configuration

ငြင်းခုံခြင်းအားဖြင့် အနိုင်ရမည် မဟုတ် (အပိုင်း – ၁) Open configuration options

ငြင်းခုံခြင်းအားဖြင့် အနိုင်ရမည် မဟုတ် (အပိုင်း – ၁) Open configuration options
ကမ္ဘာစစ်ကြီးပြီး၍ များမကြာမီ တစ်ညသောအခါ လန်ဒန်မြို့တွင် အဖိုးမဖြတ်နိုင်သော သင်ခန်းစာတစ်ခုကို ကျွန်ုပ် ရရှိလေသည်။ ထိုအချိန်အခါက ကျွန်ုပ်သည် ဆာရော့စမစ်၏ မန်နေဂျာ ဖြစ်လေသည်။ သူသည် သြစတြေလီယန် တိုက်သားဖြစ်၍ ကမ္ဘာစစ်ကြီးအတွင်းက ပါလက်စတိုင်းပြည်တွင် လေယာဉ်ပျံစီး သူရဲကောင်းအဖြစ်နှင့် အမှုထမ်းခဲ့ဖူးလေသည်။ ကမ္ဘာစစ်ကြီးပြီးစီးသောအခါ တစ်ကမ္ဘာလုံး၏ ထက်ဝက်ကို ရက်ပေါင်း ၃၀ မျှနှင့် ပျံသန်းပြလိုက်သောကြောင့် တစ်ကမ္ဘာလုံးက လက်ဖျားခါကြရလေသည်။ ထိုအချိန်အခါက ဤမျှ အံ့ဖွယ်သရဲဖြစ်သော စွမ်းရည်သတ္တိမျိုးကို မည်သူမျှ မပြဖူးသဖြင့် တစ်ကမ္ဘာလုံးအား ဤကဲ့သို့ ချောက်ချားခြင်း ဖြစ်စေသည်။

သြစတြေလီယန်အစိုးရသည် ဒေါ်လာငွေပေါင်း ၅၀၀၀၀ ကို ဆုအဖြစ် သူ့အားပေး၍ ဗြိတိသျှအစိုးရကမူကား သူ့ကို ဆာဘွဲ့ဖြင့် ချီးကျူးလေသည်။ ထိုအချိန်အခါက ဗြိတိသျှနိုင်ငံတော် တစ်ခုလုံးတွင် သူ့ထက် ထင်ပေါ်ကျော်ကြားသောသူ ဟူ၍ မရှိသလောက်ပင် ဖြစ်သည်။ တစ်ညတွင် ဆာရော့စမစ်ကို ချီးကျူးရန် ကျင်းပသော ညစာထမင်းစားပွဲကြီးတစ်ခုသို့ ကျွန်ုပ်လည်း တက်ရောက်လေသည်။ ထမင်းစားသောက်ပြီးနောက် ထုံးစံအတိုင်း စကားပြောကြရာတွင် ကျွန်ုပ်၏အနားတွင် ကပ်၍ထိုင်နေသော လူကြီးတစ်ဦးက ရယ်စရာပုံကလေးတစ်ပုံကိုပြောရင်း ‘တို့တစ်တွေ ဘာပဲလုပ်လုပ် ထာဝရသခင်ဟာ တို့ကံကြမ္မာကို ဖန်တီးနေတာပဲ’ ဟူသော ကောက်နုတ်ချက်တစ်ခုကို ရွတ်ပြလေသည်။

ရွတ်ပြသူက ထိုကောက်နုတ်ချက်သည် ဘိုင်ဘယ် ခေါ် ခရစ်ယာန်သမ္မာကျမ်းမှ ဖြစ်သည်ဟု ထုတ်ဖော်ပြောဆို၏။ ဤပြောဆိုချက်သည် လုံးဝမှားကြောင်းကို ကျွန်ုပ် အတပ်သိ၏။ ထို့ကြောင့် ထိုသူ၏အမှားကို ပြင်ဆင်ပေးပါဟူ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ တောင်းပန်ခြင်းမပြုဘဲ ကိုယ့်ကိုယ်ကိုယ် ကိုယ်ဖော်လိုသောစိတ်ထားနှင့် သူ့ကို ထ၍ ပြင်လေသည်။ သူကလည်း သူမှန်သည်ဟု ဇွတ်ငြင်း၍ နေ၏။
သူ။    ။’ဘယ့်နှယ် ဒီစာကို ရှိတ်စပီးယား ရေးတာ မဖြစ်နိုင်တာဗျာ၊ ခင်ဗျားဟာ ရယ်စရာကြီးပဲ၊ သမ္မာကျမ်းထဲကပါဗျ၊ ကျုပ် သေသေချာချာ သိပါတယ်’
ကျွန်ုပ်။    ။’ဟုတ်ပါတယ်ဗျ၊ ကျုပ်လည်း သေသေချာချာ သိပါတယ်၊ ဒါဟာ ရှိတ်စပီးယားရေးတဲ့စာပဲ’

ကျွန်ုပ်နှင့်ငြင်းနေသူသည် ကျွန်ုပ်၏ လက်ယာဘက်တွင် ထိုင်လျက်ရှိ၏။ ကျွန်ုပ်၏ လက်ဝဲဘက်တွင် ကျွန်ုပ်၏ မိတ်ဆွေဟောင်းဖြစ်သော မစ္စတာဖရန့်ဂင်မွန် သည် ထိုင်လျက် ရှိ၏။ ထိုမစ္စတာဂင်မွန်ဆိုသူမှာ ရှိတ်စပီးယားရေးသော စာများကို နှစ်ပေါင်းများစွာကစ၍ ကောင်းစွာ လိုက်စားဖူးသူတစ်ယောက် ဖြစ်သောကြောင့် ငြင်းသူနှင့် ကျွန်ုပ်တို့သည် မစ္စတာဂင်မွန်၏ အဆုံးအဖြတ်ကို ခံယူရန် သဘောတူကြ၏။ မစ္စတာဂင်မွန်သည် စားပွဲခုံအောက်မှ နေ၍ ကျွန်ုပ်၏ ညို့သကျည်းကို ကန်ပြီးလျှင် ‘ဒေး မင်းမှားတယ်ကွ၊ ဒီက မိတ်ဆွေက မှန်တယ်၊ ဒီစာဟာ သမ္မာကျမ်းထဲကပဲ’ ဟု ပြန်ပြော၏။

ထမင်းစားပြီး၍ အိမ်ပြန်လာကြစဉ် ကျွန်ုပ်ကစ၍ ‘ဟေ့ ဖရန့် ဘယ့်နှယ်လဲကွ၊ ဒီစာဟာ ရှိတ်စပီးယားရေးတာကို မင်းအသိသားနဲ့ ဘာဖြစ်လို့ သမ္မာကျမ်းမှာပါတယ်လို့ ပြောရသလဲကွ’ ‘တယ်ခက်တာကိုး၊ မင်းမှန်ပါတယ်ကွ၊ ဒီစာဟာ ရှိတ်စပီးယားရေးတဲ့ ဟမ်းမလက် အပိုင်းငါး အခန်းနှစ်မှာ ပါပါတယ်ကွ၊ သို့ပေမယ့် မင်းသိတဲ့အတိုင်းပဲ၊ ထမင်းစားပွဲမှာ တို့က ဧည့်သည်တွေ ဖြစ်နေတယ် မဟုတ်ဘူးလား၊ အဲဒီတော့ သူ့ကို မှားတယ်လို့ ဘာဖြစ်လို့ ရှင်းပြနေမလဲ၊ ဒီလို ရှင်းပြလို့ကော သူက မင်းကို သဘောကျလာမတဲ့လား၊ ဘာဖြစ်လို့ သူ့ကို အရှက်ခွဲမလဲ၊ နောက်ပြီးတော့လည်း အမှားပြင်ပေးပါလို့ မင်းကိုခိုင်းတာ မဟုတ်ဘူး၊ သူကိုယ်တိုင်ကလည်း အပြင်ခံချင်တာ မဟုတ်ဘူး၊ အဲဒီတော့ ဘာဖြစ်လို့ သူနဲ့ငြင်းနေမလဲ၊ ဇွတ်ငြင်းတာကို အမြဲရှောင်ပါကွာ’ ဟု မစ္စတာဖရန့်ဂင်မွန်က ပြန်ပြောဖူးလေသည်။

‘ဇွတ်ငြင်းတာကို အမြဲရှောင်ပါ’ ဤဆုံးမစကားကို ပြောသောသူသည် ယခုအခါတွင် အနိစ္စရောက်ရှာလေပြီ။ သို့သော် သူ၏ဆုံးမစကားသည် ကျွန်ုပ်အပေါ်တွင် ယခုတိုင် တည်လျက် ရှိသေး၏။ ဤဆုံးမစကားသည် ကျွန်ုပ်အတွက် အလွန်အဖိုးထိုက်တန်သော စကားဖြစ်လေသည်။ အကြောင်းမူကား ကျွန်ုပ်သည် အလျှော့မပေးတမ်း ဇွတ်ငြင်းတတ်သူတစ်ဦး ဖြစ်လေသည်။ ကျွန်ုပ်ငယ်ရွယ်စဉ်က ကျွန်ုပ်၏ညီအစ်ကိုတော်သူနှင့် စကားပြောတိုင်း ငြင်းခဲ့ဖူး၏။ ကောလိပ်ကျောင်းသို့ ရောက်သောအခါ လောဂျစ်သင်ခန်းစာကို သင်ယူ၍ စကားခြေအတင်ပြိုင်ပွဲများတွင် ဝင်နွှဲခဲ့ဖူး၏။

နောက်အတော်ကြာသောအခါ နယူးယောက်မြို့တွင် စကားအခြေအတင်ပြောနိုင်ရန် သင်ခန်းစာများ သင်ပေးသော အတန်းများကို ဖွင့်လှစ်ခဲ့ဖူး၏။ တစ်ခါတုန်းက စကားအခြေအတင် အကြောင်းနှင့်ဆိုင်သော စာအုပ်တစ်အုပ်ကိုပင် ရေးဦးမည် ကြံသေး၏။ ဤအကြောင်းကို ပြန်ပြောရခြင်းကိုပင် ကျွန်ုပ်သည် ရှက်ပါ၏။ ထိုအချိန်အခါမှစ၍ ကျွန်ုပ်သည် ကိုယ်တိုင်လည်း ဝင်ငြင်း၏။ သူများတွေ ငြင်းခုံကြသည်ကိုလည်း ကောင်းစွာအကဲခတ်ခဲ့၏။ နောက်ဆုံးတွင် တစ်ဖက်သားကိုနိုင်အောင် ငြင်းနိုင်ရန် နည်းကောင်းတစ်ခုကို တွေ့ရ၏။ ထိုနည်းကောင်းကို အခြားမဟုတ်၊ တစ်ဖက်သားနှင့် မငြင်းဘဲ ဖြစ်ပေသည်။

သင်သည် မြွေပွေးနှင့် မြေငလျင်များကို ရှောင်ရှားသကဲ့သို့ တစ်ဖက်သားနှင့် ငြင်းခုံရခြင်းကို ရှောင်ရှားပါ။ ဆယ်ခါငြင်းလိုလျှင် ကိုးခါလောက်မှာ ငြင်းခုံသော သူများသည် ‘ငါသာလျှင် မှန်သည်’ ဟု မိမိကိုယ်မိမိ တစ်ထစ်ချ ယုံကြည်ကြပြီးလျှင် လျှော့မပေးသည်ကိုသာ တွေ့ခဲ့ဖူး၏။ ငြင်းခုံခြင်းအားဖြင့် သင်သည် ဘယ်အခါမျှ အမြတ်မရှိ။ အဘယ်ကြောင့်ဆိုသော် သင်ရှုံးလျှင် အရှုံးအဖတ်တင်၏။ သင်အနိုင်ရသည့်အခါတွင်လည်း သင်ပင်လျှင် ရှုံးသည်ဟု မှတ်ပါ။ အဘယ့်ကြောင့် ရှုံးသနည်းဆိုသည်ကို ရှင်းပြပါအံ့။ ကောင်းပြီ။ သင်နှင့်ငြင်းနေသောသူအား သူမှားကြောင်းကို သက်သေသာဓက အခိုင်အလုံနှင့် ပြနိုင်သောကြောင့် သင်နိုင်သည် ဆိုပါတော့။ ဒီလို အနိုင်ရသည့်အတွက် သင်ကတော့ ပျော်နိုင်ပါရဲ့။ သူ့မှာ ဘယ့်နှယ်ဖြစ်သွားမလဲ။ သင့်ထက် ညံ့တဲ့လူတစ်ယောက် ဖြစ်တယ်လို့ လုပ်လိုက်တာနဲ့ မတူပေဘူးလား။ အဲဒီတော့ သူရှက်သွားမှာပေါ့။ ဒီလို ရှက်သွားလျှင် သူက သင့်ကို စိတ်မဆိုးပေဘူးလား။ နောက်ပြီးတော့လည်း ‘နာလိုသူပဲ လိုအောင်ပြုလျှင် သူ့အယူတွင် စွဲမြဲမည်ပင်’ ဟူသော စကားလည်း ရှိသားပဲ။ ပန်းမျူကျူရယ် အသက်အာမခံကုမ္ပဏီ တစ်ခုကမူကား ‘မငြင်းနှင့်’ ဟူ၍ မိမိ၏ အသက်အာမခံ ကိုယ်စားလှယ်များအတွက် ဥပဒေ ထုတ်ထားဖူးလေသည်။

ငြင်းခုံခြင်းအားဖြင့် အနိုင်ရမည် မဟုတ် (အပိုင်း – ၁) Open configuration options

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts