လူသားအရင်းအမြစ်နှင့် ကျင့်ဝတ်စည်းကမ်း (အပိုင်း - ၂)

လူသားအရင်းအမြစ်နှင့် ကျင့်ဝတ်စည်းကမ်း (အပိုင်း – ၂)

လူသားအရင်းအမြစ်နှင့် ကျင့်ဝတ်စည်းကမ်း (အပိုင်း – ၂) ~~~~
“အရှင်ဘုရား၊ … ဤစတုတ္ထမြောက်ဖြစ်သော ပျက်စီးခြင်းအကြောင်းတရားကိုလည်း တပည့်တော် သိရှိရပါပြီ အရှင်ဘုရား၊ …ပဉ္စမဖြစ်သော ပျက်စီးကြောင်းတရား ရှိပါသေးလျှင် ထပ်မံဟောပြတော်မူပါဦး အရှင်ဘုရား”

“အသင်နတ်သား၊ အကြင်သူသည် စင်ကြယ်သော သူတော်သူမြတ်ကိုသော်လည်းကောင်း၊ ရဟန်းတို့ကိုသော်လည်းကောင်း၊ အခြားသူတော်ကောင်းမဟုတ်သူ၊ သူဖုန်းစားများကိုလည်းကောင်း တကယ်လှူဒါန်းပေးကမ်းလိုသော သဘောမရှိဘဲ၊ အလိုရှိလျှင် ကြွခဲ့ပါ … လာခဲ့ပါ အလိုရှိရာကို မိန့်ဆိုပြောကြားပါ၊ လှူဒါန်းပါမည် … ပေးကမ်းပါမည် ဟု မဟုတ်မမှန်သော စကားဖြင့် လှည့်စားသည်ဖြစ်အံ့။ ထိုသို့ လှည့်စားခြင်းသည် ပျက်စီးခြင်းအကြောင်းပင် ဖြစ်၏။”

“အရှင်ဘုရား၊ … ဤပဉ္စမြောက်ဖြစ်သော ပျက်စီးကြောင်းတရားကို တပည့်တော် သိရပါပြီ အရှင်ဘုရား၊ ဆဋ္ဌမဖြစ်သော ပျက်စီးကြောင်းတရား ရှိပါသေးလျှင် ဟောတော်မူပါဦး အရှင်ဘုရား”

“အသင်နတ်သား၊ … များမြောင်ဥစ္စာချမ်းသာ ကြွယ်ဝသောသူသည် ရွှေငွေလက်ရှိ၊ စားသောက်ဖွယ်ရာတို့လည်း အခန့်သင့်ရှိပါလျက် မည်သူအားမျှ ခွဲဝေပေးကမ်းခြင်း မရှိဘဲ၊ မိမိတစ်ယောက်တည်းသာ ကောင်းမြတ်သော အစာတို့ကို စားသောက်နေသည်ဖြစ်အံ့။ ထိုသို့နေခြင်းသည် ပျက်စီးခြင်းအကြောင်း ဖြစ်၏။”

“အရှင်ဘုရား…၊ ဤဆဋ္ဌမဖြစ်သော ပျက်စီးခြင်းအကြောင်းတရားကို တပည့်တော် သိပါပြီ ဘုရား၊ …သတ္တမဖြစ်သော ပျက်စီးကြောင်းတရားကို ရှိပါက ဟောပြတော်မူပါဦး အရှင်ဘုရား”

“အသင်နတ်သား၊ … အကြင်သူသည် အမျိုးဂုဏ်အားဖြင့် ခက်ထန်ကြမ်းကြုတ်ခြင်း၊ ဥစ္စာဂုဏ်အားဖြင့် ခက်ထန်ကြမ်းကြုတ်ခြင်း၊ အနွယ်ဂုဏ်အားဖြင့် ခက်ထန်ကြမ်းကြုတ်ခြင်း ရှိသည်ဖြစ်၍ မိမိဆွေမျိုးများအပေါ်မှာပင် မထီလေးစား ပြုလုပ်လေ့ရှိသည်ဖြစ်အံ့။ ထိုသို့ပြုလုပ်ခြင်းသည် ပျက်စီးခြင်းအကြောင်း ဖြစ်၏။”

“အရှင်ဘုရား၊ … ဤသတ္တမြောက်ဖြစ်သော ပျက်စီးခြင်းအကြောင်းတရားကို တပည့်တော် သိပါပြီဘုရား၊ …အဋ္ဌမဖြစ်သော ပျက်စီးကြောင်းတရားကို ရှိပါက ဟောပြတော်မူပါ အရှင်ဘုရား”

“အသင်နတ်သား၊ … အကြင်သူသည် အလွန်အကြူး မိန်းမလိုက်စားသည်ဖြစ်၍၎င်း၊ အလွန်အကြူး ယစ်မျိုးတို့ သောက်စားသည်ဖြစ်၍ ၎င်း၊ အလွန်အကြူး အလောင်းကစားသည်ဖြစ်၍၎င်း၊ ရတိုင်းရတိုင်းသော ဥစ္စာကို ဖျက်ဆီးခဲ့အံ့။ ထိုအလွန်အကြူး မိန်းမလိုက်စား၊ ပျော်ပါးခြင်း စသည်တို့သည် ပျက်စီးခြင်းအကြောင်း ဖြစ်၏။”

“အရှင်ဘုရား၊ … ဤအဋ္ဌမမြောက်ဖြစ်သော ပျက်စီးကြောင်းတရားကို တပည့်တော် သိရှိပါပြီဘုရား၊ နဝမဖြစ်သော ပျက်စီးကြောင်းတရား ရှိပါသေးလျှင် ဟောပြတော်မူပါဦး အရှင်ဘုရား”

“အသင်နတ်သား၊ … မိမိမယားနှင့် အားရတင်းတိမ်ခြင်းမရှိ၍ ပြည့်တန်ဆာမတို့တွင်သော်လည်း လိုက်စားအံ့။ သူတစ်ပါးသားမယားတို့တွင်လည်း လိုက်စားအံ့။ ထိုသို့လိုက်စားခြင်းသည် ပျက်စီးခြင်းအကြောင်း ဖြစ်၏။”

“အရှင်ဘုရား၊ … ဤနဝမြောက်ဖြစ်သော ပျက်စီးခြင်းအကြောင်းတရားကို တပည့်တော် သိရပါပြီဘုရား။ ဒဿမဖြစ်သော ပျက်စီးကြောင်းတရား ရှိပါသေးလျှင် ထပ်မံ၍ ဟောပြတော်မူပါဦး အရှင်ဘုရား”

“အသင်နတ်သား၊ … အရွယ်လွန်ပြီးသော် လူအိုကြီးသည် နုနုနယ်နယ် မိန်းမငယ်ကလေးကို ယူငင်ပေါင်းသင်းသည် ဖြစ်အံ့။ ထိုမိန်းမငယ်ကလေးသည် ယောက်ျားငယ်ကလေးများကို မလိုလားပါစေနှင့်ဟု လိုလားမည့် အရေးကို မြော်တွေးငြူစူကာ စောင့်ရှောက်ရသည့်အတွက် အိပ်စက်၍ပင် မပျော်နိုင်ဘဲ ရှိတတ်၏။ ထိုသို့ မိန်းမငယ်ကလေးကို ယူခြင်းသည် ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။”

“အရှင်ဘုရား၊ … ဤဒဿမဖြစ်သော ပျက်စီးခြင်းအကြောင်းတရားကို တပည့်တော် သိရပါပြီ အရှင်ဘုရား၊ ဧကဒဿမဖြစ်သော ပျက်စီးခြင်းအကြောင်းတရား ရှိပါသေးလျှင် ထပ်မံဟောပြတော်မူပါဦး အရှင်ဘုရား”

“အသင်နတ်သား၊ … အမဲသား ငါး စသော အစားအစာတို့ကို လွန်စွာ စုံမက်၊ ငမ်းငမ်းတက် သဘောရှိသော မိန်းမကိုသော်၎င်း၊ ပစ္စည်းဥစ္စာကို မသိမ်းဆည်းဘဲ ဖြန့်ကြဲသုံးဖြုန်းတတ်သော မိန်းမကိုသော်၎င်း၊ ယောက်ျားပင်ဖြစ်သော်လည်း ထိုသဘောမျိုးရှိသောသူကိုသော်၎င်း၊ အစိုးရအကြီးအကဲအရာတွင် ထားသည်ဖြစ်အံ့။ ထိုသို့ထားခြင်းသည် ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။”

“အရှင်ဘုရား၊ … ဤဒဿမဖြစ်သော ပျက်စီးခြင်းအကြောင်းတရားကို တပည့်တော် သိရပါပြီဘုရား၊ … ဒွါဒဿမဖြစ်သော ပျက်စီးကြောင်းဖြစ်ရှိပါသေးလျှင် ထပ်မံဟောတော်မူပါဦး အရှင်ဘုရား”

“အသင်နတ်သား၊ … အကြင်သူသည် မင်းမျိုးမင်းနွယ်တွင် ဖြစ်ကာ ဥစ္စာနည်းပါး၊ လောဘများပြီးလျှင် မင်းအဖြစ်ကိုပင် လိုလားတောင့်တနေသည် ဖြစ်အံ့။ ထိုသို့ တောင့်တနေခြင်းသည် ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။”

မြတ်သောဉာဏ်အမြင်နှင့် ပြည့်စုံသော ပညာရှိသည် လောကတွင် ဤသို့ ဟောခဲ့ပြီးသော ပျက်စီးကြောင်းတရား ၁၂ ပါးကို ကောင်းစွာ ရှောင်ကြဉ်၊ ဆင်ခြင်သည်ဖြစ်၍ အေးငြိမ်းချမ်းသာ၊ ဘေးဥပါဒ်ကင်းကွာသော နတ်ပြည်သို့ ဆိုက်ရောက်ရာ၏။

လူသားအရင်းအမြစ်နှင့် ကျင့်ဝတ်စည်းကမ်း (အပိုင်း – ၂)

ဦးသန်းထွန်း (လှည်းကူး) ရေးသားသော ပြည်သူ့နီတိနှင့် ယဉ်ကျေးမှုပဒေသာ စာအုပ်မှ ကူးယူဖော်ပြသည်

သုတ

Open More Online

Related Posts