130

စိတ်ချမ်းသာလိုလျှင် ဤနည်းကို မမေ့သင့်

စိတ်ချမ်းသာလိုလျှင် ~~~ ဝေါ်လတာ ဒင်မရော့သည် အမေရိကန် သမ္မတရာထူးကိုပင် ဝင်ရောက်အရွေးခံဖူူးသူ နိုင်ငံကျော် စကားပြောသမားတစ်ဦးဖြစ်သည့် ဂျိမ်း ဂျီ ဗလိန်း၏ သမီးနှင့် အိမ်ထောင်ကျလေသည်။ သူတို့နှစ်ဦးသည် စကော့တလန်ပြည်ရှိ သူဌေးကြီး အန်ဒရူး ကာနက်ဂျီ၏ အိမ်တွင် တွေ့သည်အချိန်အခါမှစ၍ ယနေ့ထက်တိုင် ပျော်ရွှင်စွာ ပေါင်းသင်းလျက်ရှိကြ၏။

အဘယ့်ကြောင့် ဤကဲ့သို့ နေနိုင်ကြသနည်း။

‘မိမိနှင့် သင့်လျော်မည့် အိမ်ထောင်ဖက်ကို ဂရုစိုက်၍ ရွေးချယ်ခြင်းသည် ပထမအရေးကြီးဆုံး ဖြစ်၏။ ဒုတိယအရေးကြီးဆုံးမှာ အိမ်ထောင်ကျပြီးနောက် လင်မယားနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ရိုသေကိုင်းရှိုင်းခြင်းပင် ဖြစ်လေသည်။ သူစိမ်းတစ်ရံဆံများ ရိုသေကိုင်းရှိုင်းဘိသကဲ့သို့ မိမိ၏ လင်သားများအပေါ်တွင် မယားဖြစ်သူတို့က ရိုသေကိုင်းရှိုင်းခဲ့ပါလျှင် မည်မျှလောက် ကောင်းပေမည်နည်း။ နှုတ်ထွက်ကြမ်းတမ်းသော မိန်းမမျိုးကို မည်သည့်ယောက်ျားမဆို စွန့်၍ ပြေးမည်သတည်း’ ဟူ၍ မစ္စက် ဒင်မရော့က ထုတ်ဖော်ပြောဆိုဖူး၏။

ကိုယ်နှုတ်မယဉ်ကျေးမှုသည် အချစ်ကို ပျက်ပြယ်ရာ ပျက်ပြယ်ကြောင်း ဖြစ်၏။ ဤအကြောင်းကို လူတိုင်းလည်း သိ၏။ သို့ရာတွင် ကျွန်ုပ်တို့သည် မိမိတို့၏ ဆွေမျိုးသားချင်းများအပေါ်တွင် သူစိမ်းတစ်ရံဆံများအပေါ်မှာလောက် ရိုသေကိုင်းရှိုင်းခြင်း မရှိသည်မှာ ဆိုးရွားလှပေသည်။

ကြားဖူးသော စကားတစ်ရပ်ကို သူစိမ်းတစ်ရံဆံများတစ်ဦးဦးက ထပ်၍ပြောနေလျှင် ‘ဘယ်နှယ့်လဲ ဆရာ၊ ချေးဟောင်းကြီးကို ရေပြန်နှူးနေမလို့လား’ အစရှိသော စကားမျိုးဖြင့် ကျွန်ုပ်တို့သည် အနှောင့်အယှက်ပြုမည်မဟုတ်၊ ပြောသမျှကိုသာ ထိုင်၍ နားထောင်နေမည် ဖြစ်၏။ မိတ်ဆွေများ၏ စာများကိုလည်း သူတို့၏ အခွင့်မရဘဲ ကျွန်ုပ်တို့သည် ဖောက်၍ကြည့်မဟုတ်။ သူတို့၏ အတွင်းရေးများကိုလည်း နှိုက်နှိုက်ချွတ်ချွတ် မေးလားမြန်းလား လုပ်မည်မဟုတ်။

ကျွန်ုပ်တို့နှင့် အရင်းအချာဆုံးသော မိသားစုကိုသာ ဘာမဟုတ်သည့် အသေးအဖွဲကလေးကအစ ကျွန်ုပ်တို့သည် အနှောင့်အယှက် ပေးခဲ့ကြလေသည်။

ဒေါ်ရသီဒစ်သည် ဤအကြောင်းနှင့် စပ်လျဉ်း၍ ဘာများပြောစရာရှိသေးသည်ကို ကြည့်ကြဦးစို့။ ‘ကျွန်ုပ်တို့ကို စိတ်နာကြည်းအောင် ရုန့်ရင်းကြမ်းတမ်းသော စကားများကို ပြောပြီးလျှင် စော်ကားသူများမှာ အခြားသူများမဟုတ်၊ ကျွန်ုပ်တို့၏ အိမ်သားများသာလျှင် ဖြစ်၏။ ဤစကားသည် အံ့သြစရာကောင်းသလောက် မှန်၏။’

‘လှပသော ပန်းပွင့်များကို မြင်ရလျှင် စုတ်ချာနေသော ခြံစည်းရိုးကို သတိမရဘိသကဲ့သို့ ယဉ်ကျေးမှုဆိုသည်မှာ လူတစ်ယောက်၏ အပြစ်ကို မကြည့်ဘဲ အကောင်းကိုသာ ကြည့်ခြင်းဖြစ်လေသည်’ ဟူ၍ ဟင်နရီကလေးရစ်ဇနားက ထုတ်ဖော်ပြောဖူးလေသည်။

သင်၏ မော်တော်ကားအင်ဂျင်စက်တွင် စက်ဆီသည် အရေးကြီးဘိသကဲ့သို့ လင်နှင့်မယား ပေါင်းသင်းဆက်ဆံရာတွင်လည်း ယဉ်ကျေးမှုသည် အရေးကြီးလေသည်။

စာရေးဆရာကြီး အော်လီဗာ ဝင်ဒယ် ဟုမ်းသည် အိမ်သူအိမ်သားများကို မည်မျှညှာတာ ထောက်ထားသနည်းဆိုသော် သူတွင် စိတ်ညစ်စရာရှိနေလျှင် တစ်ယောက်တည်း ကြိတ်မှိတ်၍ ခံ၏။ စိတ်ညစ်နေကြောင်း သူ့အိမ်သူအိမ်သားများကိုပင် အသိမပေးချေ။

အော်လီဗာ ဝင်ဒယ် ဟုမ်း ကဲ့သို့ ဘယ်နှယောက်များ ကျင့်ကြံဖူးပါသလဲ။ အလုပ်ခွင်မှာ တစ်ခုခုမှားယွင်းခဲ့သော် လည်းကောင်း၊ ဝယ်သူတွေ လွတ်သွားခဲ့သော် လည်းကောင်း၊ အထက်လူကြီး၏ အကြိမ်းအမောင်းကို ခံရခဲ့သော်လည်းကောင်း အိမ်သူအိမ်သားများအပေါ်တွင် မဲ၍ ဆူပူတတ်ကြ၏။

ဟော်လန်ပြည်တွင် အိမ်တွင်းသို့ မဝင်မီ ဖိနပ်ချွတ်တွင် စီးလာသော ဖိနပ်များကို ချွတ်ထားခဲ့ရသည့် ထုံးစံရှိလေသည်။ ဤထုံးစံကိုယူ၍ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ စိတ်ညစ်စရာများကို ကျွန်ုပ်တို့၏ အိမ်တွင်းသို့ မဝင်မီ ဖိနပ်ချွတ်တွင် စွန့်ပစ်ခဲ့လျှင် မကောင်းပေဘူးလား။

စိတ်ပညာပါရဂူကြီးဖြစ်သော ဝီလျံဂျိမ်းသည် ‘ပုထုဇဉ်တို့၏ အကန်းတစ်ရပ် ခေါ်သည့် ဆောင်းပါးတစ်စောင်ကို ရေးဖူး၏။ ထိုဆောင်းပါးကို ဖတ်ဖြစ်အောင် ဖတ်ပါ။ ဖတ်ရကျိုးနပ်ပါလိမ့်မည်။ ထိုဆောင်းပါးထဲမှ စကားတစ်ရပ်ကို ကောက်နုတ်ဖော်ပြလိုက်ပါအံ့။

‘ပုထုဇဉ်တို့ မမြင်နိုင်သော အရာတစ်ခုသည်ကား အခြားမဟုတ်၊ မိမိတို့မှလွဲလျှင် ကျန်လူများနှင့် တိရစ္ဆာန်တို့စိတ်တွင် မည်သို့ဖြစ်သည်ကို မသိခြင်းပင် ဖြစ်လေသည်။’

မိမိတို့၏ ဖောက်သည်များကိုသော်လည်းကောင်း၊ မိမိတို့နှင့် စီးပွားဖက်များကိုသော်လည်းကောင်း ခပ်ထန်ထန်ကလေးပင် မပြောရဲသူတို့သည် မိမိတို့သားမယားများအပေါ်တွင်မူကား ဟိန်းလိုက်ဟောက်လိုက်နှင့် ပြုကျင့်တတ်ကြလေသည်။ သို့ရာတွင် သူတို့၏ စိတ်ချမ်းသာရေးတွင် စီးပွားရေးထက် အိမ်ထောင်ရေးက ပို၍အရေးကြီးကြောင်း ထိုလူများ မတွေးမိကြချေ။

သားမယားနှင့် စိတ်ချမ်းချမ်းသာသာ ပေါင်းသင်းနေထိုင်ရသော လူသာမန်တစ်ဦးသည် တစ်ကိုယ်တည်းနေရသော ပညာရှိကြီးထက် ပို၍ ပျော်ရွှင်၏။ ရုရှားဝတ္ထုရေးဆရာကြီး တူရဂေးညက်သည် တစ်ကမ္ဘာလုံး၏ ချီးကျူးခြင်းကို ခံရ၏။ သို့ရာတွင် ထိုစာရေးဆရာကြီးက ‘အကယ်၍သာ ကျွန်ုပ်သည် ညစာထမင်းစားရန် အိမ်ပြန်နောက်ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ ဂရုစိုက်မယ့် မိန်းမတစ်ယောက်ကိုသာ ရမယ်ဆိုရင် ကျွန်ုပ်၏စာအုပ်များနှင့် ကျွနု်ပ်၏ စာရေးတတ်သည့် ဉာဏ်တို့ကို စွန့်ပစ်ပါရဲ့’ ဟု ထုတ်ဖော် ပြောဆိုဖူးလေသည်။

အထက်တစ်နေရာတွင် ဒေါ်ရတီဒစ်က အိမ်ထောင်ဖက်များသည် တစ်ရာလျှင် ငါးဆယ်လောက် စိတ်မချမ်းမသာဖြစ်ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်ကို ဖတ်မိကြပေမည်။ သို့ရာတွင် ဒေါက်တာ ပေါ ပိုပီနိုး ဆိုသူကမူကား တစ်မျိုးပြောပြန်၏။ ဒေါက်တာပေါ၏ အလိုအရဆိုလျှင် ‘လူတစ်ယောက်သည် အခြားစီးပွားရေးများမှာထက် အိမ်ထောင်ပြုရာတွင် စိတ်ချမ်းသာရန် အခွင့်အလမ်း သာလေသည်။ ထောပတ်၊ သကြား၊ ကာဖီ၊ လက်ဖက်ခြောက် စသော ကုန်ခြောက်ရောင်းသော လူတစ်ရာလျှင် ၇၀ တို့သည် အရှုံးနှင့် တိုးနေကြသော်လည်း အိမ်ထောင်ဖက်  ၁၀၀ လျှင် ၇၀ တို့မှာ စိတ်ချမ်းသာရာ ရရှိနိုင်ပေသည်။

ဒေါ်ရသီဒစ်သည် ဤအကြောင်းနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ကောက်ချက်ချလေသည်။

‘အိမ်ထောင်ပြုတာနှင့် စာလိုက်လျှင် သေတာနှင့် မွေးတာသည် သာမညကိစ္စများသာ ဖြစ်လေသည်။’

‘ယောက်ျားများသည် သူတို့၏စီးပွားရေးတွင် တိုးတက်အောင် ပြုလုပ်သကဲ့သို့ သူတို့၏သားသမီးများနှင့် ပေါင်းသင်းဆက်ဆံရေးတွင် အဘယ့်ကြောင့် တိုးတက်ကောင်းမွန်အောင် မပြုလုပ်သည်ကို မိန်းမများသည် တွေးမရအောင် ဖြစ်ကြရသည်။’

‘အကယ်စင်စစ် ဒေါ်လာတစ်သန်းရအောင် ကြိုးစားခြင်းထက် မိမိတို့အိမ်ကို ချမ်းချမ်းသာသာရှိအောင် ကြိုးစားခြင်းက ပို၍ အရေးကြီးသော်လည်း လူတစ်ရာမှာ တစ်ယောက်မျှပင် ထိုကိစ္စကို ထိထိရောက်ရောက် မစဉ်းစားကြချေ။ မိမိတို့က တစ်သက်တာတွင် အရေးတကာ့ အရေးကြီးဆုံးသော ကိစ္စကြီးကိုမူကား ယောက်ျားများသည် ဖြစ်သလို လျစ်လျူရှုနေကြလေသည်။

‘မိန်းမများအား ချော့ခိုင်းလျှင် ဘာမဆို လုပ်ပေးတတ်ကြောင်း ယောက်ျားများ အသိပင်ဖြစ်၏။ ‘ငါ့မိန်းမဟာ အစီအမံ အအုပ်ချုပ် တယ်ကောင်းပါလား’ စသည့် မြှောက်လုံးပင့်လုံးကလေးများကို သုံး၍ မိန်းမများအား ခိုင်းချင်ရာ ခိုင်းနိုင်ကြောင်း ယောက်ျားများ ကောင်းစွာ သိကြ၏။

‘ဟေ့ မနှစ်က ခင်ဝတ်တဲ့ လုံချည်ကလေးဟာ ခင်နဲ့ သိပ်ကြည့်ကောင်းတာပဲ’ ဟု ပြောလျှင် ထိုလုံချည်ကို ခေတ်ဆန်းလုံချည်နှင့် လဲမည်မဟုတ်ကြောင်း ယောက်ျားများ အသိပင် ဖြစ်၏။’

‘ဤအချက်များကို ယောက်ျားဖြစ်သူသည် ကောင်းစွာ နားလည်ကြောင်း မိန်းမဖြစ်သူသည် သိ၏။ အဘယ့်ကြောင့်ဆိုသော် သူ့မိန်းမ ဘာကြိုက်တတ်သည်ကို သူသည် နေ့စဉ်နှင့်အမျှ မြင်တွေ့နေရသောကြောင့် ဖြစ်၏။ သို့ရာတွင် မိန်းမဖြစ်သူမှာ သူ့ကို အစွဲကြီးစွဲရတော့မလို၊ အမုန်းကြီးပဲ မုန်းရတော့မလို ဖြစ်လျက်ရှိ၏။ အကြောင်းမူကား ယောက်ျားဖြစ်သူက ခုပဲစိတ်ဆိုးအောင် လုပ်လိုက်၊ တော်တော်ကြာ ချော့သည့်သဘောဖြင့် အဝတ်အစားတွေ မော်တော်ကားတွေ ဝယ်ပေးလိုက်နှင့် ပြုလုပ်လျက်ရှိသောကြောင့်တည်း။ အကယ်၍သာ ယောက်ျားဖြစ်သူက အနည်းငယ် ဂရုစိုက်၍ သူ့မိန်းမ ကြိုက်သည့် မြှောက်လုံးပင့်လုံးကလေးများကို အခါအခွင့်ရတိုင်း သင့်သလို ပြောဆိုပေးနိုင်လျှင် ယခုကဲ့သို့ ပိုက်ဆံအကုန်ကျခံကာ အဝတ်ဝယ်ပေးရခြင်း၊ မော်တော်ကား ဝယ်ပေးရခြင်း အလုပ်မျိုးကို လုပ်ရတော့မည် မဟုတ်ပေ’

ထို့ကြောင့် အကြင်လင်နှင့်မယားတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာလိုပါလျှင် ရိုသေလေးစားပါ။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

# next post

Pleasure in wiki

Related Posts