ဂျပန်မျိုးဖြုတ်နည်း (အပိုင်း - ၁)

ဂျပန်မျိုးဖြုတ်နည်း (အပိုင်း – ၁)

ဂျပန်မျိုးဖြုတ်နည်း (အပိုင်း – ၁)
ရာဇဝင်ကို ချွေးနှင့် ရေးရမည်ဆိုတော့ ငန်ငြိငြိနေတာပေါ့။ ထို့ကြောင့် ဂျပန်တို့လက်ထက်တွင် ဗမာတတွေ ကမ္ဘာမကျေအောင် ရသော လွတ်လပ်ရေး၏အရသာမှာ ငဘအဖို့ ငန်ငြိငြိဖြစ်လေသည်။

အကြောင်းကိုဆိုသော် ချွေးတပ်သားများအတွက် ဝါးကွပ်ပစ်တန်းများအပေါ်တွင် မနပ်ဘဲနှင့် ပြဲနေသော ထမင်းပုံကြီးဘေး၌ ဖုန်မှုန့်ရောသော ငပိတုံးများမှာ ဆားပွင့်၍ နေလေရာ ခွေးမျှပင် မစားသောအစာကို မနေသာ၍ ဆာဆာနှင့် စားလိုက်တိုင်း ပါးစပ်ထဲတွင် ဆားခု၍ နေသောကြောင့် ဖြစ်လေသည်။

ထမင်းပျော့ပြဲကြီးကို အဆာပြေမြုံရင်း မိဖော့၏မျက်နှာကို ငဘသည် ကွက်ခနဲ မြင်မိသည်။ မိနီ၏ ကိစ္စကို သတိရမိသည်။ မျက်နှာမွဲတောသား လယ်သမား၏ လောက ကလေးကို ဖန်တီးလိုက်မည်ဟု စိတ်ကူးမိတိုင်း ထိုလောက ကလေးမှာ လေပွေမွှေ့ရာသို့ လွင့်ပါသွားရှာတော့သည်။ အားကိုးရာ ဘယ်မှာမျှ မရခဲ့။ ဗမာပြည်အသက်သည် စပါးဆန်ရေတို့၌ တည်သည်။ လယ်သမားများ ကြီးပွားချမ်းသာမှ လယ်ယာလုပ်နိုင်မည်။ လယ်ယာလုပ်နိုင်မှ ဗမာပြည်၌ ဒုဗ္ဘိက္ခန္တရဘေးမှ လွတ်မည်။ ထို့ကြောင့် လွတ်လပ်သော ဗမာနိုင်ငံအတွင်း၌ လယ်သမားလောက် တန်ဖိုးမြင့်သော အာဇာနည် မရှိပြီ။ မဟာမိတ်နိပွန်တို့သည် ဗမာ့တပ်မတော်၊ ဗမာလူမျိုးတို့နှင့် လည်ပင်းဖက်ကာ ရင်ပေါင်တန်းလျက် ရှေ့တန်းစစ်မြေပြင်မှ တိုက်ခိုက်နေစဉ် ငါတို့ လယ်သမားအပေါင်းတို့သည် ထွန်တုံးတည်း ဟူသော လက်နက်ကို ကိုင်လျက် ပြည်တွင်းစစ်မျက်နှာ ဖြန့်၍နေသည် မဟုတ်တုံလေ။ ထို့ကြောင့် စစ်သားတို့သည် အာဇာနည် ဖြစ်သည့်နည်းတူ ငါတို့၏ လယ်သမားများ အာဇာနည် ဖြစ်ကုန်၏။ ဤသို့ စသည်ဖြင့် လယ်ယာစိုက်ပျိုးရေးဌာနက ဝါဒဖြန့်၍ ကောင်းတုန်းမှာ သံဖြူဇရပ်စခန်းသို့ မိမိ၏ လယ်၊ ချောင်း၊ သားမယားတို့ကို စွန့်ပစ်၍ မဟာမိတ်နိပွန်တို့၏ သူတစ်ဦးတည်း ကောင်းစားရေး နယ်ပယ်ချဲ့ရန်အလို့ငှာ လယ်သမား ငဘက အချောင်ဝဋ်ခံ၍ နေရလေပြီတကား။

ငဘအဖို့ အလုပ်က ပင်ပန်းသည်မရှိပါ။ တစ်ခါတစ်ရံ ဝါးပိုးဝါး တစ်လုံးကို လူဆယ်ယောက် ဟီးလေးခို၍ ထမ်းရင်းနှင့် တနေကုန်သည်။ မီးရထားလမ်း ဟု ခေါ်သော ကချော်ကချွတ် လမ်းမကြီးဘေး၌ ကျောက်စရစ်ခဲကလေးများကို ဟိုတစ်ဆုပ် သည်တစ်ဆုပ် ပုံရသည်နှင့်ပင် တစ်နေခန်းပြန်သည်။ လယ်သမားတို့ဘာဝ ချွေးကလေးစို့လာအောင် အလုပ်လုပ်ရလျှင် ကျန်းမာခြင်းနှင့်ပင် ညီညွတ်သေးသည်။ ယခုကား ဤသို့ မဟုတ်ပြီ။ ဆန်အောက်ကို ကျိုချက်၍ ဆိုခဲ့ပြီးသော ဝါးကွပ်ပျစ်တန်းလျားပေါ်တွင် ပုံကျွေးသည်ကို ချွေးတပ်သားတို့ စားရသည်။ ထမင်းကျွေးပြီး ရေရှားသည်နှင့် ကွပ်ပျစ်ကို တံမြက်စည်းနှင့် လှဲချသည်။ ထိုအပေါ်ကိုပင်လျှင် ထမင်း ထပ်ကာထပ်ကာ ပုံ၍ကျွေးသည်။ ထမင်းသိုး ဟင်းသိုးအနံ့က ဟောင်၍ နေသောကြောင့် ယင်တွေ နေရာမလပ်အောင် ထမင်းပုံပေါ်တွင် ဝိုင်းအုံနေကြသည်။ ထမင်းစားကြစို့ ဆိုလျှင် ယင်ကောင်များ ထုထယ်၏အောက်သို့ လက်လျှို၍ နှိုက်စားရသည်။ ထိုယင်ကောင်တို့ကြောင့် ဝမ်းဖော၊ ဝမ်းရောင်၊ ဝမ်းကိုက်နှင့် ကာလဝမ်းတို့က ချွေးတပ်သားတို့ကို သံဖြူဇရပ်ဖြတ်လမ်းမှနေ၍ ယမမင်းလက်သို့ နေ့ချင်းညချင်းအရောက် အခမဲ့ ပို့ပေးလျက်ရှိသည်။

ချွေးတပ်စမ်းပဟေ့ ဆို၍သာ အမိခံလိုက်ရသည်။ ချွေးတပ်စခန်းအတွက် ငဘ ဘာမျှ စီစဉ်မထားရ၊ ခါးတွင်ပါသော အဝတ်သာလျှင် အဖော်ပြုလာခဲ့ရရှာသည်။ အချိန်အခါကလည်း ဆောင်းလယ်ဖြစ်၍ ချမ်းခိုက်ခိုက်တုန်ရသည်။ စောင်လည်း မရှိ၍ ခေတ်ပေါ်ပုဆိုးကြမ်းကလေးနှင့် ဖွားဘက်တော်ကို မလုံ့တလုံ ကွေးရသည်။ အအေးဓာတ်ကြောင့် ကွေးရင်းနှင့် စန့်ရသော မသာတို့မှာလည်း တစ်နေ့လျှင် ဘယ်နှစ်လောင်း ဟု ရေတွက်၍ပင်လျှင် မရကောင်းချေ။

ငှက်တော၊ ခွေးတော ဖြစ်၍ ဦးနှောက်ထဲသို့ ငှက်ဖျားပိုးဝင်ပြီးလျှင် သေဆုံးကြသူတွေမှာလည်း အနမတဂ္ဂ ဖြစ်သည်။

ရောဂါဖြင့် မသေကြရသေးသူတိုင်းမှာ ရောဂါဖြင့်သာ ရှင်၍ နေကြရရှာသည်။ ရေမိုးမချိုးရ၍ ပွေး၊ ဝဲ၊ ယားနာတို့ တစ်ကိုယ်လုံးလွှမ်းသောကြောင့် အနူအဝဲ ပကတိ ဖြစ်ကြရရှာသည်။

သည်အထဲတွင် တောကြီးမြက်မည်းထဲ၌ ကျားစာဖြစ်ရသူအပေါင်းလည်း ရှိသေး၏။

ဆေးဝါး ဟူ၍ အရှင်းမမြင်ရ။ ကျေးလက်တောရွာမှ ဆေးစပ်သူ ‘ကွန်ပေါင်းဒါ’ ဆေးထည့်သူ ဒရက်ဆားတို့ကို ဆရာဝန်ပါပဲ ဟု စွပ်စွဲပြီး နိပွန်တို့က ချွေးတပ်စခန်းသို့ ဆွဲယူလေ့ရှိသည်။ ထိုသူတို့မှာ ဆရာဝန်ကလည်း မဟုတ်၊ ဆေးဝါးကိရိယာတို့ကလည်း မရှိ၊ မန်းတတ် မှုတ်တတ်သူများလည်း မဟုတ်လေရကား များသောအားဖြင့် လူမမာတို့မှာ သေနေ့မစေ့ဘဲ သေကြရရှာသည်။ နေရာထိုင်ခင်းကလည်း ဟန်ပြမျှပင် မရှိလေသောကြောင့် ဝမ်းရောဂါသမားတို့မှာ အိမ်သာကို အိပ်ရာလုပ်ကာ မစင်နှင့် မဟာမိတ် ဖွဲ့ပြီးလျှင် ယင်တပ်၊ ခြင်တပ်တို့ဖြင့် သွေးစည်း၍ နေကြရရှာသတည်း။

ပွေး၊ ဝဲ၊ ဂျွတ်၊ ဒက် တို့သည် လည်းကောင်း၊ ဝမ်းဖော၊ ဝမ်းရောင်၊ ကာလနာတို့သည် လည်းကောင်း၊ ငှက်ဖျား၊ ငန်းဖျား၊ ပုလိပ်ဖျား တို့သည် လည်းကောင်း၊ ပဲသီတာ၊ ဝက်သက်၊ ကျောက်ကြီးရောဂါတို့သည် လည်းကောင်း၊ ငဘအား ကျော်ကာ နင်းကာဖြင့် အမျိုးမျိုး နှိပ်စက်က လူပြုကြကုန်၏။ ငဘကလည်း သင်းတို့ ငါကို အမြန်အသက်ထွက်အောင် လုပ်ပါစေဟဲ့ ဟု ဆုတောင်းကာ လည်စင်း၍ခံသည်။ သို့သော် ရောဂါကြီးငယ် အသွယ်သွယ်တို့မှာ ဂျပန်ထံမှ ညှဉ်းဆဲနည်း အမျိုးမျိုးကို အတုခိုးပြီးလျှင် ငဘခမျာအား မသေမရှင် ဖြစ်အောင် ကလိကြကုန်၏။

သူ့ကို ဖမ်းစက ချွေးတပ်စခန်းမှာ သုံးလမျှသာ အလုပ်လုပ်ဖို့ဟု ဆိုသည်။ ယခု သုံးလက ကျော် လေးလ စွန့်ပြီး၊ ငါးလပြည့်ခဲ့ပြီ။ ငဘအဖို့ အသင်္ချေယျ ကပ်သုံးလေးငါးကပ်လောက် ကြာသည် ထင်ရ၏။

လူရုပ်လည်း ပျက်ပြီ။ မိဖော့ အလွန်နှစ်သက်သော ယောင်တစောင်းထုံးကလေးမှာ ငှက်ဖျား နှိပ်စက်သဖြင့် သင်္ခါရသဘောသို့ ရွေ့လျောသွားပြီဖြစ်ရာ ငဘမှာ ကတုံးနှင့် ငုံးတိတိနေရရှာပြီ၊

ခိုင်မာသော မေးရိုးနှင့် တစ်ဆက်တည်း တည်သော ပြည့်ဝ ဖောင်းအိသည့် ပါးစုံ့တို့မှာ ဘယ်အချိန်က ငုပ်လျှိုး ပျောက်ကွယ်သွားခဲ့လေသည်မသိ၊ မြုပ်ချက်သား ကောင်းလှသည်။

ကြည်လင်သော မျက်လုံးတို့မှာ အရောင် မရှိပြီ။ မျက်တွင်းလည်း လက်တစ်နှိုက်သာသာလောက် ဟောက်နေပြီ။

ဝဲခြောက်ပေါက်သောလက်မှာ ကိုင်း၍နေပြီးလျှင် ပေါင်ခြံတွင် ခိုနေသော ဝဲစိုတို့ကြောင့် လမ်းလျှောက်လျှင် ကွတတ လျှောက်ရသည်။

ဝမ်းဗိုက်မှာ ဖျဉ်းစွဲသကဲ့သို့ စူထွက်နေသည်။ တစ်ခါတုန်းက သန်မာထွားကျိုင်းခဲ့သော ရင်အုပ်မှာ ပြား၍ ကပ်နေပြီးလျှင် နံရိုးပြိုင်းပြိုင်း ပေါ်လျက်ရှိသည်။ ပခုံးသား၊ လက်မောင်းသား စသော ကြွက်သားကြီးတို့အစား ငေါနေသော အရိုးတို့က ငဘ၏ ကိုယ်ခန္ဓာကြီးကို မနိုင့်တနိုင် ကျားကန်၍ ထားရသည်။

တစ်ခါတစ်ခါ မိမိကိုယ်ကို ကသိုဏ်ရှုရင်း ဂျပန်တို့၏ ယုတ်မာသောအကြံကို တွေးမိသည်။

ငါတို့တိုင်းပြည်လက်ရုံးဖြစ်တဲ့ အလုပ်သမားယောက်ျားမှန်သမျှ လူစဉ်မမီအောင် အစုလိုက်အပြုံလိုက် ညှဉ်းပန်းတဲ့နည်းပဲ ဟု ငဘ တွေးမိသည်။

ထိုလောက ငရဲမှ ထွက်မြောက်ရန် လမ်းစ ရှာသည်။ လူရိုးလူအ ဆိုတော့ ဖဲဝိုင်းတွင် ဝင်ပွတ်ပြီး နိုင်အောင် မလုပ်တတ်။ ဘိန်းကုန်ကူးနိုင်ဖို့လည်း မိမိကိုယ်တိုင်က အရင်းရှင် မဟုတ်။ အလွယ်တကူ အရက်ချက်ပြန်တော့လည်း ချွေးတပ်သားချင်း အရင်းရှင်စနစ်ဖြင့် လက်ဝါးကြီးအုပ်သည့်အထဲတွင် မတိုးနိုင်။

မိမိနှင့် တစ်ရပ်တည်းနေ တစ်ရေတည်း သောက်တို့က ‘ပြေးကြစို့လား’ ဟု အဖော်ညှိသည်။ မိမိက ‘ပိုက်ဆံမရှိ’ ဟု အဖြေပေးသည်။

“ကျုပ်-ဖဲနိုင်ထားတဲ့ ငွေတွေရှိတယ်၊ မပူနဲ့၊ ပြေးခါနီးတော့ လက်တို့လိုက်မယ်”

ထို့ကြောင့် နှစ်ဦးသား လူအလစ် ထွက်ပြေးခဲ့၏။ တစ်လမ်းလုံး လူမိမှာစိုး၍ ကျီးကန်းတောင်းမှောက် နေခဲ့ရ၏။ ဂျပန်တို့နှင့် တွေ့မှာ အလွန်စိုး၏။ မလွှဲသာ၍ ရင်ဆိုင်တိုးသည့်အခါ၊ သူတို့ကို စစ်လားဆေးလား မေးမြန်းစုံစမ်းခြင်း မရှိတော့မှ သက်မကြီး ကျသွားသည်။ သည်လိုမှန်း စောစောကသိလျှင် စောစောက ပြေးရမကောင်းလားဟု တွေးပြီး ယူကျုံးမရ ဖြစ်မိသေးသည်။

ဤသို့ ပြေးရင်းလွှားရင်းနှင့်ပင် ငဘနှင့် သူ့အဖော်တို့မှာ ရန်ကုန်မြို့ကြီးသို့ ခြေရာချခဲ့ကြလေသည်။

ချွေးတပ်သို့ အပို့ခံရစဉ်က ရန်ကုန်၊ ပဲခူး၊ သထုံ၊ မော်လမြိုင် စသော မြို့ကြီးများကို ဖြတ်၍ သွားရသည်ဆိုသော်လည်း ဘယ်နေရာရောက်ရောက် ဂတ်ဝိုင်းထဲမှပင် မထွက်ရသောကြောင့် မြို့ဆိုသည်မှာ သူ ရောက်ဖူးသော ခရိုင်မြို့ကလေးနှင့် ဘာမျှမခြား ဟု ထင်မှတ်မိသည်။ ယခုမှ မြို့၏ အနေအထားအကြောင်းကို သေချာစွာ သိသည်၊ စိတ်ထဲ၌ ဗမာပြည်ဆိုတာ အကျယ်ကြီးပါကလား၊ ဘယ်သွားသွား လယ်ပြင်ကြီးများနှင့် တယ်မြိုင်ပါကလား၊ သည့်ကလောက် ကြီးကျယ်မြိုင်ဆိုင်သော လောကထဲတွင် ငါတို့လယ်သမား၏ ဖြစ်ထွေမှာ အောက်ကျနောက်ကျ ရှိလှချေ၏တကား ဟု တရားသံဝေ ယူမိလေသည်။

ရန်ကုန်သို့ ဝင်သောအခါ ဘုရားလမ်းဘူတာမှ ဝင်ရသည်။ ရထားတွဲ၌ ငါးပိသိပ် ငါးချဉ်သိပ် လိုက်ခဲ့ရသည်။ ဘူတာမှအထွက် မျှော်ကြည့်ရာ ရွှေတောင်ကြီးမိုးသို့ စွင့်၍နေသည်မှာ သူတစ်ခါတုန်းက အိပ်မက်ဖူးသော ရွှေတိဂုံဘုရားနှင့် တထေရာတည်း တူနေသဖြင့် စိတ်ကြည်နူးမိ၏။ ဘူတာဝမှ ရပ်၍ လက်အုပ်ချီပြီးလျှင် အရိုအသေပြုလိုက်သည်။ ဖြစ်လေရာဘဝမှာ လယ်သမား ပြန်၍ မဖြစ်ပါစေနှင့်၊ ဓနရှင်ဝါဒကို ဘယ်သူက မကောင်းဘူးပြောပြော ဖြစ်ရာဘဝတိုင်းမှာ ဓနရှင် ဖြစ်ပါစေသောဝ် ဟု ဝမ်းထဲက ကျိတ်၍ ဆုတောင်းလိုက်သေး၏။

လမ်းမမှနေ၍ ဘုရားကို အာရုံပြုရသည်မှာ အားမရ။ တိုက်ကြီး တာကြီးတွေကို ငေးမျှော်ကြည့်ရင်း ဘုရားတက်ဦးမည်ဟု ကြံလိုက်၏။ ပါလာသော အဖော်ကို တိုင်ပင်ရာ လောလောဆယ် တည်းဖို့-ခိုဖို့ နေရာ ရှာရန်နှင့် အိမ်ပြန်ရန်အတွက် လှေသင်္ဘောတို့ အသွားအလာ စုံစမ်းရန်ကရှိနေသေးသောကြောင့် ဆွေဘုရားမျိုးဘုရားထံ နက်ဖြန်မှ သွားတော့မည်ဟု ဆုံးဖြတ်ချက်ချပြီးလျှင် စမ်းချောင်းဘက်သို့ နှစ်ဦးသား ခြေဦးလှည့်လာကြလေ၏။

လမ်း၌ မော်တော်ကားပျက်-မော်တော်ကားစုတ်တို့ တရကြမ်း မောင်းလာသည်ကို ရှောင်ရသည်မှာ တမောပင်။ အလံဖြူ၊ အလံပြာ၊ အလံဝါ၊ အလံစိမ်း တို့ဖြင့် မွမ်းမံခြယ်လှယ်ထားသော မော်တော်ကားအသစ်စက်စက်ကြီးတို့ကလည်း ကျက်သရေ ရှိလှပါပေ၏။ ထိုမော်တော်ကားထဲတွင် အမြိုင့်သား ထိုင်၍ လိုက်ကြသော ‘နားဖာကလော်’ ဒွါဒရာစစ်ဝတ်တန်ဆာအပြည့်အစုံနှင့် ဆင်ယင်ထားသော ဂျပန်စစ်ဗိုလ်တို့ကို မြင်လိုက်ရပြန်လျှင် ကား၏ ကျက်သရေမှာ ရာခိုင်နှုန်း ကိုးဆယ့်ကိုးခန်း လျော့ပါးသွားသည်ဟု ငဘ မှတ်ချက်ချမိ၏။ ရာဇပလ္လင် ခွေးတက်သည် ဆိုသော စကား၏ အဓိပ္ပာယ် အဝယဝတ္ထ ပိဏ္ဍတ္ထတို့ကိုလည်း အတော် သဘောပေါက်မိ၏။

တောင်ငေးမြောက်ငေး လျှောက်လာ၍ အတန်ခရီးရောက်သော် မြောက်ဘက်ဆီမှ ခွေးအူသံလို အသံသဲ့သဲ့ ကြားရ၏။ လမ်းသွားလမ်းလာတို့လည်း လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ ထိုအသံနှင့် တစ်ဆက်တည်း တောင်မှသည်လည်းကောင်း၊ အရှေ့မှသည်လည်းကောင်း၊ အနောက်မှသည်လည်းကောင်း ခွေးအူသံ အသီးသီးတို့မှာ တစ်ခဲနက် ပေါ်ထွက်လာလေရာ ငဘနှင့် သူ့အဖော်သည် ‘ကမ္ဘာပျက်ခါနီးမှ ယောင်တီးယောင်တ လူဖြစ်ရသော’ သူကဲ့သို့ ဘယ်ကိုသွား၍ ဘာကိုလုပ်ရမည်မသိအောင် ဖြစ်နေကြကုန်၏။ အတန်ကြာမှ ယောက်ယက်ခတ်ဖြစ်နေစဉ် တစ်စုံတစ်ယောက်သောသူက ‘ဟေ့ ဥသြဆွဲနေတာ မကြားဘူးလား၊ မင့်အမေ လေယာဉ်ပျံတွေလာပြီ’ ဟု ချိုသာယဉ်ကျေးစွာ သတိပေးလေမှ လေကြောင်းအချက်ပေးသည် ဆိုသည်မှာ ဒါပဲကိုးဟု သဘောပေါက်သွားပြီး နီးရာကျင်း၌ ဝပ်၍နေလေ၏။

မောင်ထင်ရေးသားသော ဂန္တဝင်မြောက် ပင်ကိုယ်ရေးဝတ္ထု စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

Open More Online

Related Posts