စာတစ်အုပ်ကိုဘယ်လိုဖတ်သင့်သလဲ

စာတစ်အုပ်ကိုဘယ်လိုဖတ်သင့်သလဲ

ကျွန်တော်ရေးတဲ့ ‘သူတို့ဘာကြောင့် ကမ္ဘာကျော်တာလဲ’ စာအုပ်နဲ့ပတ်သက်ပြီး ကွန့်မန့်တွေမှာ တွေ့ရတာရယ်၊ ရင်းနှီးတဲ့လူငယ်တွေအပြောအရ ဒါလေးသတိထားမိတယ်။ တချို့မိဘတွေက သူတို့သားလေး ၈နှစ်အရွယ်၊ ၁၀ နှစ်အရွယ်လေးဟာ အဲဒီစာအုပ်ကို တစ်ထိုင်တည်း အပြီးဖတ်လိုက်တယ်တဲ့။ ရင်းနှီးတဲ့ ဘီအီးဘွဲ့ရ ကောင်မလေးတစ်ယောက်ကတော့ စာအုပ်ကို တစ်ပတ်ကြာအောင် ဖတ်ယူရတယ်တဲ့။ 

စာဖတ်တာ နှေးတာကိုမရှုံချလိုပါ။ ထို့နည်းတူ စာဖတ်တာ မြန်လို့လည်း ဂုဏ်ယူစရာ မဟုတ်ပါဘူး။ အဓိကကျတာက ဖတ်ပြီးတာကို မှတ်မိနေဖို့ အရေးကြီးပါတယ်။ ဒီထက် ပိုအရေးကြီးတာက စာအုပ်ထဲက အကြောင်းအရာဟာ မိမိကို ဘာအတွေးအခေါ်၊ ဘယ်လို အသိအမြင်တွေ ပေးလိုက်သလဲဆိုတာ ပိုင်းခြား သုံးသပ်ခြင်းပါပဲ။ အခန်းတစ်ခန်းကို ဖတ်ပြီးသွားတိုင်း အဲဒီအခန်းအပေါ် စဉ်းစားသုံးသပ်ဝေဖန်တဲ့ အကျင့်လေးလုပ်ပေးပါ။ 

ဖတ်ရုံသက်သက်မဟုတ်ပဲ မိမိရဲ့စဉ်းစားသုံးသပ်တဲ့ အတွေးတွေထည့်ပေးရင် ပိုပြီးမှတ်မိနေပါလိမ့်မယ်။ မိမိကဖတ်ပြီးရင် မေ့သွားပြီလို့ထင်ရပေမယ့် တကယ့်ကို စဉ်းစားသုံးသပ်ပြီး ဖတ်ခဲ့တာတွေက သင့်ရဲ့မသိစိတ်မှာ ဖျောက်ဖျက်မရအောင် စွဲမြဲစွာ မှတိမိနေပါလိမ့်မယ်။ တစ်ချိန်မှာကိစ္စတစ်ခုအတွက် ဆုံးဖြတ်ချက်ချဖို့ကြုံလာရင် ကိုယ်ဖတ်ခဲ့တဲ့ အကြောင်းအရာ (သို့မဟုတ်) အဖြေဟာ ခေါင်းထဲမှာ အလိုလိုပေါ်လာလိမ့်မယ်။ ဒါဟာ စာဖတ်ခြင်းရဲ့ အကြီးမားဆုံး အကျိုးကျေးဇူးပါ။ စာဖတ်သူနဲ့ စာမဖတ်သူတွေကို ကွာခြားသွားစေတဲ့ အချက်ပါ။ 

တကယ်လို့ အဲဒီလို အမြင်နဲ့စာတွေဖတ်ရင် ဘာဖြစ်လာမလဲ။ စာအုပ်တစ်အုပ်ကို ဖတ်ရင်းနဲ့ဘာအတွေးအမြင်၊ ဘာခံစားချက်မှ ဖြစ်ပေါ်မလာဘူး။ ဘာအကျိုးမှလဲ မရှိဘူးဆိုရင် အဲဒီစာအုပ်ကို လွှင့်သာပစ်လိုက်ပါ။ စာအုပ်ဖိုးနှမြောပြီး အိမ်ထဲမှာ သိမ်းမထားပါနဲ့။ သားသမီးတွေ ဖတ်မိရင် သူတို့ရဲ့ ကြည်လင်သန့်စင်တဲ့ စိတ်ကို အဆိပ်အတောက် ဖြစ်လာစေနိုင်လို့ပါ။ 

နောက်စာအုပ်ဖတ်ရင် အောက်ကအချက်အလက်ကို သတိပြုစေချင်ပါတယ်။ 

စာအုပ်တစ်အုပ်ကို ဝယ်ဖတ်လိုက်လို့ အဲဒီစာအုပ်ထဲက စာလေးတစ်ကြောင်း (သို့မဟုတ်) စာပိုဒ်လေးတစ်ခုဟာ မိမိဘဝကို ပြောင်းလဲတိုးတက်သွားစေနိုင်တယ်ဆိုရင် အဲဒီစာအုပ်ဖိုးကျေပါတယ် တဲ့။ 

ဗန်းမော်သိန်းဖေရေးသားထားသော မျှဝေလိုသောအတွေးများမှ ကူးယူဖော်ပြထားပါသည်။ 

OpenYourBusinessOnline

အတွေးအခေါ်

Related Posts