ငရှဉ့်

ငရှဉ့် (သို့မဟုတ်) စတီးဝပ်အချုပ်ကို မျက်လှည့်ပြခဲ့သူ

အင်းစိန်ထောင်ရဲ့ ဂန္တဝင်လူမိုက်ကြီးများ သေဒဏ်ကြိုးလွတ် မြဂေါင်ကို ထောင်ထဲမှာ သတ်နိူင်ခဲတဲ့ သာကေတ ကွင်းမသိမ်ချောင်းသား ငရှဉ့် ရဲ့ရာဇဝင်ကလည်း တော်ရုံတန်ရုံ မဟုတ်ပါဘူး။ ငရှဉ့် က ခိုးဆိုးလုယက်မှုပေါင်းများစွာကို ကျူးလွန်ခဲ့တဲ့အတွက် တရားရုံးအသီးသီးက နှစ်ပေါင်း ၃၀ ကျော် ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဥပဒေကိုလက်တစ်လုံးခြားလုပ်တတ်တဲ့ ငရှဉ့်တို့လို ဒုစရိုက်သမားတွေက ထောင်အပြင်ကိုု တစ်နည်းနည်းနဲ့ ထွက်လို့ရအောင် ဒါမှမဟုတ် ထောင်ထဲက ထွက်ပြေးနိူင်အောင် အမြဲတမ်း အကြံထုတ်နေလေ့ ရှိပါတယ်။ တကယ်လည်း ငရှဉ့် ကစိတ်ကူးထားတဲ့ အကြံစည်အတိုင်း အင်းစိန်ထောင်ထဲက လွတ်သွားခဲ့ပါတယ်။ ငရှဉ့်လွတ်သွားပုံကို လေ့လာလျှင်ကြိုတင်အကွက်ချစီစဉ်မှုမှာ ဆရာကြီးတစ်ပါးဆိုတာ ပေါ်လွင်လာ ပါတယ်။

၁၉၈၉ က ငရှဉ့်ဟာ အဆောင်(၃)၊ အခန်း(၄) ရဲ့ အခန်းလူကြီးဖြစ်ပြီး အခန်းစာရေးက သုံးဘီး ဖြစ်ပါတယ်။ သုံးဘီးမှာ လူနာမည်ရှိပေမယ့် ပါးဖောင်းဖောင်း ရှေ့သွားလေးက ထွက်နေလို့ အကျဉ်းသားတွေက သုံးဘီးကားနဲ့ တူတယ်ဆိုပြီး သုံးဘီးလို့ အမည်တွင်ခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ တန်းစီးငရှဉ့်နဲ့ အခန်းစာရေးသုံးဘီးတို့ ဆရာတပည့် နှစ်ယောက်ဟာ အင်းစိန်စံပြ ထောင်ထဲကနေ ပုံစံအသီးသီးနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ လွတ်မြောက်သွားပုံက သုံးဘီးဟာ အင်းစိန်ထောင်ကနေ ပဲခူးလှေလှော်အင်း ရဲဘက်စခန်းကို ပါသွားခဲ့ပါတယ်။ ဒါပေမဲ့ အကျဉ်းသားတွေကို လိုက်ပို့တဲ့ ရထားတွဲထဲမှာ သူနဲ့အတူ ရဲဘက်အကျဉ်းသား နှစ်ယောက်နဲ့ ထောင်အခေါ် ကစ်ပုံ (ရဲဘက်အကျဉ်းသားတွေရဲ့ အိပ်ရာလိပ်၊ စောင်၊ စားစရာများကို စုစည်းထားရသော နေရာ) အောက်ခြေကို ဖောက်ထွင်းပြီး ရထားဘီးတွေအောက်က
သံလမ်းမှာ ဝပ်ပြီးနေခဲ့ပါတယ်။ ရထားထွက်သွားတော့ လုံခြုံရေးတွေမသိဘဲ ဘူတာထဲမှာ သူတို့သုံးယောက်ကျန်ခဲ့ပြီး လွတ်မြောက်သွားခဲ့တာပါ။

အခန်းလူကြီးငရှဉ့်ဟာ သူ့ရဲ့တပည့်ကျော် သုံးဘီး လွတ်မြောက်သွားတဲ့အကြောင်းကို တဖွဖွပြောရင်း ထောင်ထဲကနေ နေ့စဉ် အားကျနေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူကိုယ်တိုင် အင်းစိန်ထောင်ထဲက လွတ်မြောက်အောင် ကြံစည်ပါတော့တယ်။ နိူင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အစိုးရခေတ်မှာ ငွေပေးရင် ဘာမဆိုလုပ်လို့ရတဲ့ခေတ် ဖြစ်ပါတယ်။
ငရှဉ့်ရဲ့အခြေအနေက ထောင်ထဲမှာ အနေချောင်ပြီး ကျသစ်တွေကို စိတ်တိုင်းကျ ချွတ်ခွာနိူင်တာမို့ အင်မတန်ဝင်ငွေကောင်းပါတယ်။
ဒါကြောင့် ငွေများများစုမိရင် မိသားစုကိုတောင် ထောင်ထဲကနေ ထောက်ပံ့နိူင်တဲ့ အထိပါပဲ။ ဒီအခြေအနေကို အသုံးချပြီး ငရှဉ့်က နောက်မှုထွက်ဖို့ ကြံစည်ပါတော့တယ်။ ထိုခေတ်အခြေအနေ ကလည်း ပိုက်ဆံနည်းနည်း သုံးလိုက်ရင် ငရှဉ့်လို ရာဇဝင်ရှိတဲ့ လူမိုက်တွေက ထောင်ထဲမှာ အမှုတစ်ခုမဟုတ်တစ်ခုရှာပြီး နောက်မှုထွက်လို့ရပါတယ်။ ထောင်ကျပြီးသား အကျဉ်းသားတွေ နောက်မှုထွက်တဲ့ အခါမှာတော့ ခြေချင်းခတ်လေ့ရှိပါတယ်။ ထောင်အပြင်ကို ထောင်ကျအကျဉ်းသား နောက်မှုထွက်ရင် ခြေကျင်းသံ တချွင်ချွင်နဲ့ပေါ့။ ဒါပေမဲ့ ငရှဉ့်တို့လို ဆရာကြီးတွေ အတွက် ထောင်ခြေကျင်းဘုတ်က ပေါ့ပါးပြီး ပါးလှပ်နေတဲ့ အထူးခြေကျင်းတွေ ပြုလုပ်ပေးလေ့ရှိပါတယ်။ ကြောက်ရတာကိုး။ ဒီခြေကျင်းတွေကတော့ ပါတယ်မထင်ရလောက်အောင် ပေါ့ပါး ပါတယ်။

ငရှဉ့်ဟာ မိသားစုနဲ့ တိုင်ပင်ပြီး နောက်မှုထွက်ပါတယ်။ လူူမိုက်အများစု နောက်မှုထွက်ရတဲ့ရုံးကတော့ စတီးဝပ်အချုပ်လို့ ခေါ်ပါတယ်။ ရန်ကုန်မြို့လယ်ခေါင်က ဘားလမ်းမှာရှိပါတယ်။ စတီးဝပ်အချုပ်ကို ရုံးထွက်တဲ့ သူတွေဟာ မိသားစုနဲ့လည်း တွေ့ခွင့်ရတယ်။ ကိုယ်စားချင်တာလည်းစားလို့ရတယ်။ တစ်ခါတစ်ရံ အမှုစစ်တာ နောက်ကျရင် ထောင်ကို ပြန်မပို့တော့ဘဲ
စတီးဝပ်အချုပ်မှာပဲ ညသိပ်ချုပ်ထားလိုက်ပါတယ်။ ဒါမျိုး ကြုံတွေ့တဲ့အခါမျိုးမှာ ငရှဉ့်တို့လို ပိုက်ဆံပေါတဲ့ လူဆိုးကြီးတွေအတွက် နိဗ္ဗာန်ဘုံပါပဲ။ ညဘက်မှာ တာဝန်ကျ ရဲဝန်ထမ်းနဲ့ပေါင်းပြီး အရက်ကစလို့ ဆေးခြောက်အဆုံး ကြိုက်တာသုံးလို့ ရပါတယ်။ နောက်တနေ့မှာ အချုပ်ကားနဲ့ ထောင်ကိုပြန်ရုံပါပဲ။ ဒီလိုနဲ့ ငရှဉ့်တစ်ယောက် နောက်မှုရုံးထွက်တာ အကြောင်းပြုပြီး စတီးဝပ်အချုပ်ကို မျက်လှည့်ပြပြီး ပဉ္စလက်ဆန်ဆန် လွတ်မြောက်သွားခဲ့ပါတယ်။ လွတ်မြောက်ပုံ လွတ်မြောက်နည်းကလည်း အင်မတန် ပညာပါပါတယ်။ ငရှဉ့်ဟာ ပထမဆုံး ရုံးထွက်တဲ့တကြိမ်၊ နှစ်ကြိမ်မှာ ထောင်ဝန်ထမ်းတွေနဲ့ ရဲသားတွေကို အယုံသွင်းနိူင်ခဲ့ပါတယ်။ သူ့ရဲ့လမ်းကြောင်းကို လုံခြုံရေးလိုက်ရသူတွေကို ဆေးလိပ်ဆို ဆေးလိပ်၊ လက်ဖက်ရည်ဆို လက်ဖက်ရည် လိုလေသေးမရှိ ကျွေးမွေး ထားတယ်။ ကားပေါ်ကို အကျဉ်းသား၊ အချုပ်သားတွေ တင်ရာမှာလည်း လူစစ်ဖို့ ဝန်ထမ်းတွေကို အမြဲတမ်း အကူအညီ ပေးခဲ့ပါတယ်။

တစ်ဖက်မှာလည်း သူ့ရဲ့မိန်းမကို နောက်တစ်ခါ လာတွေ့ရင် အရပ်ဝတ်ပုဆိုးနဲ့ မျက်မှန်ကိုယူလာပေးဖို့ တိုးတိုးတိတ်တိတ် မှာကြားခဲ့တယ်။ မိန်းမက ပေးလိုက်တဲ့ အဲဒီပစ္စည်းတွေကို အင်းစိန်ထောင် ဗူးတံခါးဝမှာ အကျဉ်းဦးစီးဝန်ထမ်းနဲ့ နားလည်မှု ယူပြီး ထောင်ထဲကိုသွင်းနိူင်ခဲ့ပါတယ်။

ငရှဉ့်ရုံးထုတ်ကနေ လွတ်မြောက်သွားတဲ့နေ့ကတော့ အရပ်ဝတ်ပုဆိုးနဲ့ မျက်မှန်ကို ထောင်ကနေ စတီးဝပ်ကိုသွားရာ အချုပ်ကားပေါ်ကိုဝှက်ပြီး ယူလာနိူင်ခဲ့ပါတယ်။ အဲဒီအချိန်က အကျဉ်းသားတွေရဲ့ဝတ်စုံက အဖြူရောင်ဝမ်းဆက်ဖြစ်ပါတယ်။ ငရှဉ့်က အရပ်ဝတ်ပုဆိုးကို နှစ်ခေါက်ခေါက်ပြီး အကျဉ်းသားဝတ်စုံ အောက်ကနေခံပြီး ဝတ်လာခဲ့ပါတယ်။ စတီးဝပ်အချုပ်ကိုရောက်လို့ ကားထဲက အကျဉ်းသားတွေကားထဲက နှစ်ယောက်တတွဲ အပြင်ကို ဆင်းတဲ့အခါမှာ လူမပျောက်အောင် အော်ပြီး ရေတွက်ရပါတယ်။ စစ်ဆေးရမဲ့ရဲသားက အလုပ်မလုပ်ချင်တဲ့အတွက် ငရှဉ့်က လူအရေအတွက်ကို အော်ရပါတယ်။ အဲဒီအခါမှာ ငရှဉ့်က နံပါတ်တစ်ခုကို ဖျောက်လိုက်ပြီး ကားထဲကနေ အမြန်အော်ပါတယ်။
လူစာရင်းကိုက်သွားပြီးတဲ့အခါ ကားထဲကနေ အရပ်ဝတ်ပုဆိုးနဲ့ မျက်မှန်နဲ့ လူတစ်ယောက်ဆင်းလာပါတယ်။ ရဲသားက အဲ့ဒီလူကို ထောက်လှမ်းရေးကလို့ထင်ပြီး ဘာမှမစစ်ဆေးခဲ့ပါဘူး။ သူက ခပ်တည်တည်နဲ့ တရားရုံးတွေဘက် လမ်းလျှောက်ထွက်သွားတယ်။
ဒီလိုနဲ့ ငရှဉ့်ဟာ စတီးဝပ်ထောင်ကနေ လွတ်မြောက်သွားခဲ့တာ ဖြစ်ပါတယ်။ ငရှဉ့်က အကျဉ်းသားဝတ်စုံအပေါ်ကနေ အရပ်ဝတ်ပုဆိုးကိုဝတ်၊ ရေဘင်မျက်မှန်တပ်ပြီး ရုပ်ဖျက်ခဲ့သလို သူ့ရဲ့ စပယ်ရှယ်ခြေကျင်းတွေကို အသံမမြည်အောင် ခြေသလုံးမှာ ကြိုးနဲ့ချည်ထားလိုက်ပါတယ်။ ဒါကြောင့်ဘာသံမှ မထွက်ဘဲ စတီးဝပ်ကနေ လွတ်သွားခဲ့တာဖြစ်ပါတယ်။

ငရှဉ့်ပဲဖြစ်ဖြစ်၊ သုံးဘီးပဲဖြစ်ဖြစ် အရမ်းလုံခြုံတဲ့ နံရံလေးဘက်ထဲ ကနေ လွတ်မြောက်အောင် ဘယ်လိုပဲ စွမ်းဆောင်နိူင်ခဲ့နိူင်ခဲ့ သူတို့ရဲ့အားအနည်းဆုံးကတော့ ချည်တိုင်ကိုပြန်သွားခြင်းပါပဲ။ သုံးဘီးဟာ ရဲတွေကိုခြေရာဖျောက်ပြီး အပြင်လောကမှာ လအတန်ကြာ နေနိူင်ခဲ့ပေမယ့် သူရဲ့မိန်းမဆီကို ပြန်လာတဲ့အချိန်မှာပဲ စောင့်ကြည့်နေတဲ့ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ ပါတယ်။
သုံးဘီးလိုပဲ ငရှဉ့်လည်း စတီးဝပ်က လုံခြုံရေးဝန်ထမ်းတွေ၊ ရဲသားတွေကိုမျက်လှည့်ပြနိူင်ခဲ့ပေမဲ့ နောက်ဆုံးတော့ ချည်တိုင်ကို ပြန်ခဲ့လို့ ဖမ်းမိခဲ့တာပါပဲ။ လူဆိုး လူမိုက်တွေဟာ ရက်စက်ကြမ်းတမ်းကြပေမဲ့ သူတို့လည်း လူသားတွေမို့
မိသားစုကို ခင်တွယ်တဲ့စိတ်တွေ၊ သားသမီးကို ချစ်တဲ့စိတ်တွေ ရှိကြပါတယ်။ ဒါပေမဲ့ ဒီခံစားမှုကို လူတွေသိအောင် သူတို့က ထုတ်ဖော်မပြတတ်ပါဘူး။ ဒါကြောင့်လည်း သူတို့ကိုဖမ်းမယ့် ရဲတွေရဲ့ရန်က ဘယ်လိုပဲ လွတ်အောင်ရှောင်ရှောင် မိသားစုနဲ့ ပတ်သတ်လာရင်တော့ အားနည်းချက်ရှိစမြဲမို့ ဖမ်းမိကြတာပဲ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကလည်း နာမည်ကျော်ဇော်တဲ့ လူဆိုး၊ လူမိုက်တွေရဲ့ ‘ကီး’ ကို ကောင်းကောင်း နားလည် သဘောပေါက် ထားပြီး ဖြစ်ပါတယ်။  ဒါကြောင့် မှုခင်းတစ်ခုဖြစ်ပြီး ထွက်ပြေးသွားတဲ့ လူဆိုးမှန်သမျှနဲ့ ၈၀ ရာခိုင်နှုန်းကို ချည်တိုင်မှာပဲ စောင့်ပြီး ဖမ်းခဲ့ကြပါတယ်။ ငရှဉ့်နဲ့ သုံးဘီးဟာလည်း မိသားစုကို ခင်တွယ်တဲ့ လူဆိုးတွေမို့ နောက်ဆုံးဖမ်းမိသွားတာပဲ ဖြစ်ပါတယ်။

အင်းစိန်ထောင်ထဲကို ပြန်ရောက်လာတော့ ငရှဉ့်နဲ့သုံးဘီးဟာ စစ်ခွေးတိုက်ထဲမှာ ပြန်ဆုံခဲ့ပါတယ်။ လပေါင်းများစွာ စစ်ခွေးတိုက်ထဲမှာ ပြစ်ဒဏ်ကျခံပြီးနောက် ဂန္တဝင်လူမိုက်ကြီးတွေရဲ့ ပြန်လမ်းအတိုင်း အကျဉ်းသားများစွာ ရှိနေတဲ့ အိပ်ဆောင်တွေဆီ ပြန်ရောက်လာကြတာပါပဲ။ တစ်ချိန်က ငရှဉ့် အင်းစိန်ထောင်ထဲမှာ ဘုန်းမီးနေလ တောက်ပစဉ်က ထောင်အာဏာပိုင်တွေက လက်သပ်မွေးပြီး နိူင်ငံရေး အကျဉ်းသားတွေကို နှိပ်ကွပ်ခိုင်းပေမဲ့ ငရှဉ့်က နိူင်ငံရေးသမားတွေရဲ့ ယုံကြည်ချက်နဲ့ စိတ်ဓာတ်ကို ရိပ်စားမိလို့ “အမြစ်ရှည်တဲ့ သစ်ပင်က တစ်နွေ၊ နှစ်နွေ … ရေမရှိရင်လည်းရှင်တယ်ကွ” ဆိုပြီး ခိုင်းတိုင်းမလုပ်နိူင်ခဲ့ပါဘူး။ သူတို့စိတ်ထဲမှာလည်း အင်မတန်ကြောက်ရတဲ့ ထောင်မှူး၊ ထောင်ပိုင်တွေကို နိူင်ကျဉ်းတွေက မကြောက်မရွံ့ဘဲ ဥပဒေ အားနည်းချက်တွေ ဝေဖန်ထောက်ပြတာမျိုးတွေကို တိတ်တခိုး လေးစားအားကျနေတာပါ။

ထောင်အာဏာပိုင်တွေရှေ့မှာတော့ နိူင်ငံရေးသမားတွေကို ဟိန်းလိုက်ဟောက်လိုက် ခြိမ်းခြောက်လိုက်နဲ့ ငရှဉ့်တစ်ယောက် ရုပ်ရှင်ရိုက်လေ့ရှိပါတယ်။ ငရှဉ့် စစ်ခွေးတိုက်ကနေ အိမ်နိမ့်စံဘဝနဲ့ (၄) ဆောင်ကို ရောက်လာတော့ သူအထင်မကြီးတဲ့ သေဒဏ် ကြိုးလွတ်မြဂေါင်က (၄) ဆောင်တန်းစီးဖြစ်နေပါပြီ။ ငရှဉ့်နဲ့ ရင်းနှီးခဲ့တဲ့ နိူင်ငံရေးအကျဉ်းသားတချို့က ‘ပုန်းကြောင်’ နေတဲ့ ငရှဉ့် ကိုသနားပြီး ကြည့်ရှုစောင့်ရှောက်တဲ့အခါမှာ “ကြောင်…ကြာကြာရေမငုပ်ပါဘူး” လို့ ခနဲ့လေ့ရှိတယ်။

ထင်တဲ့အတိုင်းပဲ (၄) ဆောင်ကိုရောက်ပြီး သုံးလလောက် အကြာမှာတော့ ငုပ်နေတဲ့ ငရှဉ့် အကွက်စရွေ့ပါတယ်။ သူ့အကွက်က အလျော်အစားကြီးပါတယ်။ ဘာလို့လဲဆိုတော့ တန်းစီးမြဂေါင်ကို ရှင်းလင်းသုတ်သင်ပစ်ဖို့ပါပဲ။

မြဂေါင်ကို သတ်ဖို့ သူတစ်ယောက်တည်းနဲ့ မဖြစ်နိူင်ဘူးဆိုတာကို ငရှဉ့်က သိနေတဲ့အတွက် သင်္ဃန်းကျွန်းက တက်သစ်စ လူမိုက်ကလေး မိုးသူကို စတင်စည်းရုံးပါတော့တယ်။ ထောင်ထဲမှာ ထိုက်သင့်တဲ့နေရာတစ်ခု မရလို့ စားရေးသောက်ရေး အဆင်မပြေတဲ့ မိုးသူကလည်း မြဂေါင်လို လူမိုက်ကြီးကို သတ်နိူင်ရင် သူလည်း အင်းစိန်ထောင်မှာ တန်းဝင်လူမိုက်စာရင်း ဝင်မှာမို့လို့ ငရှဉ့်ရဲ့စည်းရုံးမှုကို အလိုက်သင့် လက်ခံခဲ့ပါတယ်။

ဒီလိုနဲ့ ၁၉၉၁ မိုးတွေရွာနေတဲ့ နေ့တစ်နေ့မှာ အင်းစိန်ထောင် အမှတ် (၄) ဆောင်မှာ ဂန္တဝင်လူမိုက်ကြီးတွေရဲ့
စာရင်းရှင်းပွဲတစ်ပွဲ ဖြစ်ပေါ်ခဲ့ပါတယ်။

ဇော်သက်ထွေးရေးသားသော အင်းစိန်ထောင်အတွင်းမှ ဂန္တဝင်လူမိုက်ကြီးများစာအုပ်မှ ကူးယူဖော်ပြထားပါသည်။

ရသ

Open More Online

Related Posts