ငါးခုံးမ (အပိုင်း-၂)

ငါးခုံးမ (အပိုင်း-၂)

ငါးခုံးမ (အပိုင်း-၂)
အသံမှာ သဲကွဲလာပြီ။

“သခင်မျိုးဟေ့ တို့ဗမာ။ အရေးတော်ပုံ အောင်ပြီ” ဟူသော ကြွေးကြော်သံကြီးသည် ငဘ၏ လယ်ကွင်းတည်းဟူသော ကမ္ဘာလောကကြီးကို အမြစ်ကနေပြီး ဆွဲနှဲ့လိုက်သည်။

ငဘစိတ်ထဲတွင် ကိုသာဂေါင်၏ စပါးအပြည့် တင်လာသော ငါးရာပါ သမ္ဗန်ကြီး ရင်ဝတက်ဆောင့်သလို၊ အောင့်ခနဲ ဖြစ်သွားသည်။

ထိုအသံများ တအောင့်လာက် ပျောက်သွားပြီးနောက် တောတန်းအလွန် ရေကျော်ဝ တရုတ်ဆိုင်ဘက်ဆီမှ ဗြုန်းဗြုန်းဒိုင်းဒိုင်းအသံများ ကြားရပြန်သည်။ တော်တော်ကလေး ကြာသွားသောအခါ မီးများ ထိန်ထိန်လင်း၍ တက်လာသည်။ ကောက်ရိုးပုံ မီးရှို့သည်ကို မြင်နေကျ တောသူတောင်သားတို့အဖို့ ထိုမီးသည် ဘာမျှထူးခြားလှသည် မဟုတ်၊ သို့သော် ထိုမီးရောင်သည် ကောင်းကင်ကိုပြေး၍ ဟပ်လိုက်သောအခါ သာမညကောက်မီးရိုး မဟုတ်တန်ရာဟု ကြည့်သူအားလုံးတို့က ရင်တဖိုဖိုနှင့် မြည်တမ်းရင်း ကောက်ချက်ချလိုက်သည်။

သို့သော် သူတို့တစ်တွေ ငဘတဲနောက်ဘက်ကျကျ မြစ်ကြီးဟိုဘက်က မီးရောင်ကို မမြင်ရသေး၍သာ မြည်တမ်းရုံ မြည်တမ်းကြသည်။ မြင်လိုက်တော့ ရင်ထဲတွင်စို့ပြီး ငဘရော၊ မြတ်မွှေးရော၊ သာအိရော “တစ်ခါတော့ဖြင့် ခက်ကြရောပေါ့လကွာ” ဟု ညည်းတွားကာ မျက်ရည်များပင် ကျကြသည်။ ဟော်ရီးမှာမူကား “အာ့ကိုဂျီး၊ အာ့ကိုဂျီး၊ အားလုံး မာလကတွားကုန်ပြီ” ဟူ၍ ချုန်းပွဲချ ငိုလေတော့သည်။

ကောင်းကင်အလုံး မီးဟုန်းဟုန်းထ၍ တောက်လေပြီ။ သာအိ၊ မြတ်မွှေးနှင့် ငဘတို့ တဲရှိလူကုန် နိုးကြပြီ။ ကလေးတွေလည်း လန့်၍ တစာစာ ငိုကြသည်။ သာအိမိန်းမက ထဘီစွန်တောင်ဆွဲပြီး လန့်ပြေးပြေးရာ ဗွက်ထဲတွင် ခြေချော်လဲလိုက်သေးသည်။ လေရူးကလေး တစ်ချက် တစ်ချက် သည်ဘက်လွင့်လာလျှင် မီးလုံးကြီးလိုက်လာသကဲ့သို့ ရှိသောကြောင့် လယ်ကွင်းရှိ ကျား-မ ကလေးသူငယ်မကျန် ထွက်ပြေးမည် တကဲကဲ လုပ်သည်။ ငဘက ဟောက်ထား၍ ငြိမ်နေကြရသည်။

ငဘစိတ်ထဲတွင် ကမ္ဘာကြီး ပျက်စီးလုနီးပြီလောဟု မေးခွန်းထုတ်နေသည်။ အခြားသူများလည်း ငိုင်နေကြသည်။ ထမင်းအိုးနှစ်လုံးချက်လောက် ကြာအောင် မီးတောက်များလျှံ၍ တက်နေသည်။ ပြီးလျှင် အလင်းရောင် ဝပ်သွားသည်။ ထိုအခါမှ မိန်းမများ ကလေးများ ကိုယ့်တဲတွင်းသို့ အလျှို အလျှို ဝင်ကြသည်။

“တို့နဲ့အဝေးသားပဲကွာ၊ ကဲ-ကဲ- တဲထဲပြန်ကြ၊ မနက်ကျမှ အကြောင်းစုံသိအောင် စုံစမ်းရဦးမှာပဲ၊ အိပ်ရေးပျက်ကြမယ် သတိဝီရိယနဲ့လဲ အိပ်ကြဟေ့” ဟု ငဘက သူ့အဖော်များအား ညွှန်ကြားချက်ပေးလိုက်သည်။ သို့အတွက်ကြောင့် ယောက်ျားများလည်း ကိုယ်စီကိုယ်ငှ တဲထဲသို့ ပြန်ကြသည်။ သို့သော် ထိုညအဖို့ လူကြီးပိုင်းမှာ ကောင်းစွာ အိပ်ပျော်နေကြသည် မဟုတ်။

မိဖော့၏ ဆေးခံတောင်းထဲမှ ဆေးပေါ့လိပ်နှင့် ငဘတို့မှာ တစ်ညလုံး မဟာမိတ်ဖွဲ့နေကြသည်။ မိဖော့မှာမူကား ငဘ၏ဘေးတွင် ထိုင်ကာ ညှိုးငယ်သောမျက်နှာနှင့် ငဘ၏အကဲကို ခတ်နေသည်။ သန်းခေါင် ကြက်တွန်သောအခါမှ ငဘက တိုက်တွန်းလွန်းမက တိုက်တွန်း၍ မိဖော့အိပ်ရာဝင်သည်။ ငဘကား မှောင်ထဲတွင် ဆေးပေါ့လိပ်မီးကို ကသိုဏ်းရှုရင်း ကြောင်တက်တက် ဖြစ်နေသည်။ လင်းကြက်ဆော်လေမှ အိပ်ခန်းဝရှိ ဝါးဘိုးခါးပန်းခေါ် ခေါင်းတင်ပြီးလျှင် တခေါခေါနှင့် အိပ်မောကျသွားလေတော့သည်။

သို့သော် ငဘ၏နားထဲတွင် “သခင်မျိုးဟေ့ တို့ဗမာ” ဟူသော အသံများ ဝီခေါ်ကာ မြည်လျက်ရှိတုန်းပင်။ ညဉ့်ဦးက ကြားရသောအသံကို အိပ်လျက်နှင့် ကြားနေရသောကြောင့် အိပ်ပျော်သွားသည်ဟူ၍ပင် မထင်မိချေ။ ထိုအသံတို့မှာ အိပ်မက်ထဲက အသံလေလားဟူ၍လည်း တွေးလိုက်သေးသည်။ သို့သော် ယခုကြားသော အသံတို့မှာ နီးကပ်လွန်းလှချေ၏တကား။

တအောင့်လောက် မေ့ကနဲ အပျော်တွင် “သခင်မျိုးဟေ့ တို့ဗမာ၊ အရေးတော်ပုံ အောင်ပြီ” ဟူ၍ အသံဝါကြီးနှင့် တအားကုန် ကြုံးဟစ်လိုက်သော အသံမှာ … တန်တော့၊ ဖြိုးတုပ်ရဲ့အသံပဲ။

ငဘ ငေါက်ခနဲ ထထိုင်လိုက်သည်။ လင်းကြက်ဆော်ရုံမဟုတ်။ ထိန်ထိန်လင်းနေပြီ။ သူ့တဲခြေရင်းဘက်မှ သာအိတို့အသံကို ကြားရသည်။ “အမယ်လေးဗျ” ဟု ဟော်ရီးအော်လိုက်သော အသံကိုလည်း ကြားလိုက်သည်။ တွေဝေနေစဉ်ပင်လျှင် ဟော်ရီးကို လက်ပြန်ကြိုးတုပ်၍ ဆွဲလာသော ဖြိုးတုပ်နှင့် သူ၏အပေါင်းပါ လူနှစ်ဆယ်အစိတ်ခန့် တဲရှေ့ရောက်နေသည်ကို တွေ့ရသည်။

ဟော်ရီး၏ခေါင်းတွင် ခေါင်ရမ်းပန်းတွေ ဝေဆာ၍နေသည်ဟု ငဘက အောက်မေ့လိုက်သည်။ သေချာစွာ ပြန်ကြည့်လိုက်သော် နဖူးတွင် ဟက်တက်ပြဲနေသော ဒဏ်ရာတစ်ခုကို သွေးခြင်းခြင်း နီလျက် တွေ့ရသည်။

ဖြိုးတုပ်က ငဘ၏တဲပေါ်သို့ ပိုင်စိုးပိုင်နင်း ဝင်ရောက်လာသည်။ “ဘယ်မလဲ ထင်းရှူးသေတ္တာ” ဟု ဆိုသည်။ ငဘက ငိုင်နေသည်။ ဟော်ရီးက “အာ့ကိုဂျီး” ဟု အသံပြုသည်။ ဖြိုးတုပ်က “ဒီကုလား ဘာစကားများသလဲ” ဟု ဆို၍ ဓားနှောင့်နှင့် ကျောကိုထုသည်။ ဟော်ရီးသည် မြေပေါ်သို့ ဆောင့်ကြောင့်ထိုင်ချပြီးလျှင် တဟီးဟီး ငိုလေသတည်း။

“ဟေ့ကောင်၊ ဘယ်မှာလဲကွ” ဟု ဖြိုးတုပ်က ဘီလူးတဘက်စီးနေသော လောဘသံကြီးဖြင့် ငဘကို မေးသည်။ ငဘက ဆုတ်, ဆိုင်း, အ, ထစ် ဖြစ်နေသောကြောင့် ဖြိုးတုပ်စိတ်မရှည်နိုင်တော့ဘဲ ငဘ၏ ကျောပြင်ကို ဓားပြားနှင့် ရိုက်သည်။

ဖြိုးတုပ်မှာ လူမိုက်ပင်လုပ်နေဖူးသော်လည်း နဂိုက ဓားကိုင်ဖူးသူမဟုတ်။ သတ္တိလည်းမရှိ အရပ်ပျက်ခါမှ ဗိုလ်တက်လုပ်ရသူ ဖြစ်လေရာ ဓားပြားအရိုက်တွင် လက်အနည်းငယ် တွန့်ပုံရသည်။ ထို့ကြောင့် ရိုက်ပြီးဓားကို အသိမ်းတွင် ငဘ၏ကျောပြင်မှာ ဓားဦးရှ၍ သွားလေရာ ဖြာခနဲ သွေးတွေပန်းထွက်သည်။

မိဖော့က ကြောက်ဒူးတုန်၍ အခန်းအောင်းနေရာမှ ငဘဖြစ်ပုံကို မြင်လေသောအခါ “အမယ်လေး မြင်မကောင်း ရှုမကောင်း ဖြစ်ကုန်ပါပေါ့လား” ဟု အော်ကာ ငဘရှိရာသို့ ပြေးလာသည်။ ဖြိုးတုပ်မှာ တမတ်ဖိုးမျှသာ သခင်ဖြစ်လေရကား၊ သူ့တွင် သူရသတ္တိ တစ်မတ်ဖိုးမျှသာ ရှိသည်။ ထို့ကြောင့် ရှိသမျှသော သတ္တိကလေးနှင့်ပင် လန့်ပြီးပြေးမည်ကြံ၍ နောက်တွန့်သွားသည်။ တပည့်တပန်းများက နောက်ပိုင်းတွင် မထွက်သာအောင် သူ့ကိုပိတ်၍ ထားသောကြောင့်လည်းကောင်း၊ မိဖော့က သူ့လင်ရှိရာသို့သာ ချဉ်းကပ်၍ သွားသောကြောင့်လည်းကောင်း၊ ဖြိုးတုပ်မှာ သိက္ခာဆယ်၍ ရလိုက်ပါသေးသည်။

ငဘဖြစ်ပုံကို ဟော်ရီးမြင်လိုက်သောအခါ “အာ့ကို့ဂျီး ချွန်နော့အတွက် ဒုက္ခဖြစ်တယ်နော်၊ မကန်းဘူး ရှိတယ်။ ပေးလိုက်ပါတော့ အာ့ကိုဂျီးရယ်” ဟု ဆိုသည်။

ငဘကလည်း “ခင်ဗျားတို့လိုချင်တာ ကိုယ့်ဟာကိုယ် တက်ရှာကြပေ့ါလဗျာ” ဟု ငေါက်ဆတ်ဆတ် ပြောလိုက်သည်။

ဖြိုးတုပ်တို့လူသိုက်လည်း တဲတွင်းသို့ ဝင်ရောက်မွှေနှောက်သည်တွင် ငဘတို့ အိပ်ခန်းအောက်တည့်တည့်ရှိ စပါးပုတ်ထဲမှ ဟော်ရီး၏ သေတ္တာကို အလွယ်တကူရသည်။

ဖြိုးတုပ်က ငဘအား ခွေးမသားမျိုးဖျက်၊ ကုလားပစ္စည်းကို နင့်အမေလင်ဟာ အောက်မေ့ပြီး တရိုတသေ သိမ်းထားရသလား” ဟု ကြိမ်းသည်။ သူ့တပည့်များကိုလည်း ငဘအား လက်ပြန်ကြိုးတုပ်ရန် ဖြိုးတုပ်ကခိုင်းသည်။ သာအိနှင့် မြတ်မွှေးတို့က “သခင်ဖြိုးတုပ်ရယ် ကိုယ့်ဗမာအချင်းချင်း မလုပ်ကောင်းပါဘူး” ဟု မျက်ရည်ခံထိုး၍ တောင်းပန်လေသောကြောင့် သခင်ဖြိုးတုပ်က ခွင့်လွှတ်တော်မူသည်။

သို့သော် ဟော်ရီးကိုမူ လက်ပြန်ကြိုးတုပ်၍ သူ့တဲရှိရာခေါ်သွားသည်။ ဟော်ရီးတဲရှေ့တလင်းပြင်တွင် ဟော်ရီးစုဆောင်း၍ ထားသော စပါးတစ်ရာခန့် တစ်ပုံရှိသည်။ ဖြိုးတုပ်၏ တပည့်အပေါင်းတို့လည်း ၎င်းတို့၏ အဆောင်အဖြစ် ယူလာသော သုံးရောင်ခြယ်အလံကြီးကို ထုတ်၍ ဝါးရုံတောမှ ဝါးလုံးတစ်ခုကိုဖြတ်၍ယူကာ အလံကိုတပ်ပြီးလျှင် စပါးပုံပေါ်တွင် ထူလိုက်သည်။

တစ်ယောက်က “အရေးတော်ပုံ” ဟု သံတိုင်သည်။ အများက “အောင်ပြီ” ဟု လိုက်ဆိုရသည်။

ဤအခမ်းအနားကား ရန်သူ့ပစ္စည်းဖြစ်သော ဟော်ရီး၏စပါးကို သခင်ဖြိုးတုပ်က သိမ်းဆည်းရေးလုပ်လိုက်သော အခမ်းအနားဖြစ်သတည်း။

သခင်ဖြိုးတုပ် နိုင်ငံရေးလုပ်လာခဲ့သမျှ တိုင်းပြည်အတွက် အနစ်နာခံခဲ့ရသည်ချည်းပင်။ လူလားမြောက်သည်နှင့် တစ်ပြိုင်နက် အလုပ်မရှိ တစ်ရာ့ကိုးဖြစ်နေသောကြောင့် ဂျီ၊ စီ၊ ဘီအေခေတ်နှင့် ကြုံ၍ နိုင်ငံရေးလမ်းစဉ်အတိုင်း အစိုးရကို အာပေါင်အာရင်းသန်သန်နှင့် ကုန်း၍ဆဲခဲ့သည်။ အဆဲကောင်းသောကြောင့် အစိုးရကို အကြည်အညိုဖျက်မှုနှင့် အဖမ်းခံရတော့မလိုလို ဖြစ်ခဲ့သေးသည်။ ပုလိပ်နှင့်ကပ်ပေါင်းပြီး၊ ပုလိပ်သတင်းပေး လုပ်ခဲ့၍သာ ချမ်းသာခဲ့သည်။ ဝံသာနုကိုချည်း အားကိုးနေခဲ့ပါလျှင် ထောင်ကျသည်သာ အဖတ်တင်လိမ့်မည်။ အလုပ်အကိုင်မရှိ၍၊ နိုင်ငံရေး ဝင်လုပ်မိပါ၊ နိုင်ငံရေးဝင်လုပ်မိသောကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။ ဂျီ၊ စီ၊ ဘီ၊ အေ ဆက်ကြေးနှင့် အဘယ်မှာ စားလောက်ပါအံ့နည်း။ သို့ကလို ဖြိုးတုပ် အနစ်နာခံခဲ့ရသော်လည်း ဦးချစ်လှိုင်ကြီး သမ္မတဖြစ်တော့ နိုင်ငံရေးသမားပေါက်စ ဖြိုးတုပ်ကို ဆေးဖော်ကြောဖက်မျှပင် မလုပ်ပါ။ ထို့ကြောင့် အသက်နှစ်ဆယ့်တစ်နှစ်သားအရွယ်မှာ နှစ်ဆယ့်တစ်ဦးပါတီ ပေါ်လာသောကြောင့် တြင်းကြေအောင် နှစ်ဆယ့်တစ်ဦးပါတီထဲ ဝင်ခဲ့သည်။ သည်အခါ ကျပြန်တော့လည်း နှစ်ဆယ့်တစ်ဦးကြောင့် အဆဲသာခံရသည်။ ဘာမျှ ရပေါက်ရလမ်းမရှိခဲ့။ ဆက်ကြေးကိုပင်လျှင် မှန်မှန်ကြီး အုပ်စားနိုင်သော အခြေသို့ မရောက်ခဲ့ရချေ။ အနစ်နာခံသမျှ အလကားပဲ။ ဦးဘဖေတို့ လူသိုက်ဝန်ကြီး ဖြစ်လာသောအခါ ဖြိုးတုပ်ကို မေ့ပစ်လိုက်ကြပြန်သည်။ မသကာ လူလဲ သစ်တောရေးဝန်ကြီးတစ်ယောက် လုပ်နေတာပဲ။ ဖြိုးတုပ်ကို အကောက်စာရေးရာထူးပေးလိုက်ရင် ဖြိုးတုပ် ငြိမ်သွားမှာပ။

ယခုတော့ ဖြိုးတုပ်မငြိမ်နိုင်။ တကဲ့အရေးကျလျှင် မျိုးချစ်ပါတီကိုမှ အားကိုးရသည်။ ထို့ကြောင့် နှစ်ဆယ့်တစ်ဦးကိုကြဉ်၍ မျိုးချစ်ကိုကပ်သည်။ သို့ရာတွင် ဓားမပါတီကလည်း ခေတ်စားလာပြန်သောကြောင့် ဓားမနှင့်လည်း ရေလိုက်ငါးလိုက် ပေါင်းရသေးသည်။ ဖြိုးတုပ်ကတော့ မျိုးချစ်ကို သစ္စာစောင့်ပါသည်။ ဘုရားစူးရပါစေ။ အဲ … နို့ပေမယ့် နိုင်ငံရေးဆိုတာ လှေနံဓားထစ် မဟုတ်ဘူး။ ကာလံတဲ့၊ ဒေသံတဲ့၊ အဂ္ဂံတဲ့၊ ဓနံတဲ့။ ဘုရားဟော ဒေသနာ မဟုတ်လား၊ ဆင်းရဲသားပါတီနှင့် လုံးနေသော်လည်း ဖြိုးုတုပ်သည် မျိုးချစ်၏ လေးစားခြင်းကို ခံရပါသည်။ နိုင်ငံရေးအကင်းပါးတာကိုး။ မျိုးချစ်ခေါင်းဆောင်များကလည်း ပညာရှိတွေပဲ။ နားလည်ကြတာပ။

ငါးခုံးမ (အပိုင်း-၂)

သခင်တွေ သံပုံးတီးကြတုန်းက ဖြိုးတုပ်သည် ဂဋ္ဌုန်စစ်သူကြီးလို ဝါးရင်းတုတ်နှင့် ကူခဲ့သေးသည်။ သို့ရာတွင် ဝါးရင်းတုတ်ကြောင့် သခင်တွေနှင့် ပဋ္ဋိပက္ခမဖြစ်ခဲ့ပါ။ ဝါးရင်းတုတ် တပ်မတော်ကြီးထဲတွင် ဖြိုးတုပ် ကန့်လန့်ပါနေစေကာမူ တို့ဗမာသခင်များက နားလည်ကြပါသည်။

ဖြိုးတုပ်သည် နိုင်ငံရေးတွင် လာဘ်မြင်လာပြီဖြစ်၍ ပါတီများ အင်အားစု၍ ကောင်းတုန်းအချိန်မှာ နှစ်ဖက်ခွ၍ စားသာသဖြင့် ချောင်လည်လာသည်ဟု ဆိုနိုင်ပါ၏။ သို့သော် ဖြိုးတုပ်သည် နိုင်ငံရေးတွင် စွန့်စား၍ အနစ်နာခံခဲ့သည်တို့နှင့်စာသော် မထေမိသေးပါ။ နိုင်ငံရေးတွင် သည်တစ်ကွက် နေရာမကျသေးလျှင် ဟိုတစ်ကွက်ကို လှမ်းကြည့်ရသည်။ အဲဟိုတစ်ကွက်က စားပေါက်မပွင့်သေးဘူး ဆိုပြန်လျှင်လည်း စိတ်ရှည်ရှည် ထားတတ်ရမည်။ ဟော … သို့ကလို စိတ်ရှည်ရှည်ထားလိုက်တော့ နိုင်ငံရေး အနစ်နာခံခဲ့ရသမျှအတွက် ယခုလို ထင်းရှူးသေတ္တာကို အပိုင်စီးရကရော မဟုတ်လား။

ဤမျှ နိုင်ငံရေးအတွက် ကြီးလေးသော တာဝန်ကို ထမ်းရွက်ရရှာသော ဖြိုးတုပ်သည် မိမိ လုပ်ဖွယ်ကိုင်ဖွယ် ကိစ္စအဝဝတို့ကို ဖိဖိစီးစီး လုပ်ဆောင်ပြီးသည်နှင့်တစ်ပြိုင်နက် ငဘတို့၏ကွင်းမှ ထွက်ခွာသွားတော်မူလေသတည်း။

ဖြိုးတုပ်သည် ဟော်ရီးကို ပထမဓားစာခံအဖြစ်ဖြင့် ခေါ်သွားပြီးမှ လမ်းတစ်ဝက်တွင် ပြန်လွှတ်လိုက်သည်။ ဟော်ရီးလည်း ပြန်ခွင့်ရသော် ငဘ၏တဲသို့ ဝင်သည်။ သူ့ခမျာ ခါးတစ်ဖက်စောင်း၍ နေသည်။ တဲထဲသို့ ရောက်သောအခါ ငဘ၏ကျောပြင်တွင် အရှည်တစ်ထွာသာသာ ရှိသော ဓားရာကြီးကို သာအိ၊ မြတ်မွှေး၊ မိဖော့တို့က ရေနံဆီမီးခွက်မှရသော ရေနံဆီများ၊ မီးသီးများတို့ဖြင့် နယ်သိပ်၍ တောသားလယ်သမား၏ ဘာဝ ပထမ သူနာပြုစုခြင်းဖြင့် ပြုစုနေကြသည်ကို ဟော်ရီး တွေ့ရသည်။

ဟော်ရီးလည်း ဟီးဟီးမြည်၍ ငိုသည်။ ငိုရန် အဖော်ညှိနေသော မိဖော့က “ဟော်ရီးရဲ့၊ တစ်ခါတော့ ခက်ကြပြီပေါ့ကွဲ့” ဟု အော်ဟစ်လိုက်လေရာ မိနီနှင့် သူ့မောင်ကလေးသုံးယောက်မှာ ညံ့စာစာနှင့် ငိုကြွေးကြပြန်သည်။

ထို့နောက် သာအိက ဟော်ရီးနဖူးကို ဆေးထည့်ရန် ကြည့်သည်။ ဟော်ရီးက “နဖူးက ကိတ်ကျမချိပါဘူး၊ ခါးက ခက်တယ်၊ အားကြီးအောင့်တယ်” ဟု ဆိုသည်။ ထို့ကြောင့် သာအိက ခါးကိုကြည့်သည်။ သာအိ မျက်နှာပျက်သွားသည်။ မိဖော့က အနားကပ်မည်လုပ်သည်ကို “ခင်ဗျား မလာနဲ့၊ ကလေးတွေကိုသာ ကြည့်ပါ၊ မငိုပါစေနဲ့” ဟု ဆိုပြီး နှင်သည်။ မြတ်မွှေးကိုမူ မျက်စပစ်၍ ခေါ်သည်။ မြတ်မွှေးလည်း ဒဏ်ရာကို မြင်ရသောအခါ မျက်နှာသွေးဆုတ်သွားသည်။ သို့သော် နှစ်ယောက်သား ဟော်ရီးစိတ်မပူအောင် အရေးမကြီးသောအနေနှင့် ဒဏ်ရာကို ရေနံဆီဆွတ်ပြီး အဝတ်နှင့် ပတ်သည်။ ပြီးလျှင် ဟော်ရီးကို တဲခေါင်းရင်းတွင် လဲလျောင်းစေကာ သိပ်ထားကြသည်။ ဟော်ရီးမှာမူ ညည်းတွားရင်း မှိန်းနေသည်။ ထိုအတွင်း ငဘ၊ သာအိနှင့် မြတ်မွှေးတို့ ခေါင်းချင်းရိုက်ကြသည်။

ငဘ၏စိတ်ထဲတွင် သူ၏သာယာသော တဲအိမ်ကလေးမှာ မသာအိမ်နှင့်ပင် တူချေပြီဟု တွေးကာ ဝမ်းနည်းပန်းနည်း ဖြစ်သည်။ ထိုအချိန်အခါမျိုးတွင် ငဘ၏ သွေးချင်းသားချင်း ဖြစ်သော တို့ဗမာလယ်သမားအပေါင်းတို့မှာ ငဘနည်းတူ ဝမ်းနည်းပက်လက် ဖြစ်ကြရရှာသည်ကို ငဘ သိရလျှင် ဝမ်းနည်းဖော် ဝမ်းနည်းဖက်များနှင့်အတူ ပျော်ပျော်ကြီး ဝမ်းနည်းရမည်ဖြစ်၍ သူ စိတ်ပြေကောင်း ပြေမိပေသည်။

သုံးဦးသား ခေါင်းချင်းရိုက်ပြီးသော် လူစုခွဲလိုက်လေသည်။ ငဘလည်း ငေးမျှော်ရင်း ကျန်ရစ်သည်။ ဟော်ရီး၏ စပါးပုံဆီသို့ သူ့မျက်စိ ရောက်သွားသည်။

နံနက်လေပြည်ကလေးက ဆော်သွင်းမြူးနေသည်။ သုံးရောင်ခြယ် တို့ဗမာ ဒေါင်းလံကြီးကလည်း ဟော်ရီး၏ စပါးပုံပေါ်တွင် တဖြူးဖြူးနှင့် ဝင့်၍ နေလေသည်။

ငါးခုံးမ (အပိုင်း-၂)

မောင်ထင်ရေးသားသော ဂန္တဝင်မြောက် ပင်ကိုယ်ရေးဝတ္ထု စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

Open More Online

Related Posts