စကားပြောကောင်းဖြစ်ရန် နည်းတို (အပိုင်း - ၄)

စကားပြောကောင်းဖြစ်ရန် နည်းတို (အပိုင်း – ၄)

နှစ်ပေါင်းအတော်ကြာလောက်က အမေရိကန်တွင် လာရောက်နေထိုင်သော ဒတ်ချ်လူမျိုး သူငယ်ကလေးတစ်ဦးသည် ကျောင်းမှ စာအံဖြုတ်လိုက်သည်နှင့် ပေါင်မုန့်ဆိုင်တစ်ဆိုင်၏ ပြတင်းပေါက်များမှ ဖုန်များကို အငှားသုတ်လျက် ရှိလေသည်။ သူ၏ မိဘများသည် အလွန်အမင်း ဆင်းရဲသောကြောင့် ကျောက်မီးသွေးလှည်းများမှ ကျကျန်ရစ်သော ကျောက်မီးသွေးခဲများကို လမ်းကြိုလမ်းကြားတွင် ထိုသူငယ်ကလေးသည် တောင်းတစ်လုံးနှင့် နေ့စဉ်လိုက်၍ ကောက်ရ၏။ ထိုသူငယ်၏နာမည်မှာ အက်ဒွပ်ဘော့ ဖြစ်လေသည်။ သူသည် ကျောင်းတွင် ခြောက်နှစ်မျှသာ စာသင်ဖူးသော်လည်း အမေရိကန်ပြည်၏ သတင်းစာ မဂ္ဂဇင်းသမိုင်းတွင် အလွန်ထင်ရှားကျော်ကြားသော မဂ္ဂဇင်းအယ်ဒီတာကြီးဘဝသို့ပင် ရောက်ခဲ့ဖူးလေသည်။ ထိုဘဝသို့ရောက်အောင် ဘယ်လိုလုပ်ခဲ့ရသည်ကို ပြန်ပြောရလျှင် ရှည်၍ နေတော့မည်။ သို့ရာတွင် ထိုဘဝသို့ရောက်အောင် ဘယ်လိုစရသည်ကိုကား ခပ်တိုတိုနှင့် ပြောနိုင်မည်ဖြစ်၏။ သူ၏နည်းများသည် ဤအခန်းတွင် ဖော်ပြလျက်ရှိသော နည်းများပင် ဖြစ်လေသည်။

အသက် ၁၃ နှစ်တွင် ကျောင်းမှထွက်ပြီးနောက် ဝက်စတင် ယူနီယံ ကြေးနန်းကုမ္ပဏီတွင် တနင်္ဂနွေတစ်ပတ်လျှင် ခြောက်ဒေါ်လာခွဲခန့်နှင့် အလုပ်လုပ်လေသည်။ ထိုကဲ့သို့ အလုပ်လုပ်နေရသော်လည်း ပညာသင်ရန်ကိုကား လက်မလျှော့ဘဲ ကိုယ့်ဒူးကိုယ်ချွန်၍ ပညာဆည်းပူးလျက်ရှိ၏။ အလုပ်တိုက်သို့ ခြေကျင်လာ၍ ရထားခအတွက် ကုန်မည့်ပိုက်ဆံကို စုပြီးလျှင် အမေရိကန်ပြည်သား ပုဂ္ဂိုလ်ထူးများ၏ အတ္ထုပတ္တိ စွယ်စုံကျမ်းစာအုပ်ကြီးကို ဝယ်ယူနိုင်သည့်တိုင်အောင် နေ့လယ်စာ မစားဘဲနှင့် နေလေသည်။ ထိုစွယ်စုံစာအုပ်ကြီးထဲမှ ပုဂ္ဂိုလ်ထူးများ၏ အတ္ထုပတ္တိကို ဖတ်ပြီးလျှင် ထိုလူကြီးများထံသို့ ငယ်စဉ်တောင်ကျေး ကလေးဘဝက သူတို့ မည်သို့မည်ပုံ နေထိုင်ရသည့်အကြောင်းများကို စာအားဖြင့် ထပ်မံရေးသား၍ မေးမြန်းစုံစမ်း၏။ သူသည် ပြောသမျှစကားကို ကောင်းစွာ နားထောင်နိုင်သူတစ်ဦးဖြစ်၍ ထိုနည်းဖြင့် ပုဂ္ဂိုလ်ထူးများအား သူတို့၏ အကြောင်းကို စိတ်အားထက်သန်စွာပြောအောင် တိုက်တွန်းခဲ့ဖူး၏။ ထိုအခါက အမေရိကန်သမ္မတရာထူးအတွက် ဝင်ရောက်အရွေးခံလျက်ရှိသော ဂျင်နရယ် ဂျိမ်းအေဂါဖီး ထံသို့ ငယ်စဉ်က သူသည် တူးမြောင်းတစ်ခုတွင် လှေထိုးသားကလေး ဖြစ်ခဲ့ဖူးသည်ဆိုသော စကားသည် မှန် မမှန်ကို စာရေး၍ စုံစမ်းရာ ဂါဖီးသည် စာပြန်၏။ ဂျင်နရယ်ဂရန့်ထံသို့ စစ်ပွဲတစ်ခုအကြောင်းနှင့် စပ်လျဉ်း၍ စာရေးစုံစမ်းရာ ဂရန့်သည် ၁၄ နှစ်မျှရှိသော ထိုသူငယ်ကလေးအား မိမိအိမ်သို့ ညစာစားရန် ဖိတ်ကြားပြီးလျှင် မြေပုံကြီးတစ်ခုဆွဲ၍ အချိန်အတော်ကြာစွာ ရှင်းပြ၏။ များမကြာမီ ဤရုံးပြာတာကလေးသည် တိုင်းပြည်တွင် အထင်ရှားအကျော်စောဆုံးဖြစ်သည့် အီမာဆန်း ဖိလစ်ဗရု၊ အော်လီဗာ ဝင်ဒယ် ဟုန်း၊ လောင်ဖဲလိုး၊ မစ္စက် အေဗရာဟယ်လင်ကွန်း၊ လူဝီဇာ မေအော်လကော့၊ ဂျင်နရယ် ရှားမန်းနှင့် ဂျက်ဖာဆန် ဒေးဗီ စသော ပုဂ္ဂိုလ်ကြီးများနှင့် စာပေးစာယူ ပြုလုပ်လျက် ရှိလေသည်။

စာရေးရုံသာမက အားလပ်ခွင့်ရတိုင်း ထိုလူကြီးများ၏ ဖိတ်ကြားချက်အရ ထိုသူတို့၏ နေအိမ်သို့ သွားရောက်လည်ပတ်လေ့ရှိ၏။ ဤအဖြစ်အပျက်သည် သူ၏ရင်တွင်းတွင် မိမိကိုယ်ကို မိမိအားကိုးသော စိတ်ဓာတ်များ မွေးမြူစေလေသည်။ သူနှင့်တွေ့ရသော ပုဂ္ဂိုလ်ကြီးများသည် သူ၏နောင်ရေးကို တစ်ခါတည်း ဖန်တီးပေးလိုက်လေသည်။ ဤကဲ့သို့ ဖြစ်ရခြင်းမှာ အခြားကြောင့် မဟုတ်။ ဤအခန်းတွင် ဖော်ပြပါရှိသော နည်းများကို အသုံးပြုကြသောကြောင့်သာ ဖြစ်ရကြောင်းကို ကျွန်ုပ်သည် တစ်ကြိမ်ထပ်၍ ပြောပါရစေ။

ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်ထူးများနှင့် တွေ့ဆုံ၍ သူတို့ထံမှ သတင်းယူသည့်နေရာတွင် ကမ္ဘာပေါ် ပြိုင်ဘက်မရှိအောင် စွမ်းသော အိုင်ဇက်အက်စ် မာကော့ဆန် ဆိုသူက များစွာသော သူတို့သည် တစ်ဖက်သား၏ အထင်ကြီးခြင်းကို မခံရခြင်းသည် အခြားကြောင့်မဟုတ်။ တစ်ဖက်သားစကားပြောနေစဉ် အာရုံစိုက်၍ နားမထောင်ခြင်းကြောင့်ပင် ဖြစ်လေသည်ဟု ဆိုထား၏။ ပုဂ္ဂိုလ်များနှင့် သွားရောက်တွေ့ဆုံသူများသည် ဘာပြီးဘာဆက်၍ မေးရမည်လောက်ကိုသာ စဉ်းစားလျက်ရှိသောကြောင့် ထိုပုဂ္ဂိုလ်ထူးများ ပြောနေသောစကားကို အာရုံစိုက်၍ နားမထောင်ကြချေ။ ပုဂ္ဂိုလ်ထူးများက သူတို့သည် စကားကောင်းကောင်း ပြောသူများထက် စကားကောင်းကောင်း နားထောင်သူများကို ပိုမိုနှစ်သက်ကြသည်ဟု ပြောကြားဖူးပါသည်။ တစ်ဖက်သား ပြောနေသော စကားများကို ဂရုတစိုက် နားထောင်နိုင်သော အရည်အချင်းသည် အခြားအရည်အချင်းများထက် ပို၍ ရှားသေးသည်။

ပုဂ္ဂိုလ်ထူးများသာ မဟုတ်၊ လူသာမန်တို့လည်း သူတို့ ပြောချင်သည့်စကားကို ကောင်းကောင်းနားထောင်မည့်လူများကို အလိုရှိကြလေသည်။ ထို့ကြောင့် ‘ကောင်းကောင်းနားထောင်မည့် လူတစ်ယောက်ကိုရှာ၍ ပြောချင်သည့်စကားများကို ပြောလိုက်ရခြင်းဖြင့် မိမိ၏စိတ္တဇနာများကို ပျောက်ကင်းအောင် လုပ်နိုင်ပါလျက်နှင့် များစွာသော လူတို့သည် ထိုသို့မလုပ်ဘဲ ဆရာဝန်ကိုခေါ်၍ သူတို့၏ရောဂါကို ကုသစေလေသည်’ ဟူ၍ စာပဒေသာ ခေါ် မဂ္ဂဇင်းတစ်စောင်က ဆိုထား၏။

အမေရိကန်ပြည်ထောင်စု ပြည်တွင်းစစ်ပွဲသည် သည်းသည်းမဲမဲ တိုက်နေသည့် အချိန်အခါက အေဗရာဟယ်လင်ကွန်းသည် ဆပရင်းဖီးမြို့ရှိ မိတ်ဆွေတစ်ဦးအား ဝါရှင်တန်မြို့တော်သို့ လာရောက်ရန် ဖိတ်ကြားလိုက်၏။ စာထဲတွင် စစ်အကြောင်းနှင့် စပ်လျဉ်း၍ သူနှင့်တိုင်ပင်လိုသောကြောင့် ဆက်ဆက်လာပါဟု လင်ကွန်းသည် ရေးလိုက်သည်။ မှာလိုက်သည့်အတိုင်း လင်ကွန်း၏မိတ်ဆွေသည် သမ္မတမင်း၏ အိမ်တော်သို့ ရောက်လာရာ ငွေဝယ်ကျွန်များကို ကျွန်စာရင်းမှ လွှတ်သင့် မလွှတ်သင့်ကိစ္စနှင့် စပ်လျဉ်း၍ လင်ကွန်းသည် ထိုမိတ်ဆွေအား အတော်ကြာကြာ ပြောလျက်ရှိ၏။ ဤကဲ့သို့ ငွေဝယ်ကျွန်များကို လွှတ်ခြင်း၏ အကျိုးအပြစ်တို့ကို လင်ကွန်းကိုယ်တိုင် တစ်ခုမကျန် အပြန်အလှန် ပြောရုံသာမက အချို့သတင်းစာများက ငွေဝယ်ကျွန်များကို လွှတ်မည်ကို ကြောက်၍လည်းကောင်း၊ အခြားသတင်းစာများကလည်း ထိုကျွန်များကို မလွှတ်သေး၍လည်းကောင်း ရှုတ်ချပြစ်တင်သည့် ဆောင်းပါးများကို တစ်ခုစီ ဖတ်ပြလျက်ရှိလေ၏။ အချိန်အတော်ကြာစွာ စကားပြောပြီးနောက် လင်ကွန်းသည် မိတ်ဆွေထံမှ တစ်လုံးတစ်ပါဒမျှ အကြံမတောင်းဘဲ ထိုသူကို ပြန်လွှတ်လိုက်၏။ အစမှအဆုံးအထိ လင်ကွန်းတစ်ဦးတည်းသာလျှင် စကားပြောလျက် ရှိလေသည်။

‘ကျွန်တော့်ကို ပြောကြားပြီးနောက် သူ၏ စိတ်ထဲမှာ အတော်ရှင်းသွားသည့် လက္ခဏာ ရှိပါသည်’ ဟု ထိုမိတ်ဆွေကြီးက ပြောပြ၏။ စင်စစ်မှာ လင်ကွန်းသည် ထိုအခါက သူတစ်ပါးထံမှ အကြံဉာဏ်ကို အလိုမရှိ။ သူ အလိုရှိသောအရာသည် သူ့ဝမ်းထဲတွင် မျိုသိပ်ထားရသော အလုံးများကို အကုန်ထုတ်ပြောနိုင်၍ သူ့ကို အာရုံစိုက်ပြီး နားထောင်နေမည့် မိတ်ဆွေကောင်းတစ်ယောက်ပင် ဖြစ်လေသည်။ ကျွန်ုပ်တို့တစ်တွေ အတိဒုက္ခရောက်နေသောအခါတွင် ကျွန်ုပ်တို့ အလိုရှိသော အရာသည်လည်း ထိုအရာပင် ဖြစ်လေသည်။ စိတ်တိုနေသော ဈေးဝယ်သူနှင့် မကျေမချမ်းဖြစ်နေသော အလုပ်သမား သို့မဟုတ် စိတ်နာကြည်းနေသောမိတ်ဆွေ စသည်တို့ အလိုရှိသောအရာသည်လည်း စိတ်ရှည်လက်ရှည်ဖြင့် နားထောင်မည့်သူပင် ဖြစ်လေသည်။

အကယ်၍ သင့်ကို သူများသည် မပေါင်းသင်းလိုဘဲ ရှောင်ရှားသွားသည်ကိုသော်လည်းကောင်း၊ သင့်ကွယ်ရာတွင် အခြားလူများသည် သင့်အကြောင်းကို အတင်းပြော၍ သင့်ကို ရယ်သွမ်းသွေးခြင်းကိုသော်လည်းကောင်း သင်သည် အလိုရှိခဲ့ပါလျှင် အောက်ပါအတိုင်း ပြုကျင့်ပါလေ။ တစ်ဖက်သား စကားပြောနေစဉ် မည်သည့်အခါမျှ ခပ်ကြာကြာ နားမထောင်နှင့်။ သင့်အကြောင်းကို မရပ်မနားဘဲ ပြောပါ၊ တစ်ဖက်သားစကားပြောနေစဉ် သင့်တွင် အကြံတစ်ခုပေါ်လာသော် ထိုသူစကားပြောပြီးအောင် မစောင့်နှင့်၊ အတင်းလု၍ပြောပါ။ ထိုသူသည် သင့်လောက်မှ မတော်ဘဲ အင်မတန် ငြီးငွေ့ဖွယ်ကောင်းတဲ့လူ သူ့စကားကို အဘယ်ကြောင့် အချိန်ကုန်ခံပြီး နားထောင်နေမည်လဲ၊ သူ ပြောနေစဉ် အတင်းဝင်၍ ပြောပါလေ။

အထက်ပါနည်းကို လက်ကိုင်ထားလျက်ရှိသော လူစားကို သင်သည် တွေ့ဖူးပါ၏လား။ ကျွန်ုပ်မှာမူကား ကံအကြောင်း မကောင်းလှ၍ ထိုလူစားများကို တွေ့ကြုံဖူးပါသည်။ ထိုလူစားအချို့ကို အထက်တန်းစားလူများထဲတွင် တွေ့ရှိရသည်မှာ အလွန်အံ့သြစရာပင် ကောင်းသေး၏။ ထိုလူများသည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလျက်ရှိသောကြောင့် တစ်ဖက်သား၏စိတ်ကို နှောင့်ယှက်တတ်သူများသာလျှင် ဖြစ်၏။ ထိုလူများသည် သူတို့၏အကြောင်းလောက်ကိုသာ စဉ်းစားကြလေသည်။ ‘ကိုယ့်အကြောင်းလောက်ကိုသာ စဉ်းစားသူသည် မျှော်လင့်ဖွယ် မရှိသော ပညာမဲ့တစ်ဦး ဖြစ်လေသည်၊ ထိုသူသည် ပြသသင်ကြားခြင်းကို မည်မျှခံရသော်လည်း ပညာမရှိချေ’ ဟူ၍ ကိုလံဗီယာ ယူနီဗာစီတီ၏ ဥက္ကဌ ဒေါက်တာ နိကိုလတ် မာရေး ဘတ္တလာ က ပြောပြဖူး၏။

ထို့ကြောင့် သင်သည် စကားပြောကောင်းသူတစ်ဦး ဖြစ်လိုပါလျှင် တစ်ဖက်သားစကားပြောစဉ် ဂရုစိုက်၍ နားထောင်နိုင်ပါစေ။ သင့်အပေါ်တွင် တစ်ဖက်သားတို့ စိတ်ဝင်စားလိုလျှင် တစ်ဖက်သားတို့အပေါ်တွင် သင်သည် စိတ်ဝင်စားပါ ဟူ၍ မစ္စတာချားနော်သံလည်း ပြောပြဖူးလေသည်။ တစ်ဖက်သားတို့ စိတ်ပါလက်ပါနှင့် ဖြေချင်သည့် မေးခွန်းများကို မေးပါ။ တစ်ဖက်သား၏အကြောင်းနှင့် သူ၏ စွမ်းရည်သတ္တိများကို ထုတ်ဖော်ပြောပြနိုင်အောင် အားပေးပါ။

သင်နှင့်စကားပြောနေသောသူသည် သင်နှင့်တကွ သင်၏လိုအင်ဆန္ဒများ သင်၏အခက်အခဲများထက် သူ့ကိုယ်နှင့် သူ့လိုအင်ဆန္ဒ သူ့အခက်အခဲများတွင် အဆရာပေါင်းများစွာ ပို၍ စိတ်ဝင်စားလျက် ရှိကြောင်းကို သင်သည် အစဉ်သတိရပါ။ တရုတ်ပြည်ကြီးတွင် လူတစ်သန်း သေကြေပျက်စီးစေသည့် အစာငတ်မွတ်ခေါင်းပါးသော ကပ်သည် သူ့အဖို့တွင် သူ၏သွားကိုက်ရောဂါလောက် အရေးမကြီးပေ။ အာဖရိကတိုက်တွင် အကြိမ် ၄၀ လှုပ်သော ငလျင်များထက် သူ့လည်ပင်းတွင် ပေါက်နေသော အနာစိမ်းပေါ်တွင် သူသည် ပို၍ စိတ်ဝင်စားပေလိမ့်မည်။ နောက်တစ်ကြိမ် တစ်စုံတစ်ယောက်သောသူနှင့် စကားပြောမည်ဟု ကြံလျှင် ထိုအကြောင်းကို သတိရပါစေ။

ထို့ကြောင့် သင့်ကို လူကြိုက်များစေလိုလျှင် တစ်ဖက်သား စကားပြောနေစဉ် ဂရုစိုက်၍ နားထောင်ပါ။ တစ်ဖက်သားတို့အား သူတို့၏အကြောင်း ပြောပြရန် အားပေးပါ။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts