ဆက်ဆံရာဝယ် နည်းကောင်းတစ်မည် (အပိုင်း - ၆)

ဆက်ဆံရာဝယ် နည်းကောင်းတစ်မည် (အပိုင်း – ၆)

အန်ဒရူးကာနက်ဂျီသည် ချားရွှပ်ကို တစ်နှစ်လျှင် လစာငွေ ဒေါ်လာတစ်သန်း သို့မဟုတ် တစ်နေ့လျှင် ဒေါ်လာငွေ သုံးထောင်ခန့်ကို အဘယ်ကြောင့် ပေးသနည်း။

ဘာကြောင့်လဲ။

သံမဏိသူဌေး အန်ဒရူးကာနက်ဂျီသည် ချားရွှပ်ကို တစ်နှစ်လျှင် လစာငွေ ဒေါ်လာတစ်သန်း ပေးထားခြင်းမှာ ချားရွှပ်သည် ပဂေးတစ်ယောက်ဖြစ်၍လား။ မဟုတ်ပါ။ သို့မဟုတ်လျှင် သံမဏိလုပ်ငန်းကို အခြားသူများထက် ပို၍ နားလည်သောကြောင့်လား။ ဟာ မဟုတ်တာ။ သူ၏ လက်အောက်တွင် သူ့ထက် သံမဏိလုပ်ငန်းကို ပို၍တတ်သော အလုပ်သမား အမြောက်အမြားရှိသည်ဟု ချားရွှပ်က ကျွန်ုပ်ကို ပြောပြဖူး၏။

ဤလခကို သူရခြင်းသည် အခြားစွမ်းရည်သတ္တိတို့ထက် လူများနှင့် ဆက်ဆံရာတွင် အသုံးချနိုင်သော စွမ်းရည်သတ္တိအတွက် ဖြစ်သည်ဟု ရွှပ်က ပြောပြ၏။ လူများနှင့် မည်ကဲ့သို့ ဆက်ဆံသနည်းဟု သူ့ကို ကျွန်ုပ်က မေး၏။ သူ၏ ‘တစ်ခုကောင်း’ ကို သူပြောသည့်အတိုင်း အောက်တွင် ပြန်၍ ရေးပြလိုက်ပါ၏။ ထိုစကားများသည် အမေရိကန်ပြည်ရှိ အိမ်တိုင်း၊ ကျောင်းတိုင်း၊ ဆိုင်တိုင်း၊ အလုပ်ရုံတိုင်းတွင် တစ်ကမ္ဘာတည် ကြေးနီပြားပေါ်တွင် ထွင်းထားရန် ကောင်းသော စကားများ ဖြစ်လေသည်။ ဘရာဇီးနိုင်ငံတွင် မိုးမည်မျှ ရွာသည်။ လက်တင်ဘာသာ ကြိယာများသည် မည်သို့ပြောင်းလဲသည် စသောစာများကို အချိန်ကုန်ခံ၍ အလွတ်ကျက်နေမည့်အစား ကလေးများ အလွတ်ကျက်ရန် ကောင်းသော စကားများသည် ထိုစကားပင် ဖြစ်လေသည်။

ကျွန်ုပ်တို့ကိုယ်တိုင် ထိုအတိုင်း ကျင့်ဆောင်သွားနိုင်လျှင် ထိုစကားများသည် သင်နှင့် ကျွန်ုပ်တို့၏ နောင်ရေးကို ပြုပြင်ပြောင်းလဲပစ်မည့် စကားများဖြစ်၏။

အလုပ်သမားများကို စိတ်အားတက်ကြွလာအောင် ဆွပေးနိုင်သော ကျွန်ုပ်၏စွမ်းရည်သည် ကျွန်ုပ်ပိုင်ဆိုင်သမျှထဲတွင် အကြီးဆုံးသော အရည်အချင်းပင်ဖြစ်ပါသည်။ လူတစ်ယောက်အား သူ့တွင်ရှိသော အကောင်းဆုံးအစွမ်းကို ပြနိုင်အောင် မြှင့်တင်ပေးရန် နည်းလမ်းသည် ချီးမွမ်းခြင်းနှင့် အားပေးခြင်းပင် ဖြစ်ပါသည်။

‘အထက်လူကြီးများ၏ ပြစ်တင်ကြိမ်းမောင်းခြင်းလောက် လူတစ်ယောက်၏တက်လမ်းကို အညွှန့်တုံးအောင် လုပ်ပစ်သော အရာသည် မရှိ။ ကျွန်ုပ်သည် မည်သူ တစ်စုံတစ်ယောက်ကိုမျှ အပြစ်မတင်။ လူတစ်ယောက်ကို အလုပ်လုပ်ချင်အောင် ပြုလုပ်ပေးခြင်းကို ကျွန်ုပ်ယုံကြည်၏။ ထို့ကြောင့် ကျွန်ုပ်သည် ချီးမွမ်းရန် အချက်ကိုသာ ရှာ၍ အပြစ်ရှာရန်ကိုကား လွန်စွာ မုန်းတီးခဲ့၏။ ကျွန်ုပ် အကြိုက်နှင့် တွေ့လျှင် စိတ်ရောကိုယ်ပါ ထောက်ခံ၍ ချီးမွမ်းစရာတွေ့က ရက်ရက်ရောရော ချီးမွမ်းပစ်လိုက်၏’ ဟူ၍ ရွှပ်က ပြောပြလိုက်လေသည်။

ရွှပ်သည် ထိုကဲ့သို့ ကျင့်၏။ ယေဘုယျအားဖြင့် လူတို့သည် ဘယ်လိုကျင့်သလဲ။ ထိုစကားများနှင့် ပြောင်းပြန် ကျင့်ကြကုန်၏။ သူတို့အကြိုက်နှင့် မတွေ့လျှင် အစွမ်းကုန် ဆူပွက်ပစ်၍ အကြိုက်နှင့် တွေ့လျှင် ငြိမ်ငြိမ်နေတတ်၏။

‘ကမ္ဘာပေါ်ရှိ များစွာသော အရပ်ဒေသတို့တွင် ကျွန်ုပ်ပေါင်းသင်းဆက်ဆံခဲ့ရသော လူကြီးလူငယ်များနှင့် များစွာသော လူများထဲတွင် မည်မျှပင် ရာထူးဌာနန္တရ ကြီးမားသော သူပင် ဖြစ်စေကာမူ ကြိမ်းမောင်းဆူပူနေသည့် လက်အောက်တွင် လုပ်နေရသည်ထက် ထောက်ခံချီးမွမ်းလျက်ရှိသော လက်အောက်တွင် အလုပ်ကို ပို၍ကောင်းအောင်နှင့် ပို၍အားကြိုးမာန်တက် မလုပ်သောသူကို ယခုထက်တိုင် ရှာမတွေ့သေးပေ’ ဟူ၍ ရွှပ်က ပြောဖူး၏။

ထိုအချက်သည် အန်ဒရူးကာနက်ဂျီ၏ အံ့မခန်းအောင်မြင်ခြင်း၏ ထူးခြားသော အကြောင်းတစ်ရပ် ဖြစ်သည်ဟူ၍ ရွှပ်က ဖွင့်ဟ၍ ပြောပြလေ၏။ ကာနက်ဂျီသည် သူ၏ လုပ်ဖော်ကိုင်ဖက်များကို လူများရှေ့တွင်သော်လည်းကောင်း၊ နောက်ကွယ်တွင်သော်လည်းကောင်း ချီးမွမ်း၏။

သေပြီးသည့်နောက်ကာလတွင်ပင် ကာနက်ဂျီသည် သူ၏ အလုပ်သမားများကို ချီးမွမ်းလိုသောကြောင့် ‘ဤနေရာသည် မိမိထက်ပို၍ လိမ္မာရေးခြားရှိသော သူများကို မိမိအား ကူညီအောင် ဘယ်လိုလုပ်ရမည်ကို သိသူတစ်ဦး၏ သင်္ချိုင်းဖြစ်သည်’ ဟူ၍ ကျောက်ပြားတွင် ထွင်းကာ သင်္ချိုင်းဂူတွင် တပ်ဆင်ထား၏။

လူများကို သိမ်းသွင်းရာတွင် ရော့ဖဲလား၏ အောင်မြင်ခြင်း နည်းကောင်းတစ်ရပ်သည် လှိုက်လှိုက်လှဲလှဲ ချီးမွမ်းခြင်းပင် ဖြစ်လေသည်။ ဥပမာပြပါအံ့။ တစ်ခါတုန်းက ရော့ဖဲလား၏ အစုစပ်ပါတနာတစ်ဦးဖြစ်သော အက်ဒွပ်တီဘက်ဖို့ သည် တောင်အမေရိကတိုက်တွင် ရေနံတွင်းတစ်ခုကို အဝယ်မှားသောကြောင့် ကုမ္ပဏီသည် ဒေါ်လာတစ်သန်းခန့် ရှုံးခဲ့၏။ ထိုအခါ ရော့ဖဲလားသည် ဘက်ဖို့ကို အပြစ်တင်မည်ဆိုလျှင် တင်နိုင်၏။ သို့ရာတွင် ဘက်ဖို့သည် အစွမ်းကုန်ကြိုးစား၍ ဆောင်ရွက်သည်ကို ရော့ဖဲလား သိသည်နှင့် ဤကိစ္စကို မျက်စိမှိတ်လိုက်၏။ ထိုသို့လုပ်ခြင်းနှင့် မကျေနပ်သေး။ ရော့ဖဲလားသည် ဘက်ဖို့ကို ချီးမွမ်းရန် အချက်ကို တွေ့သည်နှင့် ဘက်ဖို့သည် သူသွင်းထားသော ငွေရင်း၏ ၆၀ ရာခိုင်နှုန်းကို ဆုံးရှုံး၍ မသွားလေအောင် တားထားနိုင်လေသည်ဟူ၍ ချီးကျူး၏။

‘ဒါ အတော်ကို နေရာကျတာပဲ၊ တို့တစ်တွေ အစဉ်ဒါလောက်ကောင်းအောင် မလုပ်ဖူးဘူး’ ဟူ၍ ရော့ဖဲလားက ပြောလေသည်။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts