လောဘ

လောဘ ရှိကိုရှိရမယ်

ဖွံ့ဖြိုးတိုးတက်လိုသူတွေဟာ လောဘ ရှိကိုရှိရမယ်။ တချို့ကလည်း လောဘ မရှိရဘူးလို့ ပြောတယ်။ ဒီတော့ လောဘ ဆိုတာ ဘာလဲဆိုတဲ့ အဓိပ္ပာယ်ကို အရင်ကြည့်ဖို့လိုတယ်။

မြန်မာအဘိဓာန်ရဲ့အဆိုအရ လောဘဆိုတာ လိုချင်မက်မောခြင်း၊ တပ်မက်ခြင်း။ (ပါ၊ လောဘ) လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ တကယ်လို့ လောဘဆိုတာ ဒီလို လိုချင်မက်မောခြင်း၊ တပ်မက်ခြင်းလောက်သာ ဆိုရင်တော့ လောဘဟာ ရှိကိုရှိရမှာ ဖြစ်တယ်။

လူ့ဘဝဆိုတာက လိုအပ်ချက်၊ တောင့်တမှုတွေနဲ့ ဖွဲ့စည်းထားတာသာ ဖြစ်တယ်။ အကြမ်းအားဖြင့် လိုအပ်မှုကို အင်္ဂလိပ်ဘာသာစကားဖြင့် Need လို့ ခေါ်ပါတယ်။ ခေတ်အဆက်ဆက်က ပညာရှင်တွေဟာ လူသားတွေမှာရှိတဲ့ Need တွေကို ခွဲခြမ်းစိတ်ဖြာပြီ လေ့လာခဲ့ကြတယ်။ လူသားတွေရဲ့ လိုအပ်မှု Need တွေကို အမျိုးအစားခွဲခြားမယ်ဆိုရင် (၅)မျိုး ခွဲခြားလို့ ရပါတယ်။ ဒီလိုအပ်မှုတွေကတော့ (၁)ကိုယ်ခန္ဓာအတွက်  အခြေခံလိုအပ်မှု၊ (၂)လုံခြုံရေး လိုအပ်မှု၊ (၃)ပိုင်ဆိုင်မှုနဲ့ ချစ်ခြင်းခံရမှု လိုအပ်မှု၊ (၄)သူတစ်ပါးရဲ့ လေးစားမှုကို ခံယူလိုတဲ့ လိုအပ်မှု နဲ့ (၅)မိမိရည်ရွယ်ရာကို ပြီးမြောက်အောင် လုပ်လိုတဲ့ လိုအပ်မှုတွေ ဖြစ်တယ်။

ကိုယ်ခန္ဓာအတွက် လိုအပ်ချက်ဆိုတာကတော့ အခြေခံအကျဆုံး လိုအပ်မှု ဖြစ်တယ်။ လူသားတစ်ဦးဟာ အသက်ရှင်သန်ဖို့ သောက်ရေလိုတယ်။ အစားအစာလိုတယ်။ အိပ်ဖို့လိုတယ်။ ဒါတွေကို ပြည့်စုံအောင် အရင်လုပ်ကြရမယ်။ ဒါတွေကို မလိုချင်တော့ဘူးဆိုရင် အသက်ရှင်စရာ အကြောင်းမရှိတော့ဘူး။ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစရာ မရှိတော့ဘူး။ ဒီအခြေခံအကျဆုံးဖြစ်တဲ့ ကိုယ်ခန္ဓာအတွက် လိုအပ်ချက်ပြည့်စုံသွားရင် နောက်တစ်မျိုး လိုလာပြန်တယ်။

နောက်တစ်ခုကတော့ လုံခြုံရေးလိုအပ်မှု ဖြစ်တယ်။ ဒါကတော့ သောက်ဖို့ရေရပြီ၊ စားဖို့ အစားအစာ ရပြီ၊ အိပ်ဖို့ နေရာရပြီ ဆိုတဲ့ အခြေခံလိုအပ်ချက်တွေ ပြည့်စုံပြီးသွားရင် နောက်တစ်ဆင့် လိုချင်လာတာက ရေဆိုရင်လည်း ရေသန့်သောက်ချင်လာမယ်။ အစားအသောက်ဆိုရင်လည်း အရည်အသွေးကောင်းကောင်းနဲ့ အမြဲစားဖို့ရှိမယ်။ အိပ်ဖို့ဆိုရင်လည်း လုံလုံခြုံခြုံ ဖြစ်ချင်မယ်။ ဒါတွေကို လိုလားတာပဲ ဖြစ်တယ်။

လုံလုံခြုံခြုံလေး နေလာကြရပြီဆိုရင် ပိုင်ဆိုင်လိုမှုနဲ့ ချစ်ခင်ခံရခြင်းလိုအပ်မှုတွေ ရှိလာပြန်တာပါပဲ။ ကိုယ့်နေရာကို ကိုယ်ပိုင်ဖြစ်ဖို့ လိုတယ်။ သူတစ်ပါးရဲ့ ချစ်ခင်ခြင်းကို ခံလိုလာပြန်ပါတယ်။

ကိုယ်က ပိုင်ဆိုင်မှုလည်း အတိုင်းအတာတစ်ခု ရှိနေပြီ။ ချစ်ခင်ခြင်းလည်း ခံနေရပြီဆိုရင် မပြီးပြန်ပါဘူး။ သူတစ်ပါးရဲ့ ရိုသေလေးစားခံရမှုကို လိုချင်မက်မောလာပြန်တာပါပဲ။ အသိုင်းအဝိုင်းရဲ့ အထင်ကြီးလေးစားမှုကို လိုလာပြန်တာပါပဲ။

သူတစ်ပါးက ကိုယ့်ကို ရိုသေလေးစားပြန်လာတော့လည်း မပြီးသေးပါဘူး။ မိမိယုံကြည်ရာကို ပြီးမြောက်အောင် ဆောင်ရွက်လိုတဲ့ လိုချင်မက်မောမှုက ရှိနေပြန်တာပါပဲ။

လူသားတို့ရဲ့ လိုချင်မက်မောမှုက မဆုံးပါဘူး။ ဒီလိုချင်မက်မောမှုကြောင့်ပဲ လူနေမှုအဆင့်အတန်းတွေ၊ အသိဉာဏ်တွေ၊ နည်းပညာတွေဟာ အရှိန်အဟုန်ပြင်းစွာ တိုးတက်လာခဲ့တာ ဖြစ်တယ်။ လူသားတွေဟာ လိုချင်မက်မောမှုတွေကြောင့် ကောင်းကင်ပေါ်မှာ ပျံနိုင်သလို၊ ရေအောက်မှာလည်း ငုတ်လျှိုးနိုင်သူတွေ ဖြစ်လာတယ်။ ဒါတွေကို နောက်ကြောင်းပြန်လို့ မရတော့ဘူး။ အရှိန်အဟုန်နဲ့ပဲ အရှေ့ကို ရွေ့နေတာ ဖြစ်တယ်။

ဒါပေမယ့် ဘာတွေကို ရှောင်ကြဉ်ရမလဲဆိုတော့. . .မတရားသော နည်းလမ်းဖြင့် သူတစ်ပါးကိုယ်ပိုင်ပစ္စည်းများကို လုယူရန်၊ အလွဲသုံးစားလုပ်ရန်၊ အလကား လိုချင်မက်မောသည့် စိတ်များကို အင်္ဂလိပ်ဘာသာစကားဖြင့် (Greed) လို့ ဆိုပါတယ်။ မြန်မာလို ပြောရင်တော့ မတော်လောဘလို့ပြောရင် ပိုကောင်းပါတယ်။ ဒီမတော်လောဘ Avarice ကို လုံးဝ ရှောင်ကြဉ်ရမယ်။ နောက်တစ်ခုက သူများပိုင်မြေ၊ အိမ်၊ ပစ္စည်းဥစ္စာ၊ သားမယား အစရှိသည်တို့ကို အာသာငမ်းငမ်း လိုချင်မှု (Covet) ကို လုံးဝ ရှောင်ကြဉ်ရမှာ ဖြစ်တယ်။

မလိုချင် မမက်မောသူတွေဟာ လူသားတွေရဲ့အသိုင်းအဝိုင်းမှာ နေလို့မရပါဘူး။ နေရင်လည်း အခြေခံလိုအပ်ချက်ဖြစ်တဲ့ သောက်ရေး၊ စားရေး၊ အိပ်ရေးတို့ထက် မြင့်မားတဲ့ အဆင့်တွေကို ဖြစ်လာဖို့ မလွယ်ဘူး။ အမြဲတစေ နိမ့်ပါးစွာနဲ့ပဲ နေထိုင်နေရမှာ ဖြစ်ယ်။ ဒါကြောင့် လူသားမှန်ရင် မိမိကိုယ်ခန္ဓာရဲ့ လိုအပ်ချက်တွေ၊ မိမိလုံခြုံရေးအတွက် လိုအပ်ချက်တွေ၊ ပိုင်ဆိုင်မှုတွေနဲ့ ချစ်ခင်ခံရမှု လိုအပ်ချက်တွေ၊ သူတစ်ပါး လေးစားခံရမှု လိုအပ်ချက်တွေနဲ့ မိမိ ပြီးမြောက်လိုတဲ့ လုပ်ငန်းများကို ပြင်းပြစွာ လောဘထားရမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

ခင်မောင်လွင်၏ လွတ်လပ်သောလူသားစာအုပ်မှ ကူးယူဖော်ပြသည်။

ဘဝနေနည်း

# Open More Online

Related Posts