စကားပြောကောင်းဖြစ်ရန် နည်းတို (အပိုင်း - ၂)

စကားပြောကောင်းဖြစ်ရန် နည်းတို (အပိုင်း – ၂)

အလုပ်ကိစ္စနှင့်စပ်လျဉ်း၍ တစ်စုံတစ်ယောက်သောသူနှင့် သွားရောက်တွေ့ဆုံရသောအခါ မိမိအကြံအစည် အောင်မြင်ရန်အတွက် ကောင်းသောနည်းလမ်းသည် အဘယ်အရာပါနည်း။ ချားဒဗလျူ အဲလီယော့ဆိုသူ ပညာရှိ ပုဂ္ဂိုလ်တစ်ဦးကမူကား ‘ဤနည်းသည် ခက်ခက်ခဲခဲ ရှာရသော နည်း မဟုတ်ပါ၊ သင် သွားရောက်တွေ့ဆုံသောသူ၏ စကားများကို နားစိုက်၍ထောင်ခြင်းသည် အလွန်အရေးကြီးလေသည်၊ ထို့ထက် ထိခိုက်သော မြှောက်လုံးသည် မရှိတော့ချေ’ ဟုဆို၏။

ဤစကားသည် အလွန်မှန်လှပေ၏။ ထိုစကားမှန်ကြောင်းကို သိရန်အတွက် ဟားဗတ်တက္ကသိုလ်တွင် လေးနှစ်တိုင်တိုင် သွားရောက်သင်ကြားရန် မလိုချေ။ သို့ရာတွင် အဖိုးတန် တိုက်ခန်းကြီးများကို ငှား၊ ရောင်းရန် ကုန်များကို ဂရုတစိုက်ရွေးချယ်၍ ဝယ်၊ အထားအသိုကို ကြည့်ကောင်းအောင် ပြင်ဆင်၊ ကြော်ငြာထည့်သည့် နေရာတွင်လည်း ငွေအမြောက်အမြား အကုန်ခံပြီးသည့်နောက် ဝယ်သူ ပြောသမျှ စကားကို စိတ်ရှည်လက်ရှည် နားထောင်နိုင်လောက်အောင် ဉာဏ်မရှိသော ဈေးရောင်းသမားကို ငှားထားသည့် ကုန်သည်များကို သင်နှင့်ကျွန်ုပ်တို့ အသိအမြင် ဖြစ်ပေသည်။ အာလုံးကုန်နေရာတကျ စီမံနိုင်ပြီးမှ ဈေးဝယ်သူများ ပြောနေသည့် စကားကို အတင်းဝင်ပြော၊ အငြင်းအခုန်လုပ်၊ ဒေါသဖြစ်အောင် စိတ်ဆွပေးပြီးလျှင် ဝယ်သူကို ဆိုင်ထဲမှ ထွက်သွားအောင် လုပ်တတ်သည့် ဈေးရောင်းသမားများကို ငှားထားခြင်းအားဖြင့် အမြီးကျမှ တစ်နေသော ဆင်ပြောင်ကြီးနှင့် သူတို့လုပ်ပုံသည် တူလေတော့သည်။

သက်သေပြပါအံ့။ ဂျေစီတန် သည် သူ၏အဖြစ်အပျက်ကလေးတစ်ခုကို ကျွန်ုပ်၏အတန်းထဲတွင် အောက်ပါအတိုင်း ပြန်ပြောဖူးလေသည်။ ပင်လယ်ကမ်းခြေအနီးရှိ နယူးဂျာစီပြည်နယ် နယူးဝပ်ခေါ် အလွန်စည်ကားသောမြို့၏ ကုန်စုံတိုက်ဆိုင်ကြီးတစ်တိုက်မှ မစ္စတာဝုတန်သည် အဝတ်တစ်စုံကို ဝယ်လေသည်။ အပေါ်ဝတ်အင်္ကျီသည် ဆေးမခိုင်သောကြောင့် အတွင်းခံရှပ်အင်္ကျီကော်လံများကို ဆေးစွမ်းကုန်သဖြင့် မစ္စတာဝုတန်သည် အလွန်စိတ်ပျက်လျက်ရှိ၏။ ထို့ကြောင့် ထိုအဝတ်များကို ဆိုင်သို့ ပြန်ယူသွားပြီးလျှင် ရောင်းလိုက်သောသူအား အကျိုးအကြောင်း ပြောပြ၏။ သို့ရာတွင် ဈေးရောင်းသူသည် မစ္စတာဝုတန်ပြော၍ ဆုံးသည့်တိုင်အောင် သည်းခံ၍ နားမထောင်နိုင်ဘဲ မကြာခဏ ကြားဖြတ်၍ ပြောလေသည်။

‘ဒီလို ဝတ်စုံမျိုးကို ကျွန်တော်တို့ ရောင်းနေတာ လေးငါးထောင်ကျော်နေပြီ၊ မကြိုက်လို့ ပြန်လာတာ ဒီတစ်ခါပဲတွေ့ဖူးတာ’ ဟု ဈေးရောင်းသူက မစ္စတာဝုတန်ကို ပြောလေသည်။ ထိုစကားများသည် ဈေးရောင်းသူ၏ စကားလုံးများဖြစ်၍ ထိုစကားလုံးများကိုပြောသော လေသံသည် ထို့ထက်ပင် ပို၍မာသေး၏။ ‘ခင်ဗျား ဘာဖြစ်လို့လာပြီး ဗြောင်လိမ်နေသလဲ၊ ခင်ဗျားဟာ ခင်ဗျားအထားမတတ်လို့ စွန်းတဲ့ဟာကို ကျွန်တော်တို့အပေါ်မှာ အပြစ်လာချမလို့၊ ခင်ဗျားက ဒီလိုလုပ်မှဖြင့် ကျုပ်တို့ကလည်း အကြောင်းပြလိုက်ရဦးမှာပေါ့’ ဟူ၍ ဈေးရောင်းသူက မစ္စတာဝုတန်ကို မပြောသော်လည်း သူ့လေသံက အထက်ပါစကားကို ပြောသလို ဖြစ်၍ နေလေသည်။

မစ္စတာဝုတန်နှင့် ဈေးရောင်းသမားတို့သည် တစ်ဦးနှင့်တစ်ဦး စိတ်လိုက်မာန်ပါ ပြောဆိုနေစဉ် ဒုတိယဈေးရောင်းသမားတစ်ဦး ထပ်၍ရောက်လာပြီးလျှင် ‘အညိုရောင် အဝတ်တွေဟာ လက်ဦးတော့ ဒီလိုပဲ နည်းနည်းစွန်းတာပဲ၊ ဒါတော့ မတတ်နိုင်ဘူးပေါ့၊ ဒီလို ဈေးပေါတဲ့ အစားမျိုးဝယ်ရင် ဒီလိုပဲ ဖြစ်မှာပဲ၊ ဆေးတော့ သိပ်မခိုင်ပေဘူး’ ဟု ဝင်၍ ပြော၏။ ထိုအချိန်တွင် ကျွန်တော်လည်း အလွန်ဒေါသထွက်လျက် ရှိလေပြီ။ ပထမဈေးရောင်းသမားသည် ကျွန်တော်၏ သမာဓိကို စော်ကား၍ ဒုတိယဈေးရောင်းသမားမှာမူကား ကျွန်တော်သည် အပေါစားကိုသာ ဝယ်နိုင်သော လူတစ်ယောက် ဖြစ်သည်ဟု ပြောခြင်းဖြင့် ကျွန်တော်၏ဂုဏ်ကို စော်ကားပြန်၏။ ထိုအခါ ကျွန်တော်၏အသားများ ဆတ်ဆတ်တုန်လျက်ရှိ၏။

‘ကဲ မင်းတို့အဝတ်ကို မင်းတို့ပြန်ယူပြီး လုပ်ချင်တာလုပ်တော့၊ ငါမယူဘူး’ ဟု ပြောတော့မည့်အလုပ်တွင် ထိုဆိုင်၏မန်နေဂျာသည် သူ့အလုပ်ကို နားလည်သူတစ်ယောက် ဖြစ်သောကြောင့် ကျွန်တော်၏စိတ်ကို တစ်ခါတည်း ပြောင်းပစ်လိုက်လေသည်။ ဒေါသထွက်နေသူတစ်ဦးအား ကျေနပ်သော ဝယ်သူတစ်ဦး အဖြစ်သို့ရောက်အောင် ဖျောင်းဖျပြောဆိုရန် သူသည် စွမ်းလေသည်။ နည်းသုံးနည်းနှင့် သူသည် ကျွန်တော့်အား ဖျောင်းဖျပါသည်။ ရှေးဦးစွာ သူသည် ကျွန်တော် ပြောသမျှ စကားထဲတွင် တစ်လုံးတစ်ပါဒမျှ ကြားဖြတ်၍မပြောဘဲ အစအဆုံး နားထောင်ပါသည်။

ကျွန်တော်ပြော၍ ပြီးသောအခါ ဈေးရောင်းသမားများက ဝင်ရောက်ပြောဆိုရာတွင် မန်နေဂျာသည် ကျွန်တော်၏ဘက်မှနေ၍ ဈေးရောင်းသမားတို့ကို ခုခံပြောဆိုပါသည်။ ဤနည်းသည် ကျွန်တော့်အား ဖျန်ဖြေရန် မန်နေဂျာသုံးသော ဒုတိယနည်းပင် ဖြစ်ပါသည်။ ကျွန်တော်၏ ရှပ်ကော်လံများကို စွန်းထင်းနေသည်မှာ မှန်ကန်ကြောင်း သူထောက်ခံသည့်အပြင် ဝယ်သူများ ကျေနပ်အောင် လုပ်မပေးနိုင်သော ပစ္စည်းများကိုလည်း ထိုဆိုင်တွင် မရောင်းသင့်ကြောင်းကိုလည်း ပြောပြပါသေးသည်။

‘တတိယနည်းမှာကား အဘယ်ကြောင့် ဒီလိုဖြစ်ရသည်ကို မသိရပါ’ ဟု သူသည် ကျွန်တော့်အား ဝန်ခံပြီးလျှင် ‘ဒီအဝတ်များကို ဘယ်လိုလုပ်ရမလဲဆိုတာကိုသာ အမိန့်ရှိပါ၊ ကျွန်တော်တို့ နာခံရန် အသင့်ပါပဲ’ ဟူ၍ ခပ်ရိုးရိုးပင် ကျွန်တော့်ကို ပြောပါသည်။ မကြာမီကလေးကပင် သူတို့၏အဝတ်စုတ်ကို ပြန်ယူတော့ ဟူ၍ ပြောတော့မည် ကြံခဲ့သော်လည်း ‘ဘယ်လိုလုပ်ရမလဲ ဆိုတာကိုသာ မန်နေဂျာက အကြံပေးပါတော့၊ ဒီလိုဆေးစွန်းတာဟာ ခဏဖြစ်တာလား၊ အစဉ်ပဲ ဒီလို ဖြစ်မှာလား၊ ဒီလို မဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုသာ သိပါရစေ’ ဟု ကျွန်တော် ပြန်၍ ဖြေပါသည်။

‘ထိုအခါ အဝတ်များကို တနင်္ဂနွေတစ်ပတ်လောက် ထပ်၍အစမ်းဝတ်ကြည့်ရန် မန်နေဂျာသည် အကြံပေးလေသည်။ ဒီလိုစမ်းဝတ်ကြည့်လို့မှ မကျေနပ်သေးလျှင် ပြန်ယူခဲ့ပါ၊ မိတ်ဆွေ ကျေနပ်တဲ့အဝတ်များနှင့် လဲပေးပါ့မယ်၊ မိတ်ဆွေကို ခုလို ဒုက္ခပေးလိုက်ရတဲ့အတွက် ဝမ်းနည်းပါတယ်’ ဟု ထပ်၍ပင် တောင်းပန်လိုက်ပါသေးသည်။ ကျွန်တော်လည်း ကျေနပ်စွာနှင့် ဆိုင်ထဲက ထွက်လာပါသည်။ တနင်္ဂနွေတစ်ပတ်မျှ ကြာသောအခါ ထိုအဝတ်များသည် ဆေးမစွန်းတော့ချေ။ ထိုအခါမှစ၍ ထိုတိုက်ဆိုင်ပေါ်တွင် ယုံကြည်စိတ်ချသော စိတ်ဓာတ်များ ပြန်လည်ပေါ်ပေါက်လာပါသည်။

မန်နေဂျာလုပ်သူသည် ထိုတိုက်ဆိုင်တွင် အကြီးအကဲဖြစ်သည်မှာ အံ့သြစရာ မရှိပါ။ ဈေးရောင်းသမားနှစ်ဦးမှာမူကား ထိုအချိုးအတိုင်းသာ သွားကြပါလျှင် တစ်သက်လုံး ဈေးရောင်းသမားဘဝမှ တက်နိုင်တော့မည် မဟုတ်ပေ။ ထိုဘဝနှင့်ပင် မရပ်သေးဘဲ ဈေးဝယ်သူများနှင့် ဘယ်အခါမျှ မတွေ့နိုင်သော ကုန်ထုပ်သည့်ဌာနသို့ အပို့ခံရကောင်း ခံရပေလိမ့်မည်။ ဒေါသကြီး၍ အလွန်ဆူပူတတ်သည့် အပြစ်ရှာသမားများကပင်လျှင် သည်းခံ၍ ထောက်ထားညှာတာစွာ ရှေ့တွင် စိတ်ပျော့ပျောင်းသွားတတ်ကြလေသည်။ အပြစ်ရှာသမားသည် ပါးပျဉ်းထနေသော မြွေဟောက်ကဲ့သို့ ဒေါသကြီးစွာ ဆူပူနေစဉ် ထိုသူကို ဘာမျှပြန်မပြောဘဲ ဆိတ်ဆိတ်နားထောင်နေရပေလိမ့်မည်။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts