မြေဖုတ်ဘီလူး

မြေဖုတ်ဘီလူး

မြေဖုတ်ဘီလူး ~~~~
တစ်ခါတစ်ရံ ဖြစ်တောင့်ဖြစ်ခဲ၊ ကြုံတောင့်ကြုံခဲ ကိစ္စမျိုး ကိစ္စတစ်ခုမှာ ခရီးသယ်များနှင့်
အမည်မဖော်ပြနိုင်သော ရောဂါကို ခံစားနေရသူအတွက် မြေဖုတ်ဘီလူး ကြောင့် မြေကိုင်သည်ဆို သူတို့တွေ့လျှင် သူတို့သိလို စိတ်တက်ကြွပြီး စပ်စုကြသည်။ ထိုသို့သောအခါမျိုးတွင် တာဝန်ကျေပွန်အောင် ရှင်းပြရတတ်ပါသည်။

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များသည် ဘာသာရေးအခမ်းအနားတွင် စကြာဝဠာအတွင်းရှိ သက်ရှိသတ္တဝါ အားလုံးကို မေတ္တာပို့ကြသည်မှာ အစဉ်အလာဖြစ်ပါသည်။ မြေပေါ်နေ၊ မြေအောင်း၊ ရေနေ၊ ကုန်းသတ္တဝါ၊ ရေသတ္တဝါ အားလုံးကို မေတ္တာပို့ကြသည်။ ထို့နောက် ထိုအခမ်းအနားသို့ တရားတော်များ လာရောက်မနာကြားနိူင်သော သတ္တဝါများကို အမျှပေးဝေကြသည်။ နောက်ဆုံးတွင် သာဓုသုံးကြိမ်၊ သုံးခါခေါ်ပြီး အခမ်းအနားကို အဆုံးသတ်ကြသည်။

ဗုဒ္ဓဘာသာမထွန်းကားမီက လူ့အဖွဲ့အစည်းများတွင် တော၊ တောင်၊ သစ်ပင်၊ မြစ်၊ မြို့၊ ရွာ၊ အိမ်၊
နွားတင်းကုပ်မကျန် အစောင့်များရှိသည်ဟု ယုံကြည်ခဲ့ကြသည်။ အမိမြေကမ္ဘာကြီးကို ဘုမ္မစိုး
စောင့်ရှောက်သည်ဟု လက်ခံယုံကြည်ကြသည်။ ထို့အပြင် မြေဖုတ်ဘီလူး က လည်း မြေမျက်နှာပြင်အနှံ့ နေရာမလပ် အချိန်မရွေး ကျက်စားနေသည်ဟု ထင်မြင်ယူဆကြသည်။

တစ်ယောက်ယောက်ချော်လဲသည်ဖြစ်စေ၊ ခလုတ်တိုက်ပြီး မြေကြီးပေါ်သို့လဲကျလို့ ထိခိုက်မိသည်ဖြစ်စေ၊ အနာမပျောက် ကျန်းမာရေးပြန်ကောင်းလာခြင်းမရှိဘဲ နာတာရှည်ဖြစ်နေပါက ထိုသို့ခံစားနေရသူကို မြေကိုင်သည်ဟု ဆိုကြသည်။ ထိုအခါ ရွာထဲမှ ရှေ့မှီနောက်မှီ ဗဟုသုတရှိသော အဘွားအိုထံ ချဉ်းကပ်ကာ အကြံဉာဏ်တောင်းခံရတော့သည်။ အဘွားအိုသည် လိုလိုချင်ချင်ပင် ရှင်းပြတတ်သည်။ လူနာနေပြန်ကောင်းလာရန် မြေစာကျွေးရသည်။ မြေစာကျွေးခြင်းမှာ ခက်ခဲရှုပ်ထွေးပင်ပန်းသော အလုပ်မဟုတ် လွယ်ကူပါသည်။ လူနာ၏မိသားစုထဲမှ တယောက်ယောက်က လုပ်နိူင်ပါသည်။ မြေစာချသည်ဆိုခြင်းမှာ မြေဖုတ်ဘီလူးကို အစာကျွေးခြင်းဟု သဘောပေါက်ကြပြီး ဖြစ်ပါသည်။

မြေစာချသည်၊ မြေစာကျွေးသည်ဆိုသည်မှာ ထမင်းခုနစ်ဆုပ်၊ အသားစိမ်းခုနစ်တုံးကို ငှက်ပျောဖက် နှင့် ထုပ်ကာ မြေကိုင်ခံရသူ လဲကျခဲ့သောနေရာနှင့် နီးနိူင်သမျှနီးသောနေရာတွင်(လမ်းဘေး)ကပ်ကာ တစ်ထွာခန့် ကျင်းတူးပြီး မြုပ်ကြရသည်။ အချို့ဒေသများတွင် ဆန်မှုန့် နှင့် အရုပ်ပြုလုပ်ပြီး ဝေဒနာရှင်၏ လက်သည်း၊ ခြေသည်း အနည်းငယ်လှီးကာ အရုပ်မှာတပ်ဆင်ပေးကြသည်။ ဆံပင်တစ်ပင် နှစ်ပင်ကို နှုတ်သည်ဖြစ်စေ၊ ဖြတ်သည်ဖြစ်စေ အရုပ်ခေါင်းသို့ပတ်ပြီး မြေစာချရာတွင် ထည့်မြုပ်ကြသည်။ မြေဖုတ်ဘီလူးကို မျက်စိလည်စေရန် လှည့်စားခြင်းပင်။

ထိုသို့မြေစာကျွေး၊ မြေစာချပြီး မကြာမီပင် လူနာမှာ တဖြည်းဖြည်း သက်သာလာသည်ကို မြင်ရတတ်သည်။ သိပ္ပံသမားတို့က မယုံကြည်သောမျက်စိနှင့် စောင့်ကြည့်နေသည့်ကြားမှ ဘာရောဂါမှန်းမသိဖြင့် ခံစားနေရသူ ကျန်းမာလာသောအခါ ဘာကြောင့်ဘာလိမ့်ဟု စဉ်းစားမရဖြစ်ကြသည်။ စိတ်ပညာရှင်များ၊ စိတ်ရောဂါအကြောင်း နားလည်သူတို့က ထိုသို့ပျောက်ကင်းမှုကို ကျေနပ်ဖွယ်ရာ ရှင်းပြနိူင်ကောင်း ရှင်းပြနိူင်ကြမည် ဖြစ်သည်။
အစဉ်အလာယုံကြည်မှုတို့သည် ပပျောက်ရန် အချိန်ကြာတတ်ပါသည်။

ဦးသန်းဖေ (ဧည့်လမ်းညွှန်) ရေးသားထားသော မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့ နှင့် မြန်မာ့ရှုခင်း စာအုပ်မှ ကူးယူဖော်ပြထားသည်။

ဂမ္ဘီရ

Open More Online

Related Posts