ချန်ကျင်း

နီရဲသော ဧကရီ သို့မဟုတ် ချန်ကျင်း (အပိုင်း-၂)

ချန်ကျင်း အပါအဝင် လေးဦးဂိုဏ်း

တရားဥပဒေအရ စစ်ဆေးမူကို ၁၉၈၀ပြည့်နှစ် ပေကျင်းရှိ ပြည်သူ့လုံခြုံရေးဌာနချုပ်၌ စတင်ခဲ့သည်။ ရုံးနောက်ပေါက်မှ သွင်းလာချိန်တွင် ရုံးရှေ့ရှိ လူထုကြီးက လေးဦးဂိုဏ်းကို ရှုတ်ချကန့်ကွက်ကာ အော်ဟစ်ခဲ့ကြသည်။ အဆောက်အအုံထဲတွင် ပြည်သူ ၈၀၀ ရှေ့မှောက်၌ တရားစီရင်ကြမည်ဖြစ်သည်။ တရားလို ရှေ့နေခြောက်ဦးက ယဉ်ကျေးမူ တော်လှန်ရေးကာလအတွင်း လူပေါင်း ၇၂၉,၅၁၁ ဦး ဖမ်းဆီးနှိပ်စက်ခံရပီး ၃၄,၈၀၀ ဦးသေဆုံးရခြင်းနဲ့ ပတ်သတ်၍ စွဲဆိုချက်များကို တစ်ခုပီးတစ်ခု ဖတ်ပြနေကြသည်။ ခုံတန်းများအပေါ်တွင် တရားသူကြီး အဖွဲ့ဝင် ၃၀ ထိုင်နေကြသည်။ တရားရေးအဖွဲ့ကို ဦးဆောင်စစ်ဆေးမည့်သူမှာ တရားသူကြီးချုပ် ကျင်ဟွာ ဖြစ်သည်။ ကျင်ဟွာကိုယ်တိုင် တပ်နီတော်၏ နှိပ်စက်မူကို ခံခဲ့ရသူဖြစ်သည်။

ချန်ကျင်း အပါအဝင် လေးဦးဂိုဏ်း၏ မျက်နှာမှာ ဖြူဖျော့နေကြသည်။ တရားခွင်အတွင်း ရောက်လာချိန်တွင် စိတ်ဓာတ်လဲ အတော်လေးကျဆင်းနေပုံရသည်။ ရုံးမထုတ်မီ နှစ်ဦးက သက်ညှာခွင့် ရရေးအတွက် အစိုးရအသစ်ကို ပူးပေါင်းကူညီပါ့မည်ဟု ဝန်ခံကြပီး ဇန်ချွန်ကျွင့်ကတော့ လုံးဝဝန်ခံခြင်းလဲ မပြုသည့်အပြင် ပူးပေါင်းဆောင်ရွက်ရန်ပါ ငြင်းဆန်ခဲ့သည်။ တရားစီရင်စဉ် ကာလတစ်လျှောက်လုံး စကားတစ်ခွန်းမျှ မပြောပဲ နေခဲ့သူဖြစ်သည်။ တရားစီရင်မူ စကတည်းက အထင်ရှားဆုံးဖြစ်သွားရသူမှာ မော်စီတုံး၏ဇနီး ချန်ကျင်း ဖြစ်သည်။ ပါးစုံမို့မို့ပေါ်တွင် မျက်မှန်တင်ထားသည့် အသက် ၆၇ နှစ်အရွယ် မိန်းမကြီးတစ်ယောက်ကို တစ်ချိန်က ရက်ရက်စက်စက် လှခဲ့ပါသည်ဟု ပြောနိုင်ရန် အကြောင်းမရှိ။ သို့သော် တရားခွင်ကို လှမ်းဝင်လာသည့် ခြေလှမ်းတွေက တရားရုံးကို ထီမထင်သည့် ပုံတော့ပေါက်နေသည်။

ချန်ကျင်းနှင့် တရားစီရင်ရေး

သူမအပြုအမူ၊ အနေအထိုင် အားလုံးသည် အာဏာဖီဆန်သည့်အသွင် ဖြစ်နေသည်က ထင်ရှားလှသည်။ ပဏာမ စစ်ဆေးကြားနာရေးတွင် ချန်ကျင်းက တရားခွင်ကို ပူအိုက်လွန်းသည်ဟု စတင် ပြဿာနာစရှာသည်။

တရားစီရင်ရေးမှာ အံ့ဩစရာပင်ဖြစ်သည်။ အာဏာပိုင်တို့က သူတို့တရားမျှတစွာဖြင့် တရားစီရင်ကြောင်း ပြသနိုင်ရာအတွက် တရုတ်ပြည်တစ်ပြည်လုံးသို့ ရုပ်မြင်သံကြားမှတဆင့် ထုတ်လွှင့်ပြသခဲ့သည်။ ကမ္ဘာတစ်ဝန်းလုံးသို့လည်း ဂြိုလ်တုမှတဆင့် ထုတ်လွှင့်ပေးခဲ့သည်။ တရားစီရင်ရာသို့ မည်သည့်နိုင်ငံခြား သတင်းထောက်မှ တက်ရောက်ခွင့် မရှိပေ။ သို့သော် တရားစီရင်မူများကို ကွက်ကွက်ကွင်းကွင်း ဖော်ပြလိုက်သဖြင့် အတော်လေး အံ့အားသင့်ကုန်ကြသည်။

တရားစီရင်ရေးကို ပြသသည်ဆိုသော်လည်း ချန်ကျင်းကို များများစားစား မြင်တွေ့ခွင့်မရကြပေ။ နိုဝင်ဘာ ၂၆ရက်တွင် ချန်ကျင်း၏ နောက်လိုက် အမျိုးသမီးငယ်နှစ်ဦး တရားရုံးသို့လာပီး ၁၉၇၄ ခုနှစ်မှ အဖြစ်အပျက်များကို လာရောက် အစစ်ခံကြသည်။ ချန်ကျင်းက ဥက္ကဌကြီးမော်ကို စစ်ပြန် ကွန်မြူနစ်များအား ဆန့်ကျင်ရေးစိတ်ဓာတ်များ ဖြစ်စေရန် တွန်းအားပေးခဲ့ကြောင်း ဖြောင့်ချက်ပေးကြခြင်းဖြစ်သည်။ ချန်ကျင်းက တည်ငြိမ်စွာဖြင့် တရားခွင် ဝက်ခြံသံတိုင်များကို မှီရင်း ကောင်မလေးတွေကို ငေးကြည့်နေသည်။ ပြီးနောက် သူတို့ပြောနေသည်များကို မကြားချင် ဆိုသည့်သဘောဖြင့် နားကြပ်ကို ဖြုပ်မည်ဟု သူ့နားကို လက်ညိုးထိုးပြနေသည်။

ချန်ကျင်းနှင့် စွဲချက်များ

အားလုံးသော စွဲချက်တွေက ချန်ကျင်းထံသို့ စုပြုံလာသည်။ စွဲချက်တစ်ခုက မော်စီတုံးနှင့် လက်မထပ်မီက တွေ့ဆုံခဲ့ဖူးသူတစ်ဦးကိုပင် အဆုံးစီရင်ခဲ့ဖူးသည် ဟုပါလာသည်။ ထို့ပြင် အခြားကိုယ်ရေးကိုယ်တာနှင့် ပတ်သတ်သည့် စွဲချက်တွေကလည်း ထိတ်လန့်စရာ ကောင်းလှသည်။ ပြည်သူတို့ နေထိုင်သည့် အိမ်များသို့ ဝင်ချင်တိုင်းဝင်ကာ စာရွက်စာတန်းများ ရှာဖွေတတ်သည့် အကြောင်းများလည်း ပါလာသည်။

သမ္မတ လျူရှောက်ချီနှင့် ပတ်သတ်၍ စွပ်စွဲသည့် သက်သေအထောက်အထားများမှာ အဆိုးရွားဆုံးပင်ဖြစ်သည်။ လျှုသည် ယဉ်ကျေးမူ တော်လှန်ရေးကာလအတွင်း ဖောက်ပြန်ရေးသမားအဖြစ် စွပ်စွဲခံရပီး အကျဉ်းထောင်ထဲတွင် အစပျောက်သွားခဲ့ရသူဖြစ်သည်။ မော်စီတုံး၏ ဇနီးဖြစ်သူ ချန်ကျင်းသည် လျူရှောက်ချီ၏ ချောမောလှပလှသည့် အမေရိကန်နိုင်ငံဖွား ဇနီးကို မနာလို မရှု့စိမ့်နေသူဖြစ်သည်။ သူမသည်လည်း ထောင်ထဲတွင် ၁၁နှစ်ခန့် နေလိုက်ရသည်။ တရားရုံးတွင် ချန်ကျင်းသည် သူမလုပ်ခဲ့သမျှ ဘာတစ်ခုမှ မမှတ်မိ၊ ဖမ်းဆီးရန် အမိန့်ထုတ်ခဲ့သမျှလည်း ဘာမျှမမှတ်မိဟု ပြောရုံသာမက သူမကို အမေရိကန်၊ ဂျပန်နှင့် တရုတ် (တိုင်ပေ) တို့၏ သူလျှိုအဖြစ် စွတ်စွဲချက်များကိုလည်း ငြင်းဆိုသွားသေးသည်။ တရားရုံးက ချန်ကျင်း၏ လက်မှတ်များဖြင့် ဖမ်းဆီးမိန့်ထုတ်ခဲ့သည်များကို သက်သေပြခဲ့သည်။ သူမက “အေး…ဟုတ်တယ် ။ အဲ့ဒါ ငါ့လက်ရေးပဲ ဒါတော့ ငါမှတ်မိတယ် ” ဟု ဂရုမစိုက်သလို ပြောလိုက်သည်။

ထို့ပြင် လျူရှောက်ချီနှင့် ပတ်သတ်နေသည့် လူပေါင်း ၁၁ဦးကို ဖမ်းဆီးမိန့် လက်မှတ်ထိုးကာ ထုတ်ခဲ့ခြင်းနှင့် ပတ်သတ်၍လည်း ဝန်ခံခဲ့သည်။ ထိုအထဲမှ တစ်ဦးသည် ဖမ်းဆီးနှိပ်စက်သည့်ဒဏ်ဖြင့် သေဆုံးသွားခဲ့ရသည်။ လျူရှောက်ချီ၏ ထမင်းချက်ဖြစ်သူကိုပင် လက်ရာကောင်းလွန်းသဖြင့် ဖောက်ပြန်သည့် လူတန်းစားကို အလုပ်အကျွေးပြုသူဟု တံဆိပ်ကပ်ကာ ဖမ်းဆီးခဲ့သည်။ တရုတ်ပြည် ယဉ်ကျေးမူ တော်လှန်ရေးကာလအတွင်း ပညာတတ်များ၊ ကျွမ်းကျင်ပညာရှင်များအားလုံးကို ဖောက်ပြန်သည့် လူတန်းစားညဉ် ရှိသူများအဖြစ် သတ်မှတ်စွတ်စွဲခြင်းခံရကာ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ထိုထမင်းချက်ကြီးသည် တရားရုံးသို့လာရောက်ကာ သူသည် ထောင်ဒဏ် ခြောက်နှစ်ကျော် အကျဉ်းချခံရပီး လျှုရှောက်ချီနှင့် သူ့ဇနီးသည်တို့ တံဆိပ်တုံးအတု လုပ်မူနှင့် ပတ်သတ်ပြီး သက်သေခံပေးပါ့မည်ဟု ကတိပြုသဖြင့် စောစီးစွာ လွတ်လာခဲ့ကြောင်း ထွက်ချက်ပေးခဲ့သည်။

ပြန်လည်ပြင်ဆင်ရေးဝါဒကို ဆန့်ကျင်သည့် တိုက်ပွဲတွင် စွပ်စွဲချက်များသည် ခိုင်လုံမူရှိရန် လိုသည်ဟု ချန်ကျင်းက တိုက်ခိုက်ဝေဖန်ခဲ့သည်။ သို့သော် သူမပြန်လည် ဖြတ်တောက်ထုတ်ပြန်ခဲ့သဖြင့် အဖြစ်မှန်ကို မည်သူမျှ မသိနိုင်ပေ။

ဆရာတင်ညွှန့်ရေးသားသော ကမ္ဘာကျော် နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကောက်နှုတ်ဖော်ပြထားပါသည်။

OpenYourBusinessOnline

သမိုင်း

Related Posts