စာဖတ်လို့ စာစီကုံးမယ် (မူလတန်း)

စာဖတ်လို့ စာစီကုံးမယ် (မူလတန်း)

မူလတန်းသားသားမီးမီးတို့ အတွက်တော့ စာစီစာကုံးကို ပျော်ရွှင်စရာလေးတွေနဲ့ ချည်းကပ်သင့်ပါတယ်။ စာစီစာကုံးဆိုတာက စာမဖတ်ပဲ ရေးလို့ရတာတော့ မဟုတ်ပါဘူး။ သားသားမီးမီးတို့ စာဖတ်ရပါမယ်။ စာဖတ်တယ်ဆိုတာ ကုန်ကြမ်းစုတာပါပဲ။ သားသားမီးမီးတို့အတွက် ဗဟုသုတ ကုန်ကြမ်းရော၊ အရေးအသားကုန်ကြမ်းပါ စုဆောင်းနေတာပါပဲ။ ဒါမျိုးက အသက်ကြီးလာလေ သိသာလာလေ ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက စာဖတ်လာတဲ့ ကလေးဟာ စာမဖတ်တဲ့ ကလေးတွေနဲ့ ကွာကို ကွာခြားနေပါတယ်။ Physical age ချင်း တူပေမယ့် mental age ချင်းတော့ ကွာသွားပါပြီ။
သားသားမီးမီးတို့အတွက် ရွှေသွေး၊ ပုတက်၊ တေဇ နဲ့ ကာတွန်းရုပ်ပြလေးတွေ အများကြီး ရှိပါတယ်။ စဖတ်ကာစ မှာ ပျော်ရွှင်လာအောင် ဖေဖေမေမေ ဦးဦးဒေါ်ဒေါ်တို့က ထောက်ပံ့ပေးကြရပါမယ်။ မဖတ်တတ်လာလေးတွေ ရှိရင် ကူဖတ်ပေးမယ်။ စာလုံးလေးတွေ ကူပေါင်းပေးမယ်။ ဂိမ်းစက်၊ အခွေနဲ့ ဖုန်းတွေချည်း ဝယ်ပေးနေမယ့်အစား စာအုပ်ကောင်းကောင်းလေးတွေ ဝယ်ပေးသင့်ပါတယ်။ ပတ်ဝန်းကျင်ကို စာပေ ပတ်ဝန်းကျင်အဖြစ် ပြောင်းလဲပေးရပါမယ်။ ဒါတွေက သင့်ကလေးကို တကယ်ချစ်ရင် လုပ်ပေးရမယ့် အရာတွေပါ။
စာဖတ်ဝါသနာကို ပျိုးထောင်ပေးနေခြင်းဟာ မူလတန်းကလေးတို့အတွက် စာစီစာကုံးလေ့ကျင့်နည်း တစ်မျိုးပါပဲ။ ပြီးတော့ တွေးခေါ်ခိုင်းပါ။ သားသားမီးမီးတို့ မေးခွန်းလေးတွေမေးလာခဲ့ရင် လေးလေးနက်နက် ပြန်ဖြေပေးပါ။ မသိရင်တောင် ရှာဖွေပြီး ပြန်ဖြေပေးရပါမယ်။ ဒီလိုနဲ့ သားသားမီးမီးတို့  ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာပါလိမ့်မယ်။ စာစီစာကုံးရေးတဲ့သူက ဉာဏ်ကောင်းရပါမယ်။
အလေ့အကျင့်လည်း အားကောင်းရပါမယ်။ သားသားမီးမီးတို့ရဲ့ အတွေးလေးတွေကို ပုံမှန်စာကြောင်းလေးတွေ အဖြစ် ပြောင်းလဲပေးပါ။ စကားပြောပုံစံ မဖြစ်ရင် ရပါပြီ။ ပုံမှန်စာကြောင်းလေးတွေပဲ တည်ဆောက်ခိုင်းပါ။ ပျော်ရွှင်စရာလေးတွေနဲ့ ပေါင်းစပ်ပေးပါ။ အခါအခွင့်သင့်သလို စာတူတူရေးကြပါ။ အမှတ်ပေါ်မှာ အရမ်းအာရုံမစိုက်ပါနဲ့။ တကယ်တတ်မြောက်ဖို့ကို ဦးစားပေးသင့်ပါတယ်။ ဒီလိုနဲ့ မူလတန်းသားသားမီးမီးတို့ရဲ့ အရေးအသားစွမ်းရည်တွေ တိုးတက်လာပြီး စာစီစာကုံးကို ပျော်ပျော်ရွှင်ရွှင်ရေးလာနိုင်ပါလိမ့်မယ်။

Written by Swan Htet (HapEye.Net)

Related Posts