောက်လည်း တဲထဲ ပြန်ဝင်ကြပြီးလျှင် ကလေးချော့သူက ချော့၊ ရေတိုက်သူက တိုက်နေစဉ် ဒက်ဒက်-ဒက်ဒက် အသံများ မိုးမွှန်အောင် ကြားရပြန်သည်။ အနီးအနားတဲမှ အူရယာများနှင့် လူငှားများပါ ငဘအိမ်သို့ စုလာသည်။

ငဘက စတင်၍ ချကုန်ပြီ၊ သို့သော် အတန်ငယ်ဝေးသဖြင့် ကြောက်ရန်မလိုပါ။ အားလုံး ကိုယ့်တဲကိုယ် ပြန်အိပ်နိုင်ပါသည်ဟု စစ်မြေပြင်ကို အုပ်ချုပ်သော ဗိုလ်ချုပ်ကြီးက မိမိနိုင်ပေါက် မြင်နေ၍ ငယ်သားတို့အား နှစ်သိမ့်သည့် လေသံမျိုးဖြင့် ပြောလိုက်သည်။

မောင်ထင်ရေးသားသော ဂန္တဝင်မြောက် ပင်ကိုယ်ရေးဝတ္ထု စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Open More Online

Related Posts