ဒီမိုကရေစီ

ခြင်္သေ့ဆီသည် သိင်္ဂီရွှေခွက်၌သာ တည်သည် အပိုင်း (၂)

ယင်းလုပ်ရပ်များမှာ ကေအင်(န်)ယူ အဖျက်သမားများ၏ ကမ်းကုန်အောင် ရိုင်းစိုင်းရက်စက်မှုတစ်ခု ဖြစ်ပေသည်။ လူမျိုးတိုင်း၌ ကိုးကွယ်ရာ ဘာသာတရားနှင့်တကွ ဘာသာတရားအလိုက် ဘုရားရှိခိုးကျောင်း၊ ဝတ်ပြုကျောင်း အဆောက်အအုံများ ထားရှိမြဲဖြစ်ရာ ယင်းနေရာများသည် ထိုလူမျိုးအသီးသီး၏ အလေးအမြတ်ထားရာ၊ ဦးခိုက်ကန်တော့ရာ နေရာများပင် ဖြစ်ကြသည်။ ဗုဒ္ဓဘာသာဝင်များအတွက်လည်း ဘုရားကျောင်းကန် စေတီပုထိုးများသည် ဘုရားရဟန္တာတို့ကဲ့သို့ ကိုးကွယ်ဦးခိုက် ဆည်းကပ်ရာ အထွတ်အမြတ် နေရာများပင် ဖြစ်ပေရာ ထိုသို့ အလေးအမြတ်ထားသော နေရာတို့ကို ထိခိုက်ခြင်းသည် မိမိတို့၏ နှလုံးသည်းပွတ်ကို ထိခိုက်သကဲ့သို့ ဖြစ်၍ ပြည်သူတို့အတွက် မည်သို့မျှ ခွင့်လွှတ်၍ မရနိုင်အောင် နာကြည်းစရာ လုပ်ရပ်ပင် ဖြစ်သည်။

ဤကဲ့သို့ ကိုးကွယ်ရာ ဘုရားစေတီကို တိုက်ခိုက်စော်ကားခဲ့ကြသည့်အပြင် ဘုရားတန်ဆောင်း အလှူခံပုံးများမှ အလှူတော်ငွများကိုပင် ချမ်းသာမပေး လုပြေးကြခြင်းကို ထောက်၍ အဖျက်သမားများသည် ငွေသာရမည်ဆိုလျှင် တစ်လောကလုံး မှောင်ကြီးကျလျှင် ကျပါစေ၊ ဓနကိုတောင် လက်ဝါးနှင့် တက်ကာမည့် ဒုစရိုက်သမားများဖြစ်ကြောင်း ထင်ရှားလှပေသည်။ ထို့ကြောင့် အတိတ်ကာလက လည်းကောင်း၊ ယခု မျက်မှောက် အချိန်အခါတွင် လည်းကောင်း အဖျက်သမားတို့၏ နည်းမျိုးစုံ၊ ထောင့်မျိုးစုံမှ နှောင့်ယှက်မှုများကို ခြုံငုံသုံးသပ်ကြည့်သောအခါ ရာဇဝတ်မှုမြောက်သည့် သောင်းကျန်းသူများသာ ဖြစ်ကြောင်းကို လေ့လာတွေ့ရှိနိုင်ပေသည်။ တစ်ဖန် ဘာသာရေးအမြင်ဖြင့် ကြည့်ပြန်ပါကလည်း မည်သည့်ဘာသာဝင်ကမျှ မရှုစိတ် မလိုလားနိုင်သော ဒုစရိုက်များဖြစ်နေပြီး လူမှုရေးရှုထောင့်မှ ကြည့်ပြန်သောအခါတွင်လည်း ကိုယ်ကျင့်တရားနှင့် လူမှုကျင့်ဝတ်များကို ချိုးဖောက်ကျူးလွန်သော အဖျက်လုပ်ရပ် သက်သက်မျှသာ ဖြစ်ကြောင်း တွေ့မြင်နိုင်ပေသည်။

ဤနေရာတွင် လူမှုကျင့်ဝတ်ဟူသည်နှင့် စပ်လျဉ်း၍ ပဓာနကျသော တာဝန်ကြီးလေးရပ်ကို တာဝန်ယူထမ်းရွက်နေသော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အား လွန်ခဲ့သော အောက်တိုဘာလ ၂ ရက်နေ့က ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က ချီးမြှင့်မြွက်ကြားခဲ့သော မှတ်သားလိုက်နာဖွယ် သြဝါဒကထာကို ပြန်လည် တင်ပြလိုပေသည်။

ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ကောသလ္လက မိန့်ကြားခဲ့ရာ၌ “ရဟန်းကျင့်ဝတ်ကို စောင့်စည်းသော ရဟန်း၊ လူ့ကျင့်ဝတ်ကို စောင့်စည်းသောလူ၊ ကျောင်းသားကျင့်ဝတ်ကို စောင့်စည်းသော ကျောင်းသား၊ တပ်မတော်၏ စည်းကမ်းကို စောင့်စည်းလိုက်နာသော တပ်မတော်သားများသည် ဓမ္မဇီဝိနော၊ တရားနှင့်အညီ အသက်မွေးဝမ်းကျောင်း ပြုသော အပ္ပမတ္တသ၊ မမေ့မလျော့ မပေါ့ဆသူအား ရသော စည်းစိမ်ဥစ္စာ အခြွေအရံ ကျော်စောဂုဏ်သတင်းသည် အတိယျတိတိုးပွား၏ ဟူသော ဒေသနာတော်နှင့်အညီ မိမိကျင့်ဝတ်စည်းကမ်းကို စောင့်ထိန်းကြပါက ပဋ္ဋိပက္ခများ၊ ပြဿနာများ တစ်စုံတစ်ရာ ဖြစ်စရာမရှိကြောင်း” မြွက်ကြားတော်မူခဲ့ပေသည်။

ဆရာတော်ဘုရား မြွက်ကြားခဲ့သော သြဝါဒကထာတွင် ပါရှိသည့်အတိုင်း ရဟန်းရှင်လူပြည်သူတို့သည် မိမိတို့တွင် ကိုယ်စီရှိကြသော ကျင့်ဝတ်စည်းကမ်းနှင့်အညီ ကျင့်ကြံနေထိုင်သင့်ကြရုံမျှမက စစ်မှန်သော ဒီမိုကရေစီကို လိုလားကြကုန်သော ပြည်သူအပေါင်းတို့သည်လည်း ဒီမိုကရေစီနိုင်ငံ မထူထောင်ခင်၌ ဒီမိုကရေစီ ကျင့်ဝတ်ကျင့်စဉ်တို့ကို သိရှိနားလည်ကာ လက်တွေ့လိုက်နာကျင့်သုံးအပ်ပေသည်။ ဒီမိုကရေစီ ကျင့်ဝတ်ဆိုသည်မှာ တစ်ပါးသူကို တစ်ပါးသူကို ကိုယ်ရောစိတ်ပါ စနိုးစနောင့် အနှောင့်အယှက် မဖြစ်စေသော၊ နစ်နာမှု မရှိစေသော၊ ဖျက်လိုဖျက်ဆီးမပြုသော၊ ဥပဒေကို လေးစားသော၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးတို့ကို ဝိုင်းဝန်းစောင့်ရှောက် ထိန်းသိမ်းအပ်သော ကျင့်ဝတ်ဖြစ်ပေသည်။ ဒီမိုကရေစီကို အသံကောင်းဟစ်အော် ကြွေးကြော်ရုံမျှဖြင့်လည်း မပြီးသေးပါ။ အာပေါင်အာရင်းသန်သန် ပြောဟောခြင်းဖြင့်လည်း မလုံလောက်ပါ။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီဆိုသည်မှာ နိုင်ငံရေးဝါဒစကားသာ မဟုတ်၊ ပြည်သူတို့၏ အနေအထိုင်၊ အတွေးအခေါ်၊ အလေ့အကျင့် ဖြစ်သည်။ ဒီမိုကရေစီကို ကြွေးကြော်ရုံ၊ ပြောဟောရုံနှင့်မရ၊ ကျင့်သုံးမှ ရသည်။ လက်တွေ့မပါသော ကျင့်စဉ်သည် အသံသာ မြောက်၍ အဆန်မပေါက်သော သင်္ကြန်အမြောက်နှယ် ဖြစ်လိမ့်မည်။

အမှန်စင်စစ်အားဖြင့် ဒီမိုကရေစီဆိုသည်မှာ မိုးပေါ်က ကျလာသော ရတနာမဟုတ်ပါ။ မိုးကျရွှေကိုယ်လည်း မဟုတ်ပါ။ ပြည်သူတို့က ကိုယ့်ဘဝကိုယ် ဖန်တီးကြခြင်း ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံတွင် လူကို တန်ဖိုးထားလေးစားကာ နိုင်ငံတော်အမှုထမ်း အရာထမ်းများသည် ပြည်သူ့ဝန်ထမ်းများ ဖြစ်ကြသည်နှင့်အညီ အလုပ်အကိုင်တို့၌ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ရကြသည်။ ပြည်သူ့သစ္စာကို စောင့်သိရိုသေကြသည်။ ဤမျှသာ မဟုတ် ဒီမိုကရေစီနိုင်ငံတွင် တိုင်းတစ်ပါး၏ ဝါဒအရ ဦးဆောင်ညွှန်ကြားမှုကို ပြည်သူတို့နှင့် ပြည်သူတို့၏ အစိုးရက လက်မခံကြ။ လွတ်လပ်စွာ တွေးခေါ်ချင့်ချိန်၍ မှန်ရာကို လုပ်ကြသည်။ ကိုယ့်တိုင်းပြည်ကို ပြည်သူက ချစ်ကြသည်။ ပြည်သူ့ကိုယ်ကျင့်တရားနှင့် လူမှုကျင့်ဝတ်များကို ဦးထိပ်ထားကြသည်။

ထိုကဲ့သို့သော ဒီမိုကရေစီ ကျင့်ဝတ်ကျင့်စဉ်တို့ကို သွေဖည်ချိုးဖောက်သော အဖျက်လုပ်ရပ်မှန်သမျှသည် ဒီမိုကရေစီ၏ အန္တရာယ်ရန်စွယ်များပင် ဖြစ်သည်။ ထိုကဲ့သို့သော ဒီမိုကရေစီ၏ ဆူးငြောင့်ခလုတ်ကန်သင်းများကို ပြည်သူတို့က သတိဝီရိယဖြင့် ရှောင်ရှားတွန်းလှန်ကြဖို့ လိုအပ်ပေသည်။ အမှန်စင်စစ် ရပ်ရွာအေးချမ်း၍ တရားဥပဒေစိုးမိုးမှ အသက်အိုးအမ်စည်းစိမ် လုံခြုံစိတ်ချရမည်။ စိတ်ချရမှ အေးချမ်းလွတ်လပ်စွာ အသက်မွေးဝမ်းကျောင်း ပြုနိုင်မည် မဟုတ်လော။ တစ်ဖန် နိုင်ငံတော်၏ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့မှသာ သွားလာရေး၊ ကူးသန်းရောင်းဝယ်ရေး၊ စားဝတ်နေရေး ချောင်လည်မည်။ ထိုသို့ ချောင်လည်မှ ပြည်သူတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာရေးကို ရှေးရှုလျက် ပြည်သူ့အကျိုးကို သယ်ပိုးကာ ပြည်သူတို့ လိုလားသော ဒီမိုကရေစီ ရရှိရေးအတွက် တာဝန်ခံ ဆောင်ရွက်ပေးနေသော တပ်မတော်ကို ပြည်သူတို့က ဝိုင်းဝန်းလက်တွဲ ကူညီကြခြင်းသည်သ ပြည်သူတို့၏ ပဓာနတာဝန် ဖြစ်သည်။

သို့မှသာ ဒီမိုကရေစီ ရှင်သန်ပွင့်လင်းလာမည်။ ဆူပူမှု၊ မတည်ငြိမ်အောင် ဖန်တီးမှုတို့ဖြင့် နိုင်ငံတော်၏ အကျိုးစီးပွားကို မတည်ဆောက်နိုင်ပါ။ အခြေအနေဆိုးများ မပပျောက်သရွေ့ တရားမျှတသော ရွေးကောက်ပွဲများ ပြုလုပ်ရန် အလှမ်းဝေးနေပေလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုသော် နိုင်ငံတော်၌ လှုပ်ရှားဆူပွက် မငြိမ်မသက် ဖြစ်နေသေးမည်ဆိုလျှင် ဒီမိုကရေစီသည်လည်း မျက်စိနှင့် နားရွက်ကဲ့သို့ (နီးလျက်နှင့်) ကြည့်လေ ဝေးလေ ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် အချုပ်အားဖြင့်ဆိုသော် ခြင်္သေ့ဆီသည် သိင်္ဂီရွှေခွက်၌သာ တည်သကဲ့သို့ စစ်မှန်သော ဒီမိုကရေစီသည်လည်း တရားမျှတသော လူ့ပတ်ဝန်းကျင်၌သာ တည်ကြောင်း ဖော်ပြအပ်ပေသည်။

Related Posts