ငြင်းခုံခြင်းအားဖြင့်

ငြင်းခုံခြင်းအားဖြင့် အနိုင်ရမည် မဟုတ် (အပိုင်း – ၂)

ငြင်းခုံခြင်းအားဖြင့် အနိုင်ရမည် မဟုတ် (အပိုင်း – ၂) ~~~~
ငြင်းခုံခြင်းအားဖြင့် ကုန်များကို စွံအောင်မရောင်းနိုင်။ ငြင်းခုံခြင်းအားဖြင့် တစ်ဖက်သား၏စိတ်ကို ပြောင်းနိုင်မည် မဟုတ်ချေ။ သာဓက ထုတ်၍ ပြပါအံ့။ နှစ်ပေါင်းအတော်ကြာလောက်က ပက်ထရစ်ဂျေအိုဟဲယား ဆိုသူ အလွန်ရန်ဖြစ်ချင်သော အိုင်းရစ်လူမျိုးတစ်ဦးသည် ကျွန်ုပ်၏ထံတွင် လူပေါ်လူဇော်လုပ်နည်းများကို လာရောက်သင်ကြားဖူးလေသည်။ သူ့တွင် ပညာခံဆို၍ ပြောပလောက်အောင် မရှိပါ။ ကျွန်ုပ်တို့ထံသို့ မရောက်မီက သူသည် ရှေးဦးစွာ မော်တော်ကားမောင်း၍ အသက်မွေးလေသည်။ ထို့နောက် ထိုအလုပ်ကို စွန့်၍ ကုန်တင်မော်တော်ကားများကို ရောင်းသော ကိုယ်စားလှယ်အလုပ်ကို လုပ်ကိုင်သည်။ ကျွန်ုပ်တို့ထံသို့ သူ့အား အနည်းငယ်မေးစမ်းကြည့်ရာ သူ့မော်တော်ကားကို ဝယ်မည့်သူနှင့် သူသည် အမြဲတမ်း ရန်ဖြစ်ခဲ့ဖူးကြောင်းကို ကျွန်ုပ် သိရှိရသည်။ ဥဒါဟရုဏ်၊ ဝယ်မည့်သူတစ်ဦးက သူရောက်လျက်ရှိသော မော်တော်ကားနှင့် စပ်လျဉ်း၍ အနည်းငယ်ရှုတ်ချသော စကားတစ်ခွန်းလောက် ပြောလိုက်လျှင် အိုဟဲယားသည် မျက်နှာနီလာ၍ စိတ်ဆိုးမာန်ဆိုးနှင့် ထိုသူကို ဇွတ်ငြင်းပြန်၏။ ထိုကဲ့သို့ ငြင်းခုံတိုင်း အိုဟဲယားသာလျှင် အနိုင်ရသည်က များလေသည်။ ကျွန်ုပ်အား သူ့အကြောင်းများ ပြန်ပြောပြရာတွင် ‘ဒီလိုငြင်းခုံပြီးလို့ သူတို့အခန်းထဲက ထွက်လာတဲ့အခါ ‘ခွေးသားကြီး၊ မှတ်ရော့၊ နောက်ကိုဒီလိုပြောဦး’ လို့ ကျွန်တော့်ဟာကျွန်တော် ကြိတ်ပြီး ဝမ်းသာရတာပေါ့လေ၊ ဒါပေမယ့် မော်တော်ကားကိုတော့ တစ်စင်းမှ မရောင်းရဘူး’ ဟူ၍ ဝန်ခံဖူးလေသည်။

ထို့ကြောင့် ကျွန်ုပ်၏အတန်းတွင် သင်ကြားစက ပထမသင်ခန်းစာအဖြစ်ဖြင့် အငြင်းအခုံများကို ရှောင်ရှားရန် သူ့ကို သင်ကြားရလေသည်။ သူသည် ယခုအခါတွင် နယူးယော့မြို့ရှိ ဝှိုက်မော်တော်ကုမ္ပဏီ၏ နာမည်ကျော် ကိုယ်စားလှယ်တစ်ဦး ဖြစ်လျက်ရှိချေပြီ။ ထိုအခြေအနေသို့ရောက်အောင် မည်ကဲ့သို့ တက်သွားရသည်ကို သူကိုယ်တိုင်ပြောပြသော စကားထဲမှ ကြည့်ကြစို့။ ‘ယခုအခါ ကျွန်တော်သည် မော်တော်ကားရောင်းရန်အတွက် ဝယ်မည်ထင်သည့်သူ တစ်ဦးဦး၏အလုပ်ခန်းသို့ ဝင်မိ၍ ထိုသူက ‘ဘာလဲဗျို့၊ ဝှိုက်မော်တော်ကုမ္ပဏီက မော်တော်ကားကို ရောင်းမလို့လား၊ ခင်ဗျားတို့ကားတွေ ကောင်းမှ မကောင်းဘဲ၊ အလကားပေးတောင် မယူချင်ဘူး၊ ကျုပ်တို့ဟူးဆိတ်ကုမ္ပဏီက ကားတွေကို ဝယ်မလို့’ ဟု ပြောလျှင် ‘ဟူးဆိတ်ကားများသည် အကောင်းဆုံးဖြစ်သည်၊ အကောင်းဆုံးဖြစ်သည်’ ဟူ၍ သူသည် တစ်နေ့လုံး ဇွတ်ငြင်းနေနိုင်မည် မဟုတ်ပါ။ ထိုအခါ ဟူးဆိတ် မော်တော်ကားများအကြောင်းကို တစ်ခန်းရပ်ပြီးလျှင် ကျွန်တော့် ဝှိုက် မော်တော်ကားများ၏ ကောင်းကြောင်းကို ဆက်၍ ပြောနိုင်ပါသည်။

‘ရှေးအခါတုန်းကသာ ကျွန်တော်၏ကားများကို ယခုလိုရှုတ်ချပြီး ပြောခဲ့ပါလျှင် ကျွန်တော့်စိတ်ကို ချုပ်တည်း၍ ရမည် မဟုတ်ပါ။ ဟူးဆိတ်ကားများ ကောင်းသည်ဟု ထိုသူက စပြောလျှင်ပြောချင်း ဒီကားတွေမကောင်းဘူးဟု ကျွန်တော်လည်း ဇွတ်အတင်း ခံငြင်းမည်ဖြစ်၏။ ဤကဲ့သို့ ကျွန်တော် ဇွတ်ငြင်းလေလေ ထိုလူလည်း ဟူးဆိတ်မော်တော်ကားများအကြောင်းကို တစ်ဖက်မှ ခံငြင်းလေလေဖြစ်မည်ကား မလွဲတည်း။ ဤသို့ တစ်ဖက်မှ ငြင်းလေလေ ကျွန်တော့်ကားတွေ မရောင်းရဘဲ ဟူးဆိတ်ကားတွေ ရောင်းရလေလေပဲ။ ‘ကုန်ခဲ့သော နှစ်များကို ပြန်ကြည့်လိုက်လျှင် ရှေးအခါက ကျွန်တော်၏ကုန်များကို စွံအောင် မရောင်းနိုင်သည်မှာ ဘာမျှ အံ့သြစရာမရှိသည်ကို တွေ့ရပါသည်။ ကျွန်တော်သည် ငြင်းခုံခြင်း၊ ရန်ဖြစ်ခြင်း၊ စကားများခြင်း စသည်တို့ဖြင့် နှစ်ပေါင်းများစွာ ကုန်လွန်စေခဲ့၏။ ယခုအခါတွင်မူကား ကျွန်တော်သည် ကျွန်တော်၏နှုတ်ကို ကောင်းစွာ စောင့်စည်း၏။ ဤကဲ့သို့ စောင့်စည်းခြင်းသည် အကျိုးရှိကြောင်း ကျွန်တော် တွေ့ရ၏။

ပညာရှိ ဗင် ဖရန့်ကလင်ဆိုသူ ပြောကြားသောစကားမှာ အောက်ပါအတိုင်းဖြစ်သည်။ သင်သည် တစ်ဖက်သားကို ဆန့်ကျင်ဘက်လုပ်၍ ငြင်းခုံခဲ့လျှင် တစ်ခါတစ်ရံ သင်ပင်လျှင် အနိုင်ရကောင်းရပေမည်။ သို့ရာတွင် ထိုသို့အနိုင်ရခြင်းသည် အကျိုးမရှိသော နိုင်ခြင်းပေတည်း။ အဘယ့်ကြောင့်ဆိုသော် ထိုသို့ အနိုင်ရခြင်းဖြင့် သင်သည် တစ်ဖက်သား၏ ကြည်ညိုခြင်းကို ခံယူရလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သင့်ကိုယ်တိုင်ချိန်ဆ၍ ကြည့်ပေတော့။ စကားအနိုင်ရတာကို ယူမည်လား၊ သို့တည်းမဟုတ် လူတစ်ယောက် ကြည်ညိုခြင်းကို ခံယူမည်လား။ ဤမေးခွန်းနှစ်ခုကို ကောင်းစွာချိန်ဆ၍ ဖြေပါ။ အဘယ့်ကြောင့်ဆိုသော် နှစ်ခုစလုံးကို တစ်ပြိုင်တည်းရနိုင်ရန် ခဲယဉ်းသောကြောင့်ပေတည်း။

ဗော်စတန် ထရန်စကရစ် သတင်းစာသည် အောက်ပါလင်္ကာပျက်တစ်ခုကို ပုံနှိပ်ဖော်ပြဖူးလေသည်။ ‘ဝီလျံဂျေးမြှုပ်ထားတဲ့ ဤနေရာ သူ့လမ်းဟာ မှန်ကန်ကြောင်း မောင်းရင်းသေရှာ၊ သေအချာ မှန်ပါရဲ့ သူ့လမ်း၊ မှားလို့သေတာနဲ့ ဘယ်မခြားတယ် သွားပေါ့တစ်ခန်း’ သင်ငြင်းသမျှ စကားတို့သည်လည်း အမှန်များကောင်း များပေမည်။ သို့သော် ဤသို့ငြင်းခုံခြင်းဖြင့် တစ်ဖက်သား၏ စိတ်ကို ပြုပြင်ပြောင်းလဲနိုင်လိမ့်မည်ဟု သင်မျှော်လင့်ခဲ့ပါလျှင် သင်၏ လုပ်နည်းမှားသကဲ့သို့ သင်၏ မျှော်လင့်ခြင်းသည်လည်း အချည်းနှီး ဖြစ်ပေလိမ့်မည်။

အမေရိကန်သမ္မတ ဝီလဆင်၏ အစိုးရအဖွဲ့တွင် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ ဝီလျံ ဂျီမက်အဒူးက ‘ကျွန်ုပ်သည် နှစ်ပေါင်း အတန်ကြာအောင် နိုင်ငံရေးကို လိုက်စားလာခဲ့ပြီးသည့်နောက် လက်တွေ့သိရှိရသော သင်ခန်းစာတစ်ခုသည်ကား အခြားမဟုတ်၊ ငြင်းခုံခြင်းဖြင့် လူပြိန်းတစ်ယောက်၏ စိတ်ကို မပြောင်းလဲနိုင် ဟူသော သင်ခန်းစာပင် ဖြစ်လေသည်’ ဟု ထုတ်ဖော်ပြောဆိုဖူးလေသည်။ အို၊ မစ္စတာ မက်အဒူး၊ ‘လူပြိန်း’ ဟူ၍သာ သင်သည် လျှောလျှောပေါပေါ ပြောသွားပေသည်။ ကျွန်ုပ် တွေ့ခဲ့ဖူးသမျှထဲတွင် မည်မျှလောက်ပင် ပညာတတ်နေသောသူ ဖြစ်စေကာ ငြင်းခုံခြင်းဖြင့် သူ့စိတ်ကို ပြောင်းလဲ၍ မရနိုင်ချေ။

သာဓကတစ်ခု ထုတ်ပြပါအံ့။ ဖရက်ဒရစ် အက်စပါဆင်ဆိုသူ အမြတ်တော်ကြေး အတိုင်ပင်ခံတစ်ဦးသည် အစိုးရ အမြတ်တော်ကြေးအရာရှိတစ်ဦးနှင့် တစ်နာရီလောက် ကြာအောင် ငြင်းခုံလျက်ရှိ၏။ အစိုးရအရာရှိက အမြတ်တော်ငွေ ကိုးထောင်အပေါ်တွင် အမြတ်တော်ကြေးကောက်ခံရာ အမြတ်တော်ကြေး အတိုင်ပင်ခံကလည်း ထိုဒေါ်လာငွေ ကိုးထောင်သည် ဆုံးမည့်ကြွေးဖြစ်သောကြောင့် ထိုငွေအတွက် အမြတ်တော်ကြေး မပေးထိုက်ကြောင်းနှင့် ထုချေ၏။ အမြတ်တော်ကြေး အတိုင်ပင်ခံက ငြင်းလေလေ အမြတ်တော်ကြေး အရာရှိကလည်း ‘ဆုံးမည့်ကြွေးမကလို့ ဘာပဲဖြစ်ဖြစ် အမြတ်တော်ကြေး ပေးရမည်ဟု’ ဇွတ်အတင်း ပြောလေလေ ဖြစ်နေ၏။

ထိုကိစ္စနှင့်စပ်လျဉ်း၍ အမြတ်တော်ကြေးအတိုင်ပင်ခံ မစ္စတာ ပါဆင်ကိုယ်တိုင် အောက်ပါအတိုင်း ကျွန်ုပ်တို့အား ပြန်ပြောဖူးလေသည်။ အမြတ်တော်ကြေးအရာရှိသည် အလွန်အပြောရကျပ်သော လူတစ်ဦးဖြစ်၏။ မာနလည်း အလွန်ကြီး၏။ နည်းလမ်းတကျ ဘယ်လိုပင် ပြောပြသော်လည်း နားမဝင်တော့ချေ။ ကျွန်ုပ်က ငြင်းလေလေ သူကပို၍ ခေါင်းမာလေလေ ဖြစ်၏။ ထို့ကြောင့် ငြင်းခုံခြင်းကို ရပ်စဲလိုက်ပြီးနောက် နည်းသစ်တစ်ခုကို ထွင်ရလေသည်။ ထိုနည်းသည်ကား အခြားမဟုတ် သူ့ကို ချီးကျူးခြင်းပင် ဖြစ်လေသည်။

‘ဝန်ထောက်မင်း နေ့စဉ်ဆုံးဖြတ်နေတဲ့ ကိစ္စများနှင့် စာလိုက်ရင် ယခုကိစ္စဟာ အသေးအမွှားကလေးနေမှာပေါ့၊ အမြတ်တော်ကြေး ကောက်ခံပုံစနစ်ကို ကျွန်တော်လည်း ကောင်းစွာ လေ့လာခဲ့ဖူးပါတယ်၊ သို့ပေမယ့် ကျွန်တော်ကတော့ စာအုပ်ထဲမှာရှိတဲ့ ပညာတွေလောက်သာ လေ့လာဖူးတာပဲ၊ ဝန်ထောက်မင်းလိုတော့ လက်တွေ့အလုပ်ကို မလုပ်ဖူးဘူး၊ အဟုတ်ပြောတာပါ၊ တစ်ခါတလေများ ဝန်ထောင်မင်းတို့လို အလုပ်မျိုးကို လုပ်ရရင် သိပ်ကောင်းမှာပဲလို့ အောက်မေ့မိပါတယ်၊ ဒီလိုလုပ်ရရင် ကျွန်တော့်မှာလည်း အသိဉာဏ် အတော်တိုးမှာပဲ’ ဟု ကျွန်တော်က ပြောပြ၏။ ထိုပြောသမျှ စကားထဲတွင် အကယ်စင်စစ် အပိုတစ်လုံးမျှ မပါပါ။ ကျွန်တော့်စိတ်ထဲရှိသမျှတွင် အရင်းတိုင်းနှင့် ပြောပြလိုက်ခြင်း ဖြစ်သည်။

ထိုစကားကို ကြားရသောအခါ အမြတ်တော်ကြေး ဝန်ထောက်သည် ခါးဆန့်ပြီးလျှင် ကုလားထိုင်နောက်ကို မှီ၍ စာရင်းလိမ်ပြသောသူများကို မိအောင် ဘယ်ပုံဘယ်နည်း ဖမ်းဆီးခဲ့ရဖူးသည် အစရှိသဖြင့် သူ၏အလုပ်အကြောင်းကို အချိန်အတော်ကြာစွာ ကျွန်တော့်အား ပြောပြပါသည်။ စကားပြောရင်း သူ၏လေသံသည် တွေ့စကလောက် မမာတော့ချေ။ အတော်ပင် ရင်းရင်းနှီးနှီးဖြစ်လာပြီးနောက် သူ့ကလေးများ၏ အကြောင်းကို ဆက်၍ပြောပြန်ပါသည်။ ကျွန်တော့်အခန်းမှ ထွက်ခါနီးတွင် ကျွန်တော်၏ကိစ္စကို ထပ်မံစဉ်းစား၍ ရက်များမကြာခင် သူ၏နောက်ဆုံး ဆုံးဖြတ်ချက်ကို ပေးပါမည်ဟု ပြောသွားလေသည်။

သုံးရက်ကြာသောအခါ သူသည် ကျွန်ုပ်၏ အလုပ်ခန်းသို့ လာပြီးလျှင် ငွေကိုးထောင်အပေါ်တွင် ကောက်ထားသော အမြတ်တော်ကြေးကို လျှော်ပစ်လိုက်ပြီဟူ၍ အကြောင်းကြားပါသည်။ အမြတ်တော်ကြေး ဝန်ထောက်၏စိတ်ထားသည် အထူးအဆန်း မဟုတ်ချေ။ လူတိုင်းမှာလည်း ဤကဲ့သို့ စိတ်ထားမျိုးရှိကြလေသည်။ သူသည် သူ့ကိုယ်ကို အထင်ကြီးနေ၏။ မစ္စတာပါဆင်နှင့် ငြင်းနေစဉ် သူ၏အာဏာကိုပြရန် အခွင့်အလမ်းကို သူသည် ရရှိခဲ့၏။ သို့ရာတွင် မစ္စတာပါဆင်သည် အငြင်းကိုရပ်ပြီးလျှင် သူ၏အာဏာကို ပြခွင့်ရသဖြင့် တစ်ပြိုင်နက် သူသည် သူ၏အာဏာကို ပြခွင့်ရသဖြင့် များစွာကျေနပ်ပြီးလျှင် တစ်ဖက်သားကို သနားညှာတာတတ်သော လူတစ်ယောက် ဖြစ်လာလေသည်။

နပိုလီယန်၏ အိမ်တော်ကျွန်ဖြစ်သော ကွန်စတင်ဆိုသူသည် ‘နပိုလီယန်၏ အတွင်းရေးများအကြောင်း’ ကို စာအုပ်အဖြစ် ရေးသားဖူးလေသည်။ သူသည် နပိုလီယန်၏ မိဖုရား ဂျိုးဆက်ဖင်နှင့် ဗိလိယက် ကစားသည့်အကြောင်းကို အောက်ပါအတိုင်း ဖော်ပြထားသည်မှာ မှတ်သားဖွယ်ရာပင်။ ‘ကျွန်ုပ်တွင် အစွမ်းရှိသော်လည်း မိဖုရားကြီးနှင့် ကစားတိုင်း ကျွန်ုပ်ကသာ အရှုံးပေးလေ့ရှိရာ မိဖုရားကြီးသည် အလွန် နှစ်သိမ့်တော်မူလေသည်’

ကျွန်ုပ်တို့သည် ကွန့်စတင့်ထံမှ ကျွန်ုပ်တို့အတွက် အမြဲသင့်တင့်သော ဤသင်ခန်းစာကို ယူကြပါစို့။ ကျွန်ုပ်တို့ထံတွင် ကုန်ဝယ်လာကြသူများ၊ ကျွန်ုပ်တို့၏ ရည်းစားများ၊ ကျွန်ုပ်တို့၏ လင် သို့မဟုတ် မယားများနှင့် ဆိုင်မိသောအခါ ကျွန်ုပ်တို့တွင် နိုင်အောင် ငြင်းနိုင်သော အစွမ်းများ ရှိပင်ရှိလင့်ကစား သူတို့ကို အနိုင်ပေးလိုက်ကြပါစို့။ ‘ဒေါသကို မေတ္တာဖြင့် နိုင်စေရာသည်’ ဟု ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင်က ဟောကြားတော်မူခဲ့ဖူးလေသည်။ ထိုနည်းအတိုင်းပင် တစ်ဦးနှင့်တစ်ဦး အယူအဆလွဲနေခြင်းကို ငြင်းခုံခြင်းဖြင့် ကွယ်ပျောက်သွားအောင် မလုပ်နိုင်။ သာယာချေငံစွာ ပြောဆိုတတ်ခြင်း၊ နှုတ်ချိုခြင်း၊ တစ်ဖက်သားကို လျှော့ပေးခြင်း၊ တစ်ဖက်သား၏ဆန္ဒကို တကယ်ပြည့်ဝအောင် လုပ်ပေးလိုသော စိတ်ထားရှိခြင်းတို့သာလျှင် တစ်ဦးနှင့်တစ်ဦး အယူအဆလွဲနေခြင်းကို ပပျောက်သွားအောင် စွမ်းဆောင်နိုင်လေသည်။

တစ်ခါတုန်းက စစ်ဗိုလ်ကလေးတစ်ဦးသည် မိမိအဖော်တစ်ယောက်နှင့် အပြင်းအထန် ငြင်းခုံလျက်ရှိရာ ‘မိမိကိုယ်ကို အထက်ဆုံးအတန်းသို့ရောက်အောင် ရည်ရွယ်ချက်ရှိသူသည် စကားအနိုင်လု၍ ငြင်းခုံနေရန် အချိန်မရှိချေ၊ ထိုမျှမကသေး၊ ငြင်းခုံခြင်းတည်းဟူသော အကြောင်းမှ ပေါ်ပေါက်လာသော စိတ်တိုခြင်း၊ ဒေါသကို မထိန်းသိမ်းနိုင်ခြင်း စသည့် အကျိုးတို့ကိုလည်း ထိုသူသည် မလိုလားအပ်ချေ။ ဆတူ ဖြစ်နေလျှင်လည်း လျှော့ပေးပါ၊ သို့မဟုတ် ကိုယ်ကပင် နိုင်လျှင်လည်း လျှော့ပေးပါ။ သင်ပိုင်သော နေရာဖြစ်ပါစေ၊ ထိုနေရာကို ရရန်အတွက် အကိုက်ခံ၍ ခွေးတစ်ကောင်နှင့် ဖက်ပြီး လုမနေပါနှင့်၊ ခွေးကိုက်ခံရလျှင် ထိုခွေးကို သတ်ပစ်သော်လည်း အနာပျောက်မည် မဟုတ်ချေ’ စသည်ဖြင့် သမ္မတလင်ကွန်းသည် စစ်ဗိုလ်ကလေးကို ဆုံးမဖူးလေသည်။

ထို့ကြောင့် ဥပဒေသအမှတ် ၁ သည် အောက်ပါအတိုင်း ဖြစ်၏။ တစ်ဖက်သားကို မိမိဘက်သို့ပါအောင် လုပ်ရန်အတွက် အကောင်းဆုံးသော နည်းတစ်ခုသည် ‘ငြင်းခုံနေခြင်းကို ရှောင်ရှားပါ’။

ငြင်းခုံခြင်းအားဖြင့် အနိုင်ရမည် မဟုတ် (အပိုင်း – ၂)

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts