စကားပြောကောင်းဖြစ်ရန် နည်းတို (အပိုင်း - ၁)

စကားပြောကောင်းဖြစ်ရန် နည်းတို (အပိုင်း – ၁)

များမကြာမီက ဘရစ်ဖဲဝိုင်းသို့ လာရောက်ကစားရန် ကျွန်ုပ်ကို ဖိတ်ကြားလေသည်။ ကျွန်ုပ်သည် ဘရစ် မကစားတတ်ပါ။ ကျွန်ုပ်ကဲ့သို့ပင် ဘရစ် မကစားတတ်သော မိန်းမချောတစ်ဦးလည်း ကစားဝိုင်းသို့ ရောက်ရှိနေလေသည်။ လိုဝဲသောမတ်သည် အသံလွှင့်သမားဘဝသို့ မကူးပြောင်းမီ ဥရောပတိုက်တစ်တိုက်လုံးသို့ အနှံ့အပြား လှည့်လည်ပြီးလျှင် ခရီးသွားလာရာတွင် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို ဟောပြောလျက်ရှိစဉ်က သူ၏ မန်နေဂျာအဖြစ်ဖြင့် သူနှင့်အတူ ကျွန်ုပ်လိုက်၍ သူ၏ဟောပြောချက်များကို ကူညီစီစဉ်ပေးရကြောင်းကို ထိုမိန်းမချော သိ၍သွားလေရာ ‘အို မစ္စတာ ကာနက်ဂျီ ရှင်ရောက်ခဲ့ဖူးတဲ့ ထူးဆန်းတဲ့နေရာတွေအကြောင်းကို နည်းနည်းလောက် ပြောပြစမ်းပါ’ ဟု ကျွန်ုပ်ကို တောင်းပန်ရှာ၏။

ဖုံဖုံကုလားထိုင်ပေါ်သို့ ထိုင်မိကြသောအခါ သူ့ယောက်ျားနှင့်သူသည် မကြာသေးမီကပင် အာဖရိကတိုက်မှ ပြန်လာခဲ့သည့်အကြောင်းကို သူ စကားစလိုက်၏။ ‘အာဖရိကကို ရောက်ခဲ့တယ်’ ဟု ကျွန်ုပ်သည် စိတ်ထက်သန်စွာနှင့် သူ့ကို ပြန်၍ မေးပြီးနောက် ‘သိပ်ဟုတ်တာပဲဗျာ၊ အာဖရိကကို ကျွန်တော် သွားချင်နေတာ ကြာလှပြီ၊ သို့ပေမယ့် အယ်လဂျီးယားမှာ တစ်ရက်တည်းနေပြီး ပြန်ခဲ့ရတယ်၊ အာဖရိကဟာ အမဲပစ်ဖို့ သိပ်ကောင်းတဲ့နေရာပဲ၊ ခင်ဗျား သိပ်ကံကောင်းတယ်ဗျာ၊ အာဖရိကအကြောင်းကို နည်းနည်း ပြောစမ်းပါ’ ဟု တောင်းပန်လိုက်၏။

ထိုစကားကို ကြားရသည်မှစ၍ ကျွန်ုပ် ဘယ်နေရာတွေ ရောက်ခဲ့သည် ဘာတွေမြင်ခဲ့သည်တို့ကို ကျွန်ုပ်အား ထပ်၍ မမေးတော့ဘဲ သူ ရောက်ခဲ့ဖူးသည့် နေရာများနှင့် မြင်ခဲ့ရသော အထူးအဆန်းများ၏အကြောင်းကို ၄၅ မိနစ်တိုင်တိုင် လျှောက်၍ပြောသည်။ စင်စစ်မှာမူ ထိုမိန်းမချောသည် ကျွန်ုပ် ပြောသည့်စကားကို နားထောင်ချင်၍မဟုတ်။ သူကိုယ်တိုင် ရောက်ခဲ့ဖူးသည့်နေရာများကို ဂုဏ်ယူကာ ပြောဆိုနေစဉ် ဂရုတစိုက် နားထောင်နေမည့်သူတစ်ဦးကို အလိုရှိခြင်းသာ ဖြစ်လေသည်။ ဤကဲ့သို့ မိန်းမချော အလိုရှိခြင်းသည် အထူးအဆန်း မဟုတ်ပါ။ များစွာသော လူတို့သည်လည်း ထိုကဲ့သို့ပင် အလိုရှိကြပေသည်။

သက်သေထုတ်၍ ပြပါအံ့။ နယူးယောက်မြို့ရှိ စာအုပ်ပုံနှိပ်ရောင်းချသူတစ်ဦးဖြစ်သော ဂျေ ဒဗလျူ ဂရင်းဗတ်၏အိမ်တွင် တည်ခင်းဧည့်ခံကျွေးမွေးသော ညစာစားပွဲတွင် နာမည်ကျော် ရုက္ခဗေဒပါရဂူကြီးတစ်ဦးနှင့် ကျွန်ုပ်သည် တွေ့ရ၏။ ရှေးအခါက ရုက္ခဗေဒပါရဂူများနှင့် စကားမပြောဖူးချေ။ ထိုညက တွေ့ရသော ပါရဂူကြီးသည် အလွန်စိတ်ဝင်စားဖွယ် ကောင်းလေသည်။ သစ်ပင်အကြောင်းဆိုင်ရာ ဗဟုသုတတို့ကို တစ်ခုပြီးတစ်ခု လျှောက်၍ ပြောပြသည်မှာ အလွန်အံ့သြဖွယ်ရာ ကောင်းသောကြောင့် ကျွန်ုပ်သည် ကုလားထိုင်အစွန်းကလေးတွင်သာ ထိုင်ပြီးလျှင် သူပြောသမျှ စကားများကို အာရုံပြုလျက် ရှိလေသည်။ ကျွန်ုပ်တွင် ပန်းခြံကလေးတစ်ခု ပျိုးထားရာ ထိုပန်းခြံနှင့် စပ်လျဉ်း၍ ကျွန်ုပ်အလိုရှိသော အချက်များကိုပင် ပြောကြားသွားသေး၏။

ထိုညစာစားပွဲသို့ အခြားဧည့်သည် ဆယ့်လေးငါးယောက်ခန့် ကြွရောက်ကြသော်လည်း သူတို့ကို ဂရုမစိုက်နိုင်ဘဲ ထိုပါရဂူကြီးနှင့်သာ အချိန်အတော်ကြာအောင် စကားပြောလျက်ရှိလေသည်။ သန်းခေါင်ယံအချိန်သို့ ရောက်သောအခါ ဧည့်သည်များကို နှုတ်ဆက်၍ အိမ်သို့ပြန်ရန် ပြင်၏။ ထိုအခါ ပါရဂူကြီးသည် အိမ်ရှင်ဘက်သို့ လှည့်၍ သိပ်စကားပြောတဲ့လူ။ သိပ်တော်တာပဲ၊ ဘာပဲ၊ ညာပဲ စသည်ဖြင့် ကျွန်ုပ်အား ချီးကျူးလျက် ရှိလေသည်။

စကားပြော အလွန်ကောင်းသောသူဟူ၍ ချီးမွမ်းခြင်းကိုသာ ခံရသည်။ စင်စစ်မှာ ထိုညက ကျွန်ုပ်သည် ပါရဂူကြီးနှင့် စကားပြောသည်ဆိုရုံလောက်သာ ပြောခဲ့ရသည်။ ကျွန်ုပ်သည် ရုက္ခဗေဒအကြောင်းကို နားမလည်သောကြောင့် စကားများများ ပြောချင်သော်လည်း ပြောနိုင်မည်မဟုတ်ချေ။ သို့ရာတွင် အရာတစ်ခုကိုတော့ ကျွန်ုပ် လုပ်ခဲ့၏။ ထိုအရာသည်ကား အခြားမဟုတ်။ ထိုပါရဂူကြီး ပြောသမျှစကားကို စိတ်ပါလက်ပါ နားထောင်ခြင်းပင် ဖြစ်လေသည်။ သူပြောသော စကားများသည် စိတ်ဝင်စားဖွယ်ရာ ကောင်းသောကြောင့် ကျွန်ုပ်သည် စိတ်ပါလက်ပါ နားထောင်နေသည်ကို သူသည် အလွန်နှစ်သက်၏။ လူတစ်ဦးပြောသော စကားများကို စိတ်ပါလက်ပါ နားထောင်ခြင်းသည် ထိုလူအား အကောင်းဆုံး ချီးကျူးခြင်းတစ်ရပ်ပင် ဖြစ်လေသည်။

‘လူတစ်ယောက် ပြောနေသော စကားများကို စိုက်၍ နားထောင်ခြင်းဖြင့် သူ့ကိုမြှောက်ပေးလျှင် ထိုအမြှောက်ကို ခံနိုင်သူ အလွန်ရှားလေသည်’ ဟု ဂျက် ဝုဒ်ဖို့ က ‘ဧည့်သည် အချစ်’ စာအုပ်တွင် ရေးသားထားလေသည်။ ကျွန်ုပ်မှာမူကား စိုက်၍ နားထောင်ရုံမျှမက ထိုပါရဂူကြီး ပြောနေသော မှတ်ရာမှတ်စုများကို နှစ်နှစ်ကာကာ နှစ်သက်စွာဖြင့် စိတ်ပါလက်ပါ ချီးကျူးလိုက်သေး၏။

ကျွန်ုပ်သည် သူနှင့်တွေ့ရသည့်အတွက် အလွန်ဗဟုသုတ တိုးပါသည်ဟု ထိုပါရဂူကြီးကို ပြောလိုက်သည့်အတိုင်း အဟုတ်ပင် ဗဟုသုတ တိုးပါသည်။ သူ၏ ပညာရပ်များကို အလွန်ဆည်းပူးလိုပါသည်ဟု သူ့ကို ပြောလိုက်သည့်အတိုင်း အဟုတ်ပင် ဆည်းပူးလိုပါသည်။ သူနှင့်တူတူ သစ်ပင်တို့နှင့်ဆိုင်သော ပညာရပ်များကို ဆည်းပူးရန် တောင်စဉ်အထပ်ထပ် မြိုင်အရပ်ရပ်ကို ကျော်ဖြတ်၍ လိုက်လိုပါသည်ဟု ပြောသည့်အတိုင်း အဟုတ်ပင် သွားလိုပါသည်။ သူ့ကို တစ်ဖန် ထပ်၍ တွေ့ချင်ပါသေးသည်ဟု ပြောလိုက်သည့်အတိုင်း အဟုတ်ပင် ထပ်၍ တွေ့ချင်နေပါသေးသည်။

ဤနည်းအားဖြင့် ကျွန်ုပ်ကို စကားပြောအလွန်ကောင်းသူတစ်ဦး ဖြစ်သည်ဟု အယူရှိအောင် လုပ်ထားသော်လည်း စင်စစ်မှာမူကား ကျွန်ုပ်သည် သူပြောသမျှကိုသာ နားထောင်သောသူဖြစ်၍ စကားဆက်ပြောအောင် သူ့ကိုသာ အားပေးလျက်ရှိလေသည်။ အလုပ်ကိစ္စနှင့် စပ်လျဉ်း၍ တစ်စုံတစ်ယောက်သောသူနှင့် သွားရောက်တွေ့ဆုံရသောအခါ မိမိအကြံအစည် အောင်မြင်ရန်အတွက် ကောင်းသောနည်းလမ်းသည် အဘယ်အရာပါနည်း။

ချားဒဗလျူ အဲလီယော့ဆိုသူ ပညာရှိ ပုဂ္ဂိုလ်တစ်ဦးကမူကား ‘ဤနည်းသည် ခက်ခက်ခဲခဲ ရှာရသောနည်း မဟုတ်ပါ၊ သင် သွားရောက်တွေ့ဆုံသောသူ၏ စကားများကို နားစိုက်၍ထောင်ခြင်းသည် အလွန်အရေးကြီးလေသည်၊ ထို့ထက် ထိခိုက်သော မြှောက်လုံးသည် မရှိတော့ချေ’ ဟု ဆို၏။

ဤစကားသည် အလွန်မှန်လှပေ၏။ ထိုစကားမှန်ကြောင်းကို သိရန်အတွက် ဟားဗတ်တက္ကသိုလ်တွင် လေးနှစ်တိုင်တိုင် သွားရောက်သင်ကြားနေရန် မလိုချေ။ သို့ရာတွင် အဖိုးတန် တိုက်ခန်းကြီးများကို ငှား၊ ရောင်းရန် ကုန်များကို ဂရုတစိုက်ရွေးချယ်၍ ဝယ်၊ အထားအသိုကို ကြည့်ကောင်းအောင် ပြင်ဆင်၊ ကြော်ငြာထည့်သည့် နေရာတွင်လည်း ငွေအမြောက်အမြား အကုန်ခံပြီးသည့်နောက် ဝယ်သူ ပြောသမျှ စကားကို စိတ်ရှည်လက်ရှည် နားထောင်နိုင်လောက်အောင် ဉာဏ်မရှိသော ဈေးရောင်းသမားကို ငှားထားသည့် ကုန်သည်များကို သင်နှင့်ကျွန်ုပ်တို့ အသိအမြင်ဖြစ်ပေသည်။ အားလုံးကုန်နေရာတကျ စီမံနိုင်ပြီးမှ ဈေးဝယ်သူများ ပြောနေသည့် စကားကို အတင်းဝင်ပြော၊ အငြင်းအခုန်လုပ်၊ ဒေါသဖြစ်အောင် စိတ်ဆွပေးပြီးလျှင် ဝယ်သူကို ဆိုင်ထဲမှ ထွက်သွားအောင် လုပ်တတ်သည့် ဈေးရောင်းသမားများကို ငှားထားခြင်းအားဖြင့် အမြီးကျမှ တစ်နေသော ဆင်ပြောင်ကြီးနှင့် သူတို့လုပ်ပုံသည် တူလေတော့သည်။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts