စကားပြောကောင်းဖြစ်ရန် နည်းတို (အပိုင်း - ၃)

စကားပြောကောင်းဖြစ်ရန် နည်းတို (အပိုင်း – ၃)

သာဓကပြပါအံ့။ နှစ်ပေါင်းအနည်းငယ်ခန့်က နယူးယောက် တယ်လီဖုန်းကုမ္ပဏီသည် အဆိုးဆုံးသော ဖောက်သည်တစ်ဦးနှင့် တွေ့ခဲ့ရဖူးလေ၏။ ထိုသူသည် အလွန်ဒေါသကြီး၍ တယ်လီဖုန်းပြောနေစဉ်မှာပင် တယ်လီဖုန်းကို ရိုက်ခွဲပစ်လိုက်မည်ဟု ကြိမ်းမောင်းဖူးလေသည်။ တယ်လီဖုန်းကုမ္ပဏီမှ တင်ပြသော စာရင်းသည် မှားသည်ဟုဆိုပြီးလျှင် တယ်လီဖုန်းခများကိုပင် မပေးဘဲနေလေသည်။ သတင်းစာများထဲတွင် ဆောင်းပါးအမျိုးမျိုး ရေးသား၍ တယ်လီဖုန်းကုမ္ပဏီကို ‘ထု’ ရုံနှင့် မကျေနပ်သေးဘဲ ‘ပြည်သူ့အကျိုးကို စောင့်ရှောက်သော ကော်မရှင်ထံသို့ တိုင်တန်းစာများကို ရေးသားပြီးလျှင် တယ်လီဖုန်းကုမ္ပဏီကို တရားရုံးတွင်လည်း အကြိမ်ကြိမ် တရားစွဲသေး၏။

နောက်ဆုံးတွင် ကုမ္ပဏီမှ အထူးပါးနပ်သူ ကိုယ်စားလှယ်တစ်ဦးကို ထို ‘လူဆူ’ နှင့် သွားရောက်တွေ့ဆုံရန် စေလွှတ်လိုက်၏။ ထိုလူဆူ၏ ဒေါသနှင့် ရန်တွေ့သမျှ စကားကို ကုမ္ပဏီ၏ကိုယ်စားလှယ်သည် ‘ဟုတ်ပါတယ်’ ဟူ၍သာ ပြောပြီးလျှင် ဇွဲကောင်းကောင်းနှင့် သည်းခံ၍ နားထောင်နေ၏။ ‘သူက ဒေါနှင့်မောနှင့် သုံးနာရီလောက် ဆူနေသည်ကို ကျွန်တော်လည်း ငြိမ်သက်စွာ နားထောင်နေပါသည်။ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံသောအခါ ရှေးအခါကကဲ့သို့ပင် နားထောင်၍ နေပြန်ပါသည်။ ကျွန်တော်သည် ထိုလူထံသို့ လေးကြိမ်တိုင်တိုင် သွားရောက်ခဲ့ရာ စတုတ္ထအကြိမ်တွင် သူတည်ထောင်ထားသော ‘တယ်လီဖုန်း အသုံးပြုသမားများ ကာကွယ်ရေးအသင်း’ တွင် ကျွန်တော့်ကိုလည်း အသင်းသားတစ်ဦးအဖြစ်နှင့် စာရင်းသွင်းထားပြီးဖြစ်သည်ကို ကျွန်တော်သိပါသည်။ ယခုထက်တိုင် ထိုအသင်းတွင် ကျွန်တော်သည် အသင်းသားတစ်ဦး ဖြစ်လျက်ရှိသေး၍ စတင်တည်ထောင်သော ထိုလူမှတစ်ပါး ကမ္ဘာပေါ်တွင် ဤအသင်း၏ တစ်ဦးတည်းသော အသင်းသားမှာ ကျွန်တော်ပင် ဖြစ်သည်ဟု သိရပါသည်။

‘ထိုသူနှင့် တွေ့ရှိသောအခါတိုင်း သူပြောသမျှစကားများကို ကောင်းစွာနားထောင်ပြီးလျှင် သူပြောသမျှအချက်များကို ထောက်ခံလျက် ရှိသောကြောင့် သူနှင့်ကျွန်တော်တို့မှာ အကျွမ်းတဝင် ဖြစ်လာကြပါသည်။ သူ့ထံသို့ တယ်လီဖုန်းကုမ္ပဏီမှ စေလွှတ်လိုက်သောသူများ ကျွန်တော်ကဲ့သို့ တစ်ယောက်မျှ မလုပ်ကြပါ။ ပထမ၊ ဒုတိယနှင့် တတိယအခေါက်များတွင် ကျွန်တော် လာရသည့်အကြောင်းကို အနည်းငယ်မျှ ဖွင့်ဟ၍ မပြောပါ။ စတုတ္ထအကြိမ်တွင်သာ အဖြစ်အပျက်အလုံးစုံကို ရှင်းပြရာ ထိုသူလည်း ကုမ္ပဏီသို့ပေးရန်ရှိသော ငွေများကို ပေးရုံသာမက ပြည်သူ့အကျိုးကို စောင့်ရှောက်သော ကော်မရှင်ထံသို့ တယ်လီဖုန်းကုမ္ပဏီနှင့် စပ်လျဉ်း၍ တိုင်တန်းထားချက်များကို ပြန်လည်ရုပ်သိမ်းလိုက်ပါသေးသည်။

ကုမ္ပဏီ၏ မတရားပြုကျင့်သောဘေးမှ တယ်လီဖုန်းအသုံးပြုသောသူများကို ကာကွယ်ပေးသူဟူ၍ ထိုလူသည် သူ့ကိုယ်သူ အထင်ကြီးနေသည်မှာ ယုံမှားဖွယ် မရှိပေ။ ကုမ္ပဏီကို ဆူပူကြိမ်းမောင်းနေခြင်းအားဖြင့် အထင်ကြီးလိုသော ဆန္ဒကို ပြေစေလေသည်။ သို့ရာတွင် ကုမ္ပဏီ၏ ကိုယ်စားလှယ်တစ်ဦးက သူ့ထံသို့ ခယဝပ်တွားလျက် သူ၏အလိုသို့ လိုက်လျောပြောဆိုသောအခါ များစွာကျေနပ်ပြီးလျှင် ရှေးအခါက ကုမ္ပဏီပေါ်တွင် မကျေနပ်ဟု သူကိုယ်တိုင် ယူဆချက်တို့သည် လေပြေလေညင်းတွင် လွင့်စင်ပျောက်ကွယ်သွားလေသည်။

သိုးမွေးထည်များကို ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး ဖြန့်ဖြူးရောင်းချလျက်ရှိသော ဒက်တမာသိုးမွေးကုမ္ပဏီကြီးကို စတင်တည်ထောင်သူ ဂျူလီယန် အက်ဖ် ဒက်တမာ ဆိုသူ၏ အလုပ်ခန်းထဲသို့ တစ်မနက်တွင် အလွန်ဒေါသထွက်လျက်ရှိသော ဖောက်သည်တစ်ဦးသည် ဆူပူလျက် ဝင်လာလေသည်။ ထိုလူသည် ကျွန်တော်တို့ကုမ္ပဏီသို့ ဒေါ်လာငွေ ၁၅ ပြားပေးရန် ရှိသေးသော်လည်း မရှိဟူ၍ ငြင်းလျက်ရှိသည်။ သို့ရာတွင် ထိုသူမှားနေကြောင်းကိုမူကား ကျွန်တော်တို့ ကောင်းစွာသိကြသောကြောင့် ကြွေးတောင်းသည့်ဌာနမှ ထိုငွေများကို ကြေလည်အောင်ပေးရန် စာများကို ပို့ကြပါသည်။ ကြွေးတောင်းစာများ တစ်စောင်ပြီးတစ်စောင် ထပ်၍ရသောအခါ ထိုလူသည် ရှီကာဂိုမြို့သို့ လိုက်လာပြီးလျှင် ကျွန်တော်တို့ တောင်းနေသော ကြွေးကို မပေးတော့ဘူးဟု ပြောရုံသာမဟုတ်ဘဲ၊ ကျွန်တော်တို့ကုမ္ပဏီမှ နောက်ထပ်၍ ပိုက်ဆံတစ်ပြားဖိုးမျှ မဝယ်တော့ဘူးဟူ၍လည်း ပြောရန် ကျွန်တော်၏အလုပ်ခန်းတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ပါသည်။

သူပြောကြားနေစဉ် ကြားဖြတ်၍ ပြောချင်အားကြီးသော်လည်း မကောင်းမှန်းသိသောကြောင့် ဆိတ်ဆိတ်နားထောင်နေပြီးလျှင် သူပြောသလိုသမျှ ပြော၍ပြီးအောင် စောင့်ဆိုင်းလျက် ရှိပါသည်။ သူပြော၍ ဝသောအခါ ရှီကာဂိုမြို့ကို လာပြီး ယခုလို ဂရုတစိုက်ပြောပြသည့်အတွက် ကျေးဇူးအထူးတင်ပါတယ်၊ ကျွန်တော်တို့ရဲ့ ကြွေးတောင်းဌာနက ခင်ဗျားကိုတောင် စိတ်ဆိုးအောင် လုပ်တယ်ဆိုရင် တခြားဖောက်သည်တွေကိုလည်း ဒီလိုပဲ စိတ်ဆိုးအောင် လုပ်မှာပဲ၊ ဒီတော့ ခင်ဗျားသာ လာမပြောရင် ဒီအကြောင်းတွေကို ဒီလို စုံစုံလင်လင် သိရမှာ မဟုတ်ပါဘူး၊ ခင်ဗျား ပြောချင်တာထက် ကျွန်တော်က ပိုပြီး နားထောင်ချင်တယ်ဆိုတာ ယုံပါတော့’ ဟု ကျွန်တော်က ထိုလူအား ပြောပြပါသည်။

‘ကျွန်တော်သည် ထိုကဲ့သို့ ပြောလိမ့်မည်ဟု ထိုသူသည် မမျှော်လင့်ခဲ့ချေ။ ရှီကာဂိုမြို့သို့ ကျွန်တော်နှင့် ရန်ဖြစ်ရအောင်လာခဲ့ရာ ကျွန်တော်နှင့် တွေ့သောအခါ သူနှင့်ဖက်၍ ရန်မဖြစ်ဘဲ ကျေးဇူးတင်စကားများကိုသာ ပြောလျက်ရှိသောကြောင့် ထိုသူသည် အနည်းငယ် စိတ်ပျက်သွားလေသည်။ ကျွန်တော်တို့မှာ စာရင်းအများကြီး ကြည့်ရ၍ ထိုလူမှာကား စာရင်းတစ်ခုတည်းကို ကြည့်ရသည် ဖြစ်သောကြောင့် စာရင်းမှားခြင်းမှားလျှင် ကျွန်တော်တို့ကသာ မှားယွင်းမည် ဖြစ်သဖြင့် သူ့ထံမှ ရရန်ရှိသော ဒေါ်လာ ၁၅ ပြားကို အကြွေးစာရင်းမှ ပယ်ထုတ်ပါမည် ဟူ၍လည်း ထိုသူကို ကျွန်တော်က ဝန်ခံပါသည်။

‘သူစိတ်ထဲတွင် ဘယ်လိုဖြစ်နေသည်ကို ကျွန်တော် ကောင်းစွာ သိရသောကြောင့် ကျွန်တော်သာ အကယ်၍ သူ့နေရာတွင် နေရလျှင် ဒီလိုပဲ ဆူမှာပဲဟူ၍လည်း ကျွန်တော် ပြောလိုက်ပါသေးသည်။ ထို့နောက် ကျွန်တော်တို့ထံမှ နောက်နောင် ကုန်များဝယ်ယူတော့မည်မဟုတ်ရာ ကျွန်တော်တို့ကဲ့သို့ ကုန်ကောင်းများရောင်းသော ဆိုင်များ၏ အမည်များကိုပင် ပြောလိုက်ပါသေးသည်။

ရှေးအခါက ရှီကာဂိုမြို့သို့ လာတိုင်း သူနှင့်ကျွန်တော်သည် နေ့လယ်စာ အတူတူ စားကြသည်ဖြစ်ရာ ထိုနေ့တွင် နေ့လယ်စာ ကျွန်တော်နှင့် အတူတူစားရန် သူ့ကို ဖိတ်လိုက်ပါသည်။ ကျွန်တော်၏ဖိတ်ကြားခြင်းကို သူသည် စိတ်မပါ့တပါနှင့် လက်ခံလိုက်ပါသည်။ နေ့လယ်စာစားပြီး ကျွန်တော်၏ အလုပ်ခန်းသို့ ပြန်ရောက်ကြသောအခါ ရှေးက မှာဖူးသည်ထက် ပို၍များပြားသော ကုန်ပစ္စည်းများကို ပို့လိုက်ရန် မှာကြားပါသည်။ အတော်စိတ်ကျေနပ်၍ အိမ်သို့ ပြန်သွားပြီးလျှင် အိမ်သို့ ရောက်သောအခါ ကျွန်တော်တို့က သူနှင့်တရားသဖြင့် ဆက်ဆံလိုက်သကဲ့သို့ သူကလည်း ကျွန်တော်တို့နှင့် တရားသဖြင့် ဆက်ဆံလိုသောသဘောဖြင့် စာရင်းများကို ပြန်လှန်စစ်ဆေးကြည့်ရှုရာ သူ၏အမှားကို တွေ့ရသောကြောင့် ဒေါ်လာ ၁၅ ပြားတန် ချက်လက်မှတ်တစ်ခုနှင့် တောင်းပန်စာတစ်စောင်ကို သူသည် ကျွန်တော်တို့ထံသို့ ပို့လိုက်ပါသည်။

နောက်များမကြာမီ သူ၏မိန်းမသည် သားယောက်ျားကလေးတစ်ဦးကို မျက်နှာမြင်သောအခါ ကလေး၏အလယ်နာမည်အတွက် ဒက်တမာကို ယူ၍ မှည့်ပါသည်။ ထိုသူသည် နောက်နှစ်ပေါင်း ၂၂ နှစ်ကြာ၍ အနိစ္စရောက်သည့်တိုင်အောင် ကျွန်တော်တို့တိုက်ဆိုင်၏ ဖောက်သည်ကြီးတစ်ဦးအဖြစ်ဖြင့် စွဲမြဲဆက်ဆံလျက် ရှိပါသည်။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts