ဆက်ဆံရာဝယ် နည်းကောင်းတစ်မည် (အပိုင်း - ၅)

ဆက်ဆံရာဝယ် နည်းကောင်းတစ်မည် (အပိုင်း – ၅)

ဤလူများသည် အဘယ်ကြောင့် ရူးသွပ်သွားရသနည်း။

ထိုမေးခွန်းကို ကျွန်ုပ်တို့၏ နာမည်အကြီးဆုံး စိတ္တဇဆေးရုံတစ်ရုံ၏ ဆရာဝန်ကြီးတစ်ဦးအား ကျွန်ုပ်ကိုယ်တိုင် မေးမြန်းဖူး၏။ ရူးသွပ်သော ဝေဒနာဘက်တွင် အထူးကျွမ်းကျင်သောကြောင့် အလွန်ရနိုင်ခဲသော ဂုဏ်ထူးဘွဲ့ထူးကြီးများကို ရရှိထားသော ထိုဆရာဝန်ကြီးကိုယ်တိုင်ကပင်လျှင် ဤမေးခွန်းမျိုးကို မဖြေနိုင်ပါဟု ရိုးရိုးဖွင့်ပြောဖူး၏။ မည်သူမျှလည်း အသေအချာသိမည် မဟုတ်။ သို့ရာတွင် ရူးသွပ်သွားသော လူတို့သည် မရူးသွပ်မီက မခံစားရရှာသော မိမိကိုယ်ကို မိမိ အထင်ကြီးသောစိတ်ကို ရူးသွပ်သောအခါမှ ခံစားကြရလေသည်ဟု ထိုဆရာကြီးက ပြောပြဖူးလေသည်။ ထို့နောက် ဆရာကြီးသည် ကျွန်ုပ်အား အောက်ပါအဖြစ်အပျက်ကို ပြောပြလိုက်လေသည်။

‘ကျွန်ုပ်ထံတွင် လင်ယူမှားတဲ့မိန်းမ လူမမာတစ်ဦး ဆေးကုနေတာရှိတယ်၊ လင်ယူတဲ့အတွက် သူ့ကိုချစ်မယ့် လင်ရယ်၊ ရာဂငြိမ်းမှုရယ်၊ ကလေးရယ်၊ ဂုဏ်ရယ် သူမျှော်လင့်ခဲ့တယ်၊ သို့ပေမယ့် သူ့မျှော်လင့်ချက်တွေဟာ အကုန်လုံး လွင့်စင်ကုန်တာပဲ၊ သူ့ယောက်ျားက သူ့ကိုမချစ်၊ သူနဲ့တောင် ထမင်းလက်ဆုံမစား၊ သူ့လင်နေတဲ့ အပေါ်ထပ်ကို သွားပြီး သူကိုယ်တိုင် ထမင်းခူးခပ်ကျွေးရတယ်၊ သူ့မှာ ကလေးလည်းမရှိ၊ ဂုဏ်လည်းမရှိ ဒါနဲ့ သူရူးပါလေရော၊ သူ့စိတ်ကူးထဲမှာ သူ့လင်ကို သူကွာလိုက်ပြီး အပျိုဘဝက သူ့နာမည်ကို ပြန်ယူထားတယ်၊ ယခု သူ့ကိုယ်သူ အင်္ဂလိပ်မှူးမတ်တစ်ဦးနှင့် အိမ်ထောင်ပြုဘက်လို့ ယုံကြည်နေပြီး သူ့ကို လေဒီစမတ်လို့ အခေါ်ခိုင်းနေတယ်။

‘ကလေးကို ဘယ်လောက် လိုချင်နေသလဲဆိုရင် ညတိုင်း ကလေးတစ်ယောက်တစ်ယောက် မွေးနေတယ်လို့ သူထင်နေတယ်၊ သူ့အခန်းထဲကို ကျွန်ုပ်ဝင်သွားတိုင်း
‘ဆရာ မနေ့ညက ကျွန်မ ကလေးတစ်ယောက် မွေးတယ်ဟု ဆီးပြိးပြောတယ်’ ဟူ၍ ကျွန်ုအား ထိုဆရာဝန်ကြီးက ပြောပြလေသည်။

လူကောင်းပကတိဖြစ်စဉ်က သူ၏ မျှော်လင့်ချက်များသည် အားလုံးပျက်စီးခဲ့လေသည်။ သို့ရာတွင် ရူးသွပ်သောအခါမှ သူ၏ လိုအင်ဆန္ဒများအားလုံး ပြည့်ဝရခြင်းသည် ကြေကွဲဝမ်းနည်းဖွယ်ရာ ကောင်းသလား ကျွန်ုပ် မသိပါ။ သို့ရာတွင် သူ့ဆရာဝန်ကမူကား ‘ကျွန်ုပ် လက်ကို ဆန့်လိုက်ရုံဖြင့် သူရူးသွပ်တဲ့ ဝေဒနာကို ပျောက်စေနိုင်မည်ဆိုသော်လည်း ကျွန်ုပ်သည် ပျောက်အောင် မလုပ်ပေးလို၊ ယခုအတိုင်း သူသည် ပို၍ စိတ်ချမ်းသာသည်’ ဟု ကျွန်ုပ်အား ပြောလိုက်၏။

လူတစ်စုအနေနှင့် ပြောရလျှင် အရူးများသည် သင်နှင့် ကျွန်ုပ်တို့ထက် ပို၍ စိတ်ချမ်းသာကြသေး၏။ များစွာသော လူတို့သည် ရူးနေသည်ကို နှစ်ကြိုက်ကြ၏။ အဘယ့်ကြောင့် မနှစ်ခြိုက်ရမည်နည်း။ သူတို့၏ ခက်ခဲသော ပြဿနာများကို သူတို့ ဖြေကြခြင်းပင် ဖြစ်၏။ သူတို့သည် သင့်အား ဒေါ်လာတစ်သန်းတန် ချက်လက်မှတ်ကို ရေး၍သော်လည်း ပေးလိမ့်မည်။ အာဂါခန် မင်းသားကြီးထံသို့ မိတ်ဆက်စာ တစ်စောင်သော်လည်း ရေးပေးလိမ့်မည်။ သူတို့ နှစ်နှစ်ခြိုက်ခြိုက် အလိုရှိကြသော သူတို့ကိုယ်ကိုသူတို့ အထင်ကြီးနေသည့်ဆန္ဒကို ရူးသွပ်နေစဉ် သူတို့သည် ပြည့်ဝကြရလေသည်။

အကယ်၍ အချို့လူတို့သည် မိမိကိုယ်ကိုမိမိ အထင်ကြီးနေသော ဆန္ဒကို ပြည့်ဝရုံအတွက် ရူးသွပ်သွားသည့် ဘဝသို့ပင် ကူးပြောင်းရသည်ဟုဆိုလျှင် လူတို့အား သူတို့ အလိုရှိသော ဆန္ဒများကို မရူးသွပ်ရဘဲနှင့် ပြည့်ဝအောင် သင်နှင့် ကျွန်ုပ်တို့ လုပ်ပေးနိုင်ပါလျှင် အံ့သြ၍ မကုန်နိုင်သော ကိစ္စရပ်များကို ကျွန်ုပ်တို့သည် မည်မျှပြီးစီးအောင် လုပ်နိုင်မည်ကို တွေး၍ ကြည့်ကြပေတော့။

ကျွန်ုပ်သိရသလောက်မှာ လစာငွေအဖြစ်နှင့် တစ်နှစ်လျှင် ဒေါ်လာငွေတစ်သန်းရသော သူများသည် လူ့သမိုင်းတွင် နှစ်ယောက်သာ ရှိသေး၏။ ဝေါလတာ ခရိုက်ဇလာ နှင့် ချားရွှပ် တို့ ဖြစ်ကြသည်။

အန်ဒရူးကာနက်ဂျီသည် ချားရွှပ်ကို တစ်နှစ်လျှင် လစာငွေ ဒေါ်လာတစ်သန်း သို့မဟုတ် တစ်နေ့လျှင် ဒေါ်လာငွေ သုံးထောင်ခန့်ကို အဘယ်ကြောင့် ပေးသနည်း။

ဘာကြောင့်လဲ။

Related Posts