စကြဝတေးမင်း

စကြဝတေးမင်း

ခင်ဗျားတို့ အန်တိုနီယို ဂူတာရက်စ်ကို သိလား။ မသိရင် နောက်မှ ပြောပြမယ်။ ဒါပေမဲ့ ကွီးဖြိုး(ဦးဖြိုးမင်းသိန်း)ကိုတော့ သိကြတယ်မဟုတ်လား။ ရန်ကုန် ဝန်ကြီးချုပ်လေ။ အင်း အဲ့ဒီကွီးဖြိုးမှာ ခင်ဗျားတို့မသိတဲ့ ကိစ္စတစ်ခုရှိသေးတယ်။ အဲ့ဒါကတော့ နောက်လေးနှစ် ဒါမှမဟုတ် နောက်ကိုးနှစ်လောက်မှာ ကွီးဖြိုးဟာ အန်တိုနီယိုဂူတာရက်စ်ရဲ့နေရာကို ဆက်ခံမယ့်လူ
ပဲ။ အန်တိုနီယိုရဲ့ ရာထူးကို ယူမယ့်လူဟာ ကွီးဖြိုးပဲ။
အခုဆို ကွီးဖြိုးက အရမ်းနာမည်ကြီးတယ်။ နောက်ငါးနှစ်မှာ သမ္မတဖြစ်မယ့်လူလို့လည်း ပြောကြတယ်။ အခုဆို နိုင်ငံခြားဂျာနယ်တွေက ဒေါ်စုနေရာကိုတောင် ဆက်ခံမယ့်လူလို့ ကွီးဖြိုးကို ချီးကျူးကြတယ်။ သူတို့ ဘာလို့ချီးကျူးလဲ။ဒေါ်စုနေရာ ဆက်ခံမယ်လို့ ဘာကြောင့်ပြောလဲ။
လေ့လာကြည့်ကြမယ်။
သူ့အကြောင်း ခဏခဏရေးလွန်းတော့ ခင်ဗျားတို့လည်း အမြင်ကပ်နေဦးမယ်။ ဒါပေမဲ့ ပြောပြရမှာပဲ။ ဒါမှ ကွီးဖြိုးရဲ့လုပ်ရည်ကိုင်ရည်ကို သိကြမှာ။
ကွီးဖြိုးဟာ စိတ်ထဲရှိရာ အကုန်လုပ်တယ်။ အမြင်မတော်တာတွေကို ကြည့်မနေဘူး။ အားလုံးရှင်းတယ်။ အဲ့လို ရှင်းလွန်းလို့ အခုဆို ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးဟာ သာယာလှပနေတယ်။ အမှိုက်တွေ မရှိတော့ဘူး။ တပည့်တွေဟာ ဆရာသမားက ရှင်းတတ်တာကိုသိလေတော့ အမှိုက်တွေ အကုန်ဝှက်ထားရတယ်။
သူဟာ ဧပြီလမှာ ဝန်ကြီးချုပ်ဖြစ်တော့ သင်္ကြန်နဲ့ တန်းတိုးတယ်။ သင်္ကြန်ကို ကြည့်မရလို့ထင်ပါရဲ့….. မဏ္ဍပ်တွေ ပိတ်တယ်။
ပြီးတော့ ဆောက်လုပ်ရေးသမားကို ကြည့်မရဘူးထင်ပါရဲ့….. ဆောက်လုပ်ရေးကိုရပ်ခိုင်း။
နောက်တော့ ကေတီဗီတွေ၊ မာဆတ်တွေကို ကြည့်မရလို့ထင်ရဲ့
ပိတ်ခိုင်း။
ပြီးတော့ ညဘက်ဆိုင်ဖွင့်တာ ကြည့်မရလို့ ထင်ပါရဲ့….. ၁၁ နာရီကျော်ရင်ပိတ်ခိုင်း။
နောက်တော့ မဘသကို ကြည့်မရလို့လား မသိ။ မဘသမလိုတော့ဘူးပြော။ 
ပြီးတော့ လူမိုက်တွေကို ကြည့်မရလို့ထင်ပါရဲ့….. လူမိုက်တွေကို နှိမ်နင်း။
နောက်တော့ ကွန်တိန်နာတွေကိုကြည့်မရလို့ထင်ရဲ့
ည ၉ မနက် ၆ ပဲမောင်းရမယ်ပြော။
ခက်တာက လုပ်တိုင်းအရာရာနဲ့ အကြောင်းကြောင်း ဖြစ်သွားတာချည်းပဲ။ သင်္ကြန်လည်း မဏ္ဍပ်တွေထိုးတာပဲ။ အခုလည်း ဆောက်လုပ်ရေးတွေ ပြန်ခွင့်ပြုရတာပဲ။ ကေတီဗီ၊ မာဆတ်၊ စားသောက်ဆိုင်တွေလည်း ပြန်ဖွင့်တာ အရင်အတိုင်းပဲ။ လူမိုက်တွေကလည်း ပိုဆိုးလာ။ ဒုစရိုက်တွေ ပိုဖြစ်။ မဘသကလည်း အရင်လိုပဲ။ အခုလည်း ကွန်တိန်နာတွေ အရင်လို နေ့ခင်းဘက်မောင်းမြဲ။ အဲ့လို ကမောက်ကမဖြစ်နေတာကို ကွီးဖြိုးမကျေနပ်။ ဒီတော့ မထသကို ထပ်ကိုင်တယ်။ မထသက လိုင်းကားတွေ မိုက်ရိုင်းနေတာ ကြာပြီ။ အဲ့တော့ မထသကိုဖျက်။ YBS ဆိုပြီး အစားထိုးတယ်။ ဒီတစ်ခါတော့ မဟာကမောက်ကမ ဖြစ်တော့တာပဲ။ အရပ်ကူပါ လူဝိုင်းပါ နဲ့ဖြစ်။ အခမဲ့ကားတွေ ပြေးရ။ နောက်တော့ အဆင်ပြေသွားမှာလို့ အချင်းချင်းနှစ်သိမ့်။ ကားတွေက ကြပ်ညပ်။ အလုပ်တွေ နောက်ကျ။ အလုပ်ထွက်သူတွေပါ ရှိလာ။ အခုတော့
မထသအဟောင်းတွေပဲ ပြန်ကူညီရတယ်။ ဘီအမ်တွေ၊ ဟိုက်ဂျက်တွေ၊ လိုက်ထရပ်တွေက အောက်ဆိုက်ကားအဖြစ် ပြန်ဆွဲရတယ်။ စပယ်ယာတွေ မိုက်ရိုင်းမြဲ၊ ဆဲဆိုမြဲ။ ကားတွေ ပြိုင်မောင်းမြဲ။ အရာရာ အရင်အတိုင်း။ မယုံရင် တာမွေမှာ ညနေဘက် လာကြည့်။ သူက လုပ်တာတော့ လုပ်တာပဲ။
အရာက မထင်။ ဖြစ်မြောက်တာ မရှိ။ အဲ့လို နာမည်ကြီးတဲ့လူက သမ္မတတက်လုပ်ဦးမယ်။ ဒေါ်စုနေရာကို ဆက်ခံမယ်ဆိုတော့ တစ်နိုင်ငံလုံး တုန်လှုပ်သွားကြတာ အမှန်ပဲ။ အခုဆို ဒီဒုက္ခတွေကို ရန်ကုန်တစ်ခုတည်းခံစားနေရတာ။ အခြားပြည်နယ်နဲ့ တိုင်းတွေရဲ့ ဝန်ကြီးချုပ်တွေက ကွီးဖြိုး
လိုမဟုတ်။ ကတ်ကြေးလေး ကိုင်လိုက်၊ ဖဲကြိုးလေး ဖြတ်လိုက်ဆိုတော့ သူတို့ ပြည်သူတွေခမျာ အားမရသော်ငြား ဒုက္ခမခံစားရ။ သူတို့က ကွီးဖြိုး ဘာလုပ်မလဲဆိုတဲ့သတင်းကို နားထောင်ပြီး ရန်ကုန်သားတွေကို သနားနေကြတာ။ အခု ကွီးဖြိုးက တစ်နိုင်ငံလုံးကို အုပ်ချုပ်မယ့်လူ ဖြစ်လာမယ်ဆိုတော့
လန့်သွားကြတာအမှန်ပဲ။ ဒါကြောင့် နိုင်ငံအနှံ့က ပြည်သူတွေဟာ အစည်းအဝေးထိုင်ကြတယ်။ တိုင်ပင်ကြတယ်။ ဒီကိစ္စကို ဘယ်လို လုပ်မလဲ။ ကွီးဖြိုးကတော့ တစ်နိုင်ငံလုံးကို အုပ်ချုပ်တော့မယ်။ ဘယ်လို ကာကွယ်ရမလဲ။ ဘာညာနဲ့ တိုင်ပင်တော့ အဖြေက မထွက်။ ဒီတော့ နောက်ဆုံးမှာ ကွီးဖြိုးကို နိုင်တဲ့ ဆူးလေဘိုးဘိုးကြီးဆီကိုသွားပြီး အကူအညီ တောင်းကြတယ်။
အုန်းပွဲ ငှက်ပျောပွဲလေးနဲ့။ ပြီးတော့…။
“ကွီးဖြိုးက သမ္မတဖြစ်မှာတဲ့ ကယ်တော်မူပါဦး ဘိုးဘိုးကြီးခင်ဗျား” ဆိုပြီး ငိုယိုတောင်းပန်ကြတယ်။
အဲ့မှာ ဆူးလေ ဘိုးဘိုးကြီးက ပြည်သူတွေကို သနားပြီး အကြံပေးလိုက်တယ်။
“ဒီလောက်လည်း ဝမ်းနည်းမနေကြနဲ့ ကောင်လေးတို့… မင်းတို့ ကွီးဖြိုးရဲ့ ဘုန်းကံက အရမ်းမြင့်မားနေတယ်။ ဒါကြောင့် သူဟာ မြန်မာနိုင်ငံလောက်တင် အုပ်ချုပ်ရမှာ မဟုတ်ဘူးကွဲ့။ စကြဝတေးမင်းတောင် ဖြစ်မယ့် ဇာတာရှင်။ ဒါကြောင့် သူဟာ ဒေါ်စုနေရာထက် မြင့်တဲ့နေရာကို ဆက်ခံရမှာ”
“ဘယ်သူ့နေရာလဲ ခင်ဗျ”
“အန်တိုနီယို ဂူတာရက်စ်ရဲ့ နေရာပဲကွဲ့”တဲ့ ဆိုပြီး ဘိုးဘိုးကြီးလည်း ပျောက်သွားရော။
အဲ့မှာ ပြည်သူတွေဟာ အန်တိုနီယိုဂူတာရက်စ်က ဘယ်သူလဲ။ ဘယ်ကလဲဆိုပြီး လိုက်စုံစမ်းကြ။ မေးမြန်းကြ။ နောက်မှ အန်တိုနီယို ဂူတာရက်စ်ဆိုတာ ပေါ်တူဂီကမှန်း ခြေရာခံမိသွားတယ်။ ကြည့်လိုက်တော့ အန်တိုနီယိုကလည်းဝန်ကြီးချုပ်ဟောင်းတစ်ယောက်။
ဒါနဲ့ သူ အခု ဘာဖြစ်နေသလဲ လိုက်စုံစမ်းကြတော့…။
ကုလသမဂ္ဂရဲ့ ကိုးယောက်မြောက် အထွေထွေ အတွင်းရေးမှူးချုပ်ကြီးတဲ့။ ၂၀၁၇ မှာ စတာဝန်ထမ်းဆောင်တာ။
ဟင်… ဒါဆို ကွီးဖြိုးက ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်တောင် ဖြစ်ဦးမှာပါလား…. ဆိုပြီး တစ်ကမ္ဘာလုံးအတွက် စိတ်မကောင်းဖြစ်…။ပြည်သူတွေကတော့ မြန်မာပြည်နဲ့ ဝေးလေ ကောင်းလေပဲဆိုပြီး ပျော်ရွှင်။


Source: ဆရာ စိုပြေ

Related Posts