လူများကို

သဘောတူညီချက်များကို ကိုင်တွယ်စီမံပါ။ လူများကို မကိုင်တွယ်ပါနှင့်

ဂျီးန်ဂျက်စ်ရိုုဆူ
      “စီမံကိုင်တွယ်လို့မရတဲ့ လူတစ်ယောက်နဲ့တူတူ အလုပ်လုပ်ရတဲ့သူ ဒီအထဲမှာပါသလား” ဟုစာရေးသူစတိဗ်က ခေါင်းဆောင်မှု ဆွေးနွေးပွဲတစ်ခုတွင် မေးလိုက်သည်။ အခန်းတွင်းရှိမန်နေဂျာများက ခေါင်းညိတ်၍ပြုံးပြကြသည်။ တချို့ကလည်း သဘောတူသည့်အနေဖြင့် မျက်လုံးကို အထက်သို့လှန်ကြည့်၍ ကလယ်ကလယ် လုပ်နေကြသည်။ သူတို့အားလုံး ထိုကဲ့သို့သော လူများကို စီမံကိုင်ကွယ်ဖူးပုံရသည်။
        “ခင်ဗျားကရော ဘယ်လိုလုပ်လဲ။ ကိုင်တွယ်လို့မရတဲ့လူတွေကို ဘယ်လိုစီမံသလဲ” ဟုတစ်ဦးက စတိဗ်အားမေးလိုက်သည်။
        “ငါလည်းမသိဘူး”
        “ခင်ဗျားကမသိဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။ ကျွန်တော်တို့ ဒီမှာ အဖြေရှာဖို့ လာကြရတာ”
  “ကိုင်တွယ်လို့ရတယ် ဆိုတာများကို မတွေ့ဘူးသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတွေအားလုံးဟာ ကိုင်တွယ်လို့မရတဲ့လူတွေကြီးဘဲ လို့ကျွန်တော်ထင်တယ်။ လူများကို ကိုင်တွယ်တဲ့နေရာမှာ အလွန်တော်တဲ့လူဆိုတာ ကျွန်တော်မသိသေးပါဘူး”
        “အဒီလို မကိုင်တွယ်နိုင်ဘူးဆိုရင် ဘာဖြစ်လို့ လူတွေကိုစီမံခန့်ခွဲတဲ့ ဆွေးနွေးပွဲကို လုပ်ရတာလဲ”
     “ကောင်းပြီ။ ကျွန်တော့်ကို ပြောပြပါ။ အဲ့ဒီလိုကိုင်တွယ်လို့ ရသလား။ ခင်ဗျားရဲ့လူတွေကိုကိုင်တွယ်လို့ ရလား။ ခင်ဗျားရဲ့ဇနီးကို ကိုင်တွယ်လို့ရသလား၊ ကျွန်တော်တော့ မထင်ဘူး။”
       “ကဲ . . .  ဒီလိုဆိုရင် ဒီအတန်းကို လွှတ်လိုက်ရမှာပေါ့။”
    “မလွှတ်ပါဘူး။ ကျွန်တော်တို့ဒီမှာနေပြီး တော်တဲ့ခေါင်းဆောင်တွေဟာ ငယ်သားတွေးကနေ ဘယ်လိုကောင်းကျိုး ရလဒ် တွေရတယ်ဆိုတာ လေ့လာကြမယ်လေ။ အဒီလို ရလဒ်တွေဟာ လူတွေကို ကိုင်တွယ်ပြီးမှ ရလာတာတွေမဟုတ်ဘူး။ လူတွေကိုလည်း ကိုင်တွယ်လို့ရမှာမဟုတ်ဘူး”
    “အဲဒီခေါင်းဆောင်တွေက လူတွေကိုမကိုင်တွယ်ဘူး ဆိုရင် ဘာလုပ်ကြလဲ”
    “သဘောတူညီချက်တွေကို ကိုင်တွယ်ကြတယ်”
    မန်နေဂျာများသည် လူများအားကိုင်တွယ်ရန် ကြိုးစားခြင်းဖြင့် အမှားပြုလုပ်တတ်ကြသည်။ လူများ၏စိတ်ခံစားချက်များ၊ ပုဂ္ဂလိကအသွင်သန္တာန်များကို ပြောင်းလဲရန် ကြိုးစားခြင်းသည် ပြးဒါးအား ခက်ရင်းခွဖြင့် ကော်ယူရန် ကြိုးစားခြင်းသည်သာ ဖြစ်သည်။
    စိတ်ဒုက္ခ၊ စိတ်အနှောက်အယှက်ဖြစ်နေသူများအား ဆက်ဆံရေးကောင်းမွန်မှု၊ နားလည်တတ်မှုဖြင့် ဂရုမစိုက်ဘဲ ယင်းတို့၏ မကျေနပ်မှုများအား ထိန်းချုပ်လျက် မိမိအား နှစ်သက်လာအောင် လုပ်ခြင်းဖြစ်သည်။
ဤသို့ပြုလုပ်ခြင်းဖြင့် အချိန်စီမံခန့်ခွဲမှု ညံ့ဖျင်းရာကျသည်။ မိမိ၏လူများကို စီမံခန့်ခွဲရေးတွင် စိတ်သဘောထား ရင့်ကျက်မှု နည်းစေသည်။ လူကြီးတစ်ဦးနှင့်တစ်ဦး ဆက်ဆံမှုဆိုသည်ထက် ကြီးကြပ်သူကမိဘလုပ်ရသည့် သဘောဖြစ်နေသည်။
    ခေါင်းဆောင်တစ်ဦး၏တာဝန်မှာ ရင့်ကျက်သော ဆက်ဆံရေးကိုဖန်တီးရန် ဖြစ်သည်။ ခေါင်းဆောင်ကောင်းတစ်ဦးသည် လူများ၏စိတ်ခံစားမှုများ၊ ကိုယ်ပိုင်အသွင်များကို ကိုင်တွယ်ရန် အပျော်တမ်း စိတ်ကုစားသူတစ်ဦးကဲ့သို့ ပြုမူခြင်းမရှိရ။ ခေါင်းဆောင်ကောင်းတစ်ဦးသည် သနားကြင်နာတတ်ရမည်။ တခြားလူများ၏ခံစားချက်များကို နားလည်တတ်ရမည်။
    ခေါင်းဆောင်ကောင်းတစ်ဦးသည် သဘောတူညီချက်များကို ကိုင်တွယ်ရမည်။မိမိ၏လူများနှင့် သဘောတူညီချက်များကို လူကြီးချင်းဆက်ဆံသည့်သဘောဖြင့် ရယူရမည်။ လေးစားမှုပါရမည်။ အတင်းအကျပ်ပြုခြင်း၊ ခြိမ်းခြောက်ခြင်းများ မပါဝင်စေရ။ ဤကဲ့သို့သဘောတူညီချက်များ ရရှိပြီးပါက လူများအား ကိုင်တွယ်စရာမလို။ သဘောတူညီချက်ပြုလုပ်ပြီးပါက ပွင့်လင်းပြီး ယုံကြည်စိတ်ချသော ဆက်ဆံမှု ဖြစ်လာမည်။ နှစ်ဖက်စလုံးတွင် အဓိပ္ပာယ်ရှိလာမည်။ စိတ်ထဲတွင် မကြည်လင်သော ကိစ္စများကိုဆွေးနွေးဖို့ လွယ်ကူလာမည်။
    ဟာရီသည် အဖွဲ့၏ အစည်းအဝေးများကို အမြဲတမ်းနောက်ကျ၍တက် တတ်သည်။ မန်နေဂျာများက ဟာရီ၏နောက်ကွယ်တွင် ပြောဆိုကြသည်။ ဟာရီအား ရွဲ့ပြော၍ ခြိမ်းခြောက်ရန် ကြိုးစားကြသည်။ ဟာရီကခေါ်လျှင် ပြန်မပြော။ သို့သော်လည်း ဂျေးဟုခေါ်သည့်မန်နေဂျာက ဤနည်းလမ်းများအတိုင်းမလုပ် ။ ဟာရီနှင့်အတူ သဘောတူညီချက်တစ်ခု ရေးဆွဲသည်။ ယင်းသဘေတူညီချက်အရ နှစ်ဦးစလုံးအစည်းအဝေးကို အချိန်မီရောက်ရမည်ဖြစ်သည်။ ဤကဲ့သို့ လူကြီးဆန်ဆန်သဘော တူညီချက်ထားခြင်းဖြင့် ဆက်ဆံရေးပိုမိုပွင့်လင်းလာပြီး အဓိပ္ပာယ်ပို၍ရှိလာသည်။ ဤကဲ့သို့သဘောတူညီချက်ထားခြင်းဖြင့် မိမိတာဝန် မိမိယူတတ်လာပြီး မိမိကိုယ်ကို လေးစားမှုပိုုဖြစ်လာသည်။
    သဘောတူညီချက်များကို ကိုင်တွယ်စေခြင်းဖြင့် ဆက်ဆံရေးအပေါ်တွင် ကြီးမား၍ အကျိုးရှိသော သက်ရောက်မှုဖြစ်လာသည်။ ဆက်ဆံရေးကို ရိုးသားမှု၊ ပွင့်လင်းမှု၊ ပြည့်စုံမှုများ ဖြစ်စေသည်။
    သဘောတူညီချက်များအား ကိုင်တွယ်ချင်းအားဖြင့် လုပ်ငန်းခွင် ကျွမ်းကျင်မှုရှိသူနှစ်ဦး အလုပ်လုပ်နေသည် နှင့်တူသည်။ အထက်လူကြီးနှင့်အောက်လက်ငယ်သား၊ မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့် ဆက်ဆံရေးမျိုးမဟုတ်တော့။ မင်းက ကလေး၊ မင်းကဆိုးတယ်၊ မင်းလုပ်တာမှားတာ၊ မင်းကိုစိတ်ပျက်တယ် ဟူသောသဘောတရားများ မရှိတော့။ ဤသဘောရှိလျှင်လည်း စီမံခန့်ခွဲမှုမဟုတ်တော့။ ဤသဘောအတိုင်းပြုမူနေသော မန်နေဂျာများ ဆယ်ဦးလျှင် ရှစ်ဦးခန့်ရှိသည်။
    မိဘနှင့်သားသမီးပုံစံဖြင့် စီမံခန့်ခွဲပါက စီမံကိုင်တွယ်ခံရသူသည် မိမိကိုယ်မိမိ လေးစားမှုမရှိတော့။ ကောင်းသောစွမ်းဆောင်မှု ဖြစ်စေရန် အရေးကြီးဆုံး၊ အစွမ်းထက်ဆုံး လိုအပ်ချက်မှာ ယုံကြည်စိတ်ချရမှုနှင့် လေးစားမှုတို့ပင်ဖြစ်သည်။ ဥပမာအားဖြင့် စီမံကိန်းခေါင်းဆောင်တစ်ဦးသည် မိမိ၏အဖွဲ့အား တစ်ခုခုလုပ်စေချင်သည် ဆိုပါစို့။ အဖွဲ့ဝင်များက ဗွီဒီယို တစ်ခုအားကြည့်၍ အင်တာနက်ရှိ စစ်ဆေးမှုတစ်ခုအား ဖြေဆိုရန်သဘောတူကြသည်။ သို့သော်လည်း ယင်းတို့က သဘောတူထားသည့်အတိုင်း မလုပ်။ ဤကဲ့သို့မလုပ်ကြခြင်းမှာ သဘောတူညီချက် ကင်းမဲ့နေ၍ဖြစ်သည်။
    ထိုသူများနှင့် သဘောတူညီချက် ပြုလုပ်ရမည်။ ဤအလုပ်ကိုမလုပ်မနေ လုပ်ရမည်။ လုပ်ရာတွင်လည်း ထိရောက်မှုရှိရမည်ဟု ပြောဆိုကာ သဘောတူညီချက်ရယူရမည် ဖြစ်သည်။ လိုလိုလားလား ရှိမရှိ မေးရမည်။ သင့်ဆီမှာရော ဒီလိုလုပ်ဖို့ တစ်ခြားနည်းလမ်းရှိပါသလား။ ကျွန်တော်ကူညီဖို့လိုပါ သလား…….အစရှိသောစကားများပြောကာ နောက်ဆုံးတွင် သဘောတူညီမှု ရယူရမည်။
    ထိုအခါကျမှ “ကျွန်တော်တို့အဖို့ အခက်အခဲက ဗွီဒီယိုကြည့်ဖို့အတွက် မော်နီတာ (တီဗွီ) မရှိဘူး ” ဟု ပြောလာလိမ့်မည်။
    “ခင်ဗျားတို့အတွက် စတိုခန်းကနေ တီဗွီယူပေးမယ်။ ခင်ဗျားတို့လိုတာ ဒါဘဲလား”
    “ဟုတ်ပါတယ်”
    “ကဲ….ဟုတ်ပြီ။ သောကြာနေ့ကျရင် စတိုကနေ တီဗွီထုတ်ထားမယ်။ တခြားဘာလုပ်ပေးရမလဲ။”
    “ရပါပြီ”
    ခေါင်းဆောင် တစ်ဦးသည် စည်းမျဉ်းချမှတ်ရုံသာမက ကူညီမှုလည်းပေးရမည်။ ”ဘာအကူအညီပေးရမလဲ” ဟုလည်း အမြဲမေးနေပါ။ စစ်မှန်သောခေါင်းဆောင်တစ်ဦးသည် ကတိ(သဘောတူညီချက်) နှင့် လုပ်ဆောင်ချက် (Performance) တို့ဖြင့်သာ အလုပ်လုပ်သည်။
    “ကဲ….သဘောတူညီချက် ရပြီဆိုတော့ ၁၀၀ ရာခိုင်နှုန်း (ရာနှုန်းပြည့်) ခင်ဗျားတို့လုပ်မယ်လို့ ယုံကြည်လိုက်ပြီ။ လုပ်နိုင်မှာလား”
    “ဟာ ကျွန်တော်တို့ လုပ်နိုင်တာပေါ့”
    ဤကဲ့သို့ သဘောတူညီရယူခြင်းဖြင့် အပြန်အလှန်လေးစားမှု၊ လုပ်ငန်းသဘောဆန်မှု၊ ရင့်ကျက်သောဆက်ဆံမှုများ ပါဝင်လာသည်။ လူများကို ကိုင်တွယ်ရန် မလိုပါ။

ရဲညွှန့် ( မဟာဝိဇ္ဇာ – နိူင်ဆက် ) ရေးသော အခြားသူများအား တွန်းအားပေးရန် နည်းလမ်း  ၁၀၀ စာအုပ်မှ ကူးယူ ဖော်ပြထားသည်။ 

Related Posts