တွန်းအားပေးခြင်း၏ ဇာစ်မြစ်ကို သိရှိနားလည်ထားပါ

တွန်းအားပေးခြင်း၏ ဇာစ်မြစ်ကို သိရှိနားလည်ထားပါ

တွန်းအားပေးခြင်း၏ ဇာစ်မြစ်ကို သိရှိနားလည်ထားပါ

ဦးဆောင်မှု ဆိုသည်မှာ မိမိပြီးစီးချင်သည့်အရာတစ်ခုကို တခြားလူတစ်ဦးအား လုပ်စေသည့် အတတ်ပညာတစ်ခုပင် ဖြစ်သည်။ ထိုသူကလည်း လိုလိုလားလား လုပ်ချင်လာရမည်။
                –   ဒွိုက်ဒီအိုင်ဆင်ဟောင်ဝါ  –

    တစ်နေ့တွင် ‘ခေါင်းဆောင်မှု’ နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြပွဲတစ်ခု ကျင်းပတော့မည်ဖြစ်ရာ မန်နေဂျာတစ်ဦးမှာ စောစီးစွာရောက်ချလာလေသည်။ ထိုပုဂ္ဂိုလ်မှာ ဂေါဖ့်ကစား ရန် အဆင်သင့်ဖြစ်နေသည့်ပုံစံ သံလွင်စိမ်းရောင် လည်ကတုံးရှပ်အင်္ကျီနှင့် 
အနားတွန့်ထားသောဘောင်းဘီရှည်တို့ကို ဝတ်ဆင်ထားသည်။
    ထိုသူမှာ အခန်းရှေ့သို့လျှောက်လာပြီး “ဒီမှာ ခင်ဗျားတို့ဆွေးနွေးတင်ပြပွဲ က မဖြစ်မနေတာဝန်နဲ့ လုပ်ရတာမျိုး မဟုတ်ဘူး။ဒါကြောင့်မို့ ကျွန်တော် တက်ဖို့ အစီအစဉ်အရှိဘူး” ဟု ကျွန်တော်တို့ အား လှမ်း၍ပြောလိုက်လေသည်။
    “ကောင်းပါပြီ၊ ဒါပေမဲ့ ခင်ဗျားက ဒီကိစ္စကို ပြောဖို့ ဒီကို ဘာဖြစ်လို့ အစောကြီးလာရတာလဲ ၊ခင်ဗျားစိတ် ထဲမှာ သိချင်နေတာ တစ်ခုခု ရှိနေပုံရတယ် “
     “အင်း…. ဒီလိုပါ၊သိချင်တာ ရှိပါတယ်။ ကျွန်တော်သိချင်တာက ကျွန်တော့်ရဲ့ အရောင်းအဖွဲ့ကို ဘယ်လို တိုးတက်အောင်လုပ်ရမလဲ ဆိုတာပါပဲ။ကျွန်တော် သူတို့ကို ဘယ်လို ကိုင်တွယ်ရလဲ”
    “ခင်ဗျား သိချင်တာ ဒါအကုန်ပဲလား” ဟု မေးလိုက်သောအခါ
     “ကောင်းပါပြီ။ ခင်ဗျားအတွက် အချိန်ကုန်သက်သာပြီး ဂေါက်ကွင်းကို အချိန်မီရောက်အောင် တိုတို ပဲ ပြောပြပါမယ်”
    ထိုခဏတွင် မန်နေဂျာကြီးမှာ မိမိ၏လူများအား စီမံခန့်ခွဲနည်း အကြံဉာဏ်ကောင်းကို နားစွင့်သည့်သဘောဖြင့် ရှေ့သို့အနည်းငယ် ကိုင်းလိုက်လေသည်။
    ထို့နောက် ကျွန်တော်က 
    “ခင်ဗျားက မဖြစ်ပါဘူး”
    “ဘာကို မဖြစ်တာလဲ”
    “ခင်ဗျားက ဘယ်သူ့ကိုမှ စီမံခန့်ခွဲလို့ မဖြစ်ဘူး။ အဲဒီတော့ ခင်ဗျားပြန်ပြီးတော့ ခင်ဗျားလူတွေနဲ့ ဂိမ်းကစားပွဲ ဆင်နွှဲပေတော့”
    ထိုအခါတွင် မန်နေဂျာက “ခင်ဗျား ဘာတွေပြောနေတာလဲ၊ ခင်ဗျားတို့ပဲ တခြားလူတွေကို တွန်းအားပေးနေတာနဲ့ ပတ်သက်ပြီးဆွေးနွေးပွဲတွေ လုပ်နေတာ မဟုတ်ဘူးလား၊ ကျွန်တော်က မကိုင်တွယ်နိုင်ဘူးလို့ ပြောတာ ဘာကိုဆိုလိုတာလဲ”
     “ဟုတ်ပါတယ်။ ဒီအကြောင်းအရာ နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေး ပွဲတွေ လုပ်နေတယ် ဆိုတာ…ဒါပေမဲ့ မန်နေဂျာတွေကို ကျွန်တော်တို့ ပထမ ဦးဆုံးသင်ပေးတာက လူတွေကို တိုက်ရိုက်ကြီး ထိန်းချုပ်လို့ မရဘူး ဆိုတဲ့အချက်ပါပဲ။တွန်းအားက ခင်ဗျား
လူတွေရဲ့ ရင်ထဲက လာရမှာ၊ ခင်ဗျားဆီကလာရမှာမဟုတ်ဘူး”
    “ဒါဆို ခင်ဗျားတို့က ဘာတွေ သင်ပေးနေတာလဲ”
    “ကိုယ့်လူတွေ ကိုယ့်ဘာသာကိုယ် တွန်းအားရှိလာအောင် လုပ်တဲ့နည်းပဲ။ ခင်ဗျားကိုင်တွယ်ရမှာက အဲဒီလူတွေ မဟုတ်ဘူး။အဲဒီလူတွေနဲ့ သဘာတူညီချက်တွေ (agreements) ကို စီမံကိုင်တွယ်ရမှာ။ ဒီအကြောင်းအရာကို အစည်းအဝေးမှာ ဆွေးနွေးဖို့ ပါပါတယ်”
    မန်နေဂျာလည်း ကားသော့တွဲကို အင်္ကျီအိတ်ထဲတွင် ထည့်ခိုက်ပြီး ဆွေးနွေးပွဲခန်းမ၏ ထိပ်ဆုံးတန်း အလယ်ဆုံးခုံတွင် ထိုင်ချလိုက်လေသည်။ထိုသူမှာ ဘဝတစ်လျှောက်လုံး မိမိလက်အောက်လူများ၏ ပြုမူပုံ၊ခံစားပုံ များအားလိုက်လံထိန်းချုပ်ကာကွယ်ရန် ကြိုးပမ်းလာခဲ့သည်။ 
အလုပ်တွင်သာမက အိမ်တွင်လည်း ထိုနည်းတူပင်။ထို့အတွက် သူ၏ဘဝမှာ စိတ်ဖိစီးမှုများ စိတ်ညစ်စရာများဖြင့်သာ လွှမ်းမိုးလျက်ရှိနေခြင်း ဖြစ်သည်။ တွန်းအား ဆိုသည်မှာ ရင်တွင်းမှလာသည်၊ အပြင်မှ အတင်းပေး၍ မရ။ ထိုသူများ၏ ရင်တွင်း၌ တွန်းအားရှိလာအောင် မိမိက ဖန်တီးပေးရမည် ဆိုသည်ကို ထို မန်နေဂျာအား ဤဆွေးနွေးပွဲတွင် သင်ကြားပို့ချပေးရမည် ဖြစ်လေသည်။

တွန်းအားပေးခြင်း၏ ဇာစ်မြစ်ကို သိရှိနားလည်ထားပါ

စာရေးဆရာ ဦးရဲညွန့် ရေးသားသော အခြားသူများ အားပေးရန် နည်းလမ်း ၁၀၀ စာအုပ်မှကောက်နုတ် ရေးသားခြင်း ဖြစ်ပါသည်။

အတွေးအခေါ်

Open More Online

Related Posts