ဆက်ဆံရာဝယ် နည်းကောင်းတစ်မည် (အပိုင်း - ၇)

ဆက်ဆံရာဝယ် နည်းကောင်းတစ်မည် (အပိုင်း – ၇)

ဘရော့ဒဝေး အရပ်တွင် လူများ၏အာရုံကို ညွှတ်နူးအောင် အသုံးတော်ခံလျက်ရှိသော အငြိမ့်ဆရာများထဲတွင် အထင်ရှားဆုံးသော အငြိမ့်ဆရာ ဇစ်ဂဖဲသည် အမေရိကန်သူများကို ဂုဏ်မြင့်အောင် အမွှမ်းတင်ပေးနိုင်သည့် စွမ်းရည်သတ္တိကြောင့် သူကိုယ်တိုင် ကျော်စောကိတ္တိ ရရှိလေသည်။ မည်သူ တစ်ဦးတစ်ယောက်ကမှ နှစ်ကြိမ် ပြန်၍မကြည့်ချင်သော အပေါစားမိန်းကလေးများကို မြင်သူတို့ ငေးလောက်အောင် တစ်မျိုးတစ်ဖုံ ပြုပြင်ပြီးလျှင် ဇာတ်စင်ပေါ်သို့ တင်ပေးလိုက်၏။ ချီးမွမ်းထောပနာပြုခြင်းနှင့် မိမိကိုယ်ကို စိတ်ချယုံကြည်လာအောင် ပြုလုပ်ပေးခြင်းတို့၏ တန်ဖိုးကို ကောင်းစွာ သိရှိသည်ဖြစ်ရာ သူ၏အငြိမ့်သမများပေါ်တွင် သူကိုယ်တိုင် မြတ်နိုးခြင်း၊ ညှာတာခြင်းတို့ဖြင့် သူတို့ကိုယ်သူတို့ ချောမွေ့လှပသော မိန်းမများဖြစ်သည်ဟု အထင်ရောက်စေလေသည်။ သူသည် လက်တွေ့သမားတစ်ဦး ဖြစ်သောကြောင့် တနင်္ဂနွေ တစ်ပတ်လျှင် အငြိမ့်သမားတစ်ဦးကို ဒေါ်လာငွေ ၃၀ ပေးရာမှ ဒေါ်လာငွေ ၁၇၅ အထိ မြှင့်တင်လိုက်၏။ မိန်းမသားများအပေါ်တွင် အထူးထောက်ထားသောသဘောဖြင့် ပွဲဦးထွက်ည၏ အစီအစဉ်တွင် ပါဝင်သော အငြိမ့်သမများထံသို့ ကြေးနန်းတစ်စောင် ပို့လေ့ရှိ၏။ အငြိမ့်သမတိုင်းသို့ နာမည်ကျော် အမေရိကန်နှင်းဆီပန်းများကိုလည်း လက်ဆောင်အဖြစ် ပို့စေ၏။

ကျွန်ုပ်သည် တစ်ခါက အစာမစားဘဲနေသည့် ကျင့်စဉ်ကို သဘောကျသောကြောင့် ခြောက်ရက် အစာမစားဘဲ နေခဲ့၏။ နှစ်ရက်မြောက်သောနေ့တွင် အနည်းငယ်ဆာ၍ ခြောက်ရက်မြောက်သောနေ့တွင် ထိုမျှလောက် မဆာလောင်တော့ချေ။ လူတို့သည် သူတို့၏ သားမယား သို့မဟုတ် လုပ်သားများအား ခြောက်ရက်လောက် ထမင်းမကျွေးဘဲ ထားမိလျှင် သူတို့ကိုယ်တိုင် ရာဇဝတ်မှုကြီးကို ကျူးလွန်မိသလောက် အထင်ရောက်ကြကြောင်း သင်တို့ သိရှိကြ၏။

သို့ရာတွင် ထမင်းကို တောင့်တသလောက် စိတ်ရောကိုယ်ပါ ချီးမွမ်းမှုကို လူတို့သည် သူတို့၏သားမယားကိုသော်လည်းကောင်း၊ လုပ်သားများကိုသော်လည်းကောင်း ခြောက်ရက်၊ တနင်္ဂနွေခြောက်ပတ်မျှမက အနှစ် ၆၀ တိုင်အောင်ပင် မပေးဘဲ ထားကြလေသည်။

အယ်ဖရက် လန့် ဆိုသူသည် ‘ရီယူနီယံ အင် ဗီယင်နာ’ ဆိုသော ပြဇာတ်တွင် ဇာတ်လိုက်ကြီးအဖြစ်ဖြင့် ဝင်ရောက်ကပြစဉ်က ‘ကျွန်ုပ်ကိုယ်ကို ကျွန်ုပ် အထင်ကြီးစေရန်အတွက် အားဖြည့်မှုလောက် မည်သည့်အရာကိုမျှ ကျွန်ုပ် မလို’ ဟူ၍ ထုတ်ဖော်ပြောဖူး၏။ ကျွန်ုပ်တို့သည် အစာအာဟာရကောင်းများဖြင့် ကျွန်ုပ်တို့၏ ကလေးများ မိတ်ဆွေသင်္ဂဟများနှင့် လုပ်သားများ၏ ကိုယ်ကာယများကို သန်မာထွားကျိုင်းအောင် ပြုလုပ်ပေးကြ၏။ သို့ရာတွင် သူတို့၏ ငယ်နေသော စိတ်များကို ကြီးထွားလာအောင် ဘယ်နှခါများ လုပ်ပေးဖူးသလဲ။ အားအင်ဖြည့်တင်းရန် ကျွန်ုပ်တို့သည် ထိုသူများအား အမဲသားကင်နှင့် အာလူးကို ပေးခဲ့ကြ၏။ သို့ရာတွင် အာရုဏ်တက်တွင် မြင်ရသော ကြယ်တာရာများသည် လူတို့၏ နှလုံးကို နှစ်သိမ့်စေသကဲ့သို့ သူတို့၏မှတ်ဉာဏ်တွင် နှစ်ပရိစ္ဆေဒပေါင်းများစွာ နှစ်သိမ့်စေနိုင်သည့် ထောက်ထားညှာတာသော ချီးမွမ်းစကားများကိုကား ထိုသူများကို ပေးရန် ကျွန်ုပ်တို့ မေ့နေကြလေသည်။

အချို့စာဖတ်သူတို့က ‘ဒီမြှောက်လုံးပင့်လုံးတွေဟာ ရိုးနေပါပြီကွာ၊ ဒါတွေ ငါ စမ်းဖူးပါတယ်၊ လူနပ်လူပါးတွေကိုတော့ စမ်းလို့ မရပါဘူး’ ဟူ၍ ယခုလောက်ရှိလျှင် ပြောနေရော့မည်။

ဟုတ်ပါတယ်။ မြှောက်လုံးပင့်လုံးများနှင့် ပါးနပ်သော လူများအပေါ်တွင် စမ်း၍ မရပါ။ မြှောက်လုံးပင့်လုံးများကို ပြောသူများသည် စိတ်ထဲကပါ၍ ပြောသူများမဟုတ်။  ထိုသူတို့သည် ကိုယ်ကျိုးရှာသမားများသာ ဖြစ်ပါသည်။ မြှောက်လုံးပင့်လုံးသာမှန်လျှင် စမ်း၍မရသင့်ရုံသာမက များသောအားဖြင့် စမ်း၍မရသည်သာ များ၏။ အချို့သူများသည် အချီးမွမ်းခံချင်လွန်းသောကြောင့် ဘယ်လိုမြှောက်မြှောက် ဘယ်လိုပင့်ပင့် ငတ်ပြတ်နေသော လူတစ်ယောက်သည် မြက်နှင့်တီကိုပင် ဝါးစားသကဲ့သို့ မြှောက်သမျှ ပင့်သမျှကို ကြိုက်သည်ကား မှန်၏။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts