ချစ်ကြည်ရေးလမ်းစ

ချစ်ကြည်ရေးလမ်းစ (အပိုင်း – ၁)

ချစ်ကြည်ရေးလမ်းစ (အပိုင်း – ၁) ~~~~
ဖြိုးတုပ်လုပ်ပုံနှယ် ရှက်စရာလဲ ကောင်းတော့သည်။ နိုင်ငံကြီးသား မပီသလိုက်လေ။ ဘယ်နှယ့်ဗျာ၊ ကျုပ်တို့ အထွတ်အမြတ်ထားသော၊ ဇာတိမာန် ပွက်လောရိုက်စေသော အမျိုးသားအလံကြီးကိုမှ စပါးပုံတက်လုရာမှာ သင်းအသုံးချသည်။ နိုင်ငံကြီးသားတို့အမြင်မှာ ရှက်စရာပါလား။ ရှက်ရှက်နှင့် လဲပြီး သေလိုက်ဖို့ ကောင်းသည်။

သို့ပေမယ့် အသက်တစ်ချောင်းဆိုတာ နှမြောဖို့ အကောင်းသား။ အကြောင်းမရှိဘဲနှင့်တော့ လဲပြီး သေဖို့မသင့်။ ကျွန်ုပ်တို့ စဉ်းစားဆင်ခြင်သုံးသပ်၍ သေသင့်မှ သေလိုက်ကြပါစို့။

အင်း … စဉ်းစားကြည့်ပြန်တော့လည်း၊ ငါတို့ဗမာနိုင်ငံတော်ကြီး လွတ်လပ်သည့် အဖြစ်သနစ်ကို ငါတို့ ဗမာနိုင်ငံတော်ကြီးဖြစ်သော ကျေးလက်တောရွာ ပစ္စန္တရာဇ် ဇနပုဒ်သား ဖြိုးတုပ်က ယခုကဲ့သို့ အမျိုးသားအလံတော်ကြီးကို တခမ်းတနားလွှင့်ထူကာ မော်ကွန်းတင်ခဲ့သည်မှာ ငါတို့ဗမာ့အနာဂတ်သမိုင်းတွင် ဂုဏ်ယူစရာကြီးတစ်ရပ် ဖြစ်ချေ၏တကား။

ဤကဲ့သို့ ဂုဏ်ယူနိုင်လောက်အောင် စီမံဖန်တီးပေးသော သူတော်ကောင်း သူမြတ်လောင်းအပေါင်းတို့အားလည်း ငါတို့သည် ကျေးဇူးတင်ရှိထိုက်လှပေ၏တကား။ သူတို့သည်သာလျှင် ငါတို့ ဗမာအမျိုးသား တောသူတောင်သားအပေါင်းတို့အား နှစ်ပေါင်းတစ်ရာကျော်မျှ တစ်သွေးတည်းတစ်သားတည်းအနေဖြင့် ကောင်းရာသုဂတိသို့ လားစေရန် မြင့်မြတ်ကြီးမားလှသော ပညာရေး အခြေစနစ်ဖြင့်  ဆုံးမပဲ့ပြင်သွန်သင်၍ ချောင်သိပ်ထားခဲ့သည်မဟုတ်တုံလော။ ထိုကျေးဇူးသော် အစုံကြောင့်သာလျှင် ဖြိုးတုပ်၏ဉာဏ်အမြင် ဤမျှကြီးကျယ်ခြင်း ဖြစ်ချေသည်တကား။

ဟိသစ္စံ၊ ထိုစကားသည် မှန်၏။ ငါတို့၏အရှင်သခင် အင်္ဂလိပ်အစိုးရမင်းတို့သည် မြန်မာပြည်ဖွားတိုင်းရင်းသားတို့အား ရင်ဝယ်သားကဲ့သို့ သနားကြင်နာတတ်သော မဟာကရုဏာတော်ဖြင့် ငါတို့၏မြန်မာပြည်ကြီးကို သိမ်းပိုက်လိုက်စဉ်က ငါတို့မြန်မာအမျိုးသားများ၏အခြေသည် သုညဒီဂရီတွင် တည်ခဲ့၏။ ထိုမျှ နုံချာဖျင်းအလှသော အခြေမျိုးမှ တိုးတက်စေရန် ရည်သန်ကာ အရှင်အင်္ဂလိပ်အစိုးရမင်းတို့သည် ကြိုးစားပမ်းစား ဆောင်ရွက်လိုက်လေရာ ၁၃၀၄ ခုနှစ်၊ သူတို့တစ်တွေ အောင်မြင်စွာ ဆုတ်ခွာသွားသည့်အချိန်တွင် ငါတို့ မြန်မာအမျိုးသားတို့၏ မူရင်းဖြစ်သော ငဘများ၊ ဖြိုးတုပ်များ၏ အခြေမှာ ဒီဂရီ သုညတစ်လုံးမှသည် နှစ်လုံးသို့ တိုးတက်ရလေပြီ။

ထို့ကြောင့် စပါးပုံပေါ်တွင် အမျိုးသားအလံစိုက်ကာ လွတ်ပြီးလပ်နေသော ဗမာနိုင်ငံတော်ကြီးကို လက်မွန်မဆွ ထူထောင်ခဲ့သော တမတ်သား သခင်ဖြိုးတုပ်အတွက် ဗမာအမျိုးသား လယ်သမားအပေါင်းတို့၏ ကိုယ်စား ငါတို့ ရှက်စရာမလို။ ငဘကလည်း နည်းနည်းမျှ ရှက်စရာမလို။

စင်စစ် ငဘလည်း နည်းနည်းမျှ မရှက်ပါ။ သူ့ကျောပြင် ဓားရှခံရ၍သာ မခံချင် ဖြစ်မိပါသည်။

ထို့ကြောင့် နိုင်ငံကြီးသားဘဝနှင့် မနေဖူးသော ဖြိုးတုပ်၏ နိုင်ငံကြီးသား မပီသည့် ဖြစ်အင်ကို ရင်မပြီး စုတ်သပ်ဖို့ မလိုတော့ပြီ။ ရှက်ထိုက်သူတို့ ရှက်တတ်ဖို့ ထားလိုက်တော့မည်။

စင်စစ် သည်ဟာမျိုးက ဘာမျှ အရေးမကြီး။ လက်ငင်းအရေးတကြီးလုပ်ဖို့က ငဘက ဆေးရုံ မြန်မြန်ရောက်ဖို့ဖြစ်သည်။

ပြောနေကြာရော့။ ဆေးရုံအမြန်ပို့မည်။ သိုပေမယ့် မြန်မာပြည်ကျေးလက်တောရွာအခြေအနေအရဆိုလျှင် အနီးဆုံးဆေးရုံကို အမြန်ဆုံးရောက်အောင် သွားရမှာက ဘယ်နည်းနှင့်မဆို နှစ်ရေကျော်ကျော် သုံးရေလောက် လှေနှင့် အပြင်းလှော်ရဦးမည်။ လမ်းတွင် ဦးသာဂေါင်ကြီးကို အကျိုးအကြောင်း ပြောပြပြီး ပိုက်ဆံဝင်တောင်းရဦးမည်။ မြို့ဆိုတာ ငဘလည်း ရောက်ဖူးသည်မဟုတ်။ သာအိတော့ တစ်နှစ်တစ်ခေါက်လောက် ရောက်ဖူးသည်။ ထို့ကြောင့် ငဘက သာအိကို အဖော်ခေါ်သည်။ မြတ်မွှေးကိုမူ လယ်ကွင်းရှိ ကျန်ရစ်သူ သားမယားကလေးများကို ကြည့်ဖို့ ထားခဲ့မည်။ သာအိ၏ ညီကလေး ငကက်ကိုလည်း ပဲ့ကိုင်ဖို့ ခေါ်ရဦးမည်။ ထမင်းအိုးတောင်း ဟင်းအိုးတောင်း ပြင်နှင့်ကြပေရော့၊ ဟော်ရီးအတွက်လည်း ကုလားတစ်ယောက် အပိုခေါ်ဦးမှ ဖြစ်မည်။ သင်းတို့က ဇာတ်ကြီးလေတော့ လမ်းစားဖို့ ကုလားပဲလှော်တို့၊ မုံဆန်းလှော်တို့ ထုပ်ထားနှင့်ကြပေရော့။

ဤမျှ အပြင်းစီမံလိုက်ရာ ငဘတို့လူသိုက် ညနေ ရေအမီလယ်ကွင်းမှ ထွက်နိုင်သည်။ သို့ရာတွင် ဟိုညက မီးထိန်လင်းနေသော ရေကျော်ဝကို ခဏဝင်ရဦးမည်။

ငဘ၊ သာအိနှင့် ကုလားကလေးတို့သည် ရေကျော်ဝ တရုတ်ဆိုင်တံတားသို့ တက်ကြသည်။ တရုတ်ဆိုင်အနီးအနား အိမ်ခြေဆယ့်လေးငါးယောက်စုပြီး နေ့လည် ကင်းဖွဲ့၍ စောင့်နေကြသည်။ ငဘတို့ တက်လာကြသောအခါ ငဘအား “သခင်မျိုးဟေ့” ဟု လက်သီးစုပ် လက်ရုံးတန်း၍ အော်ကာ နှုတ်ဆက်ကြသည်။ သူတို့၏ အချိန်းအချက်အရ ငဘက ‘တို့ဗမာ’ ဟု ပြန်အော်ရမည်။ သို့မှ မိတ်ဆွေနှင့် ရန်သူ ခွဲခြားတတ်မည်။ သို့သော် ငဘသည် ဤမျှလောက် ပညာအရည်အချင်းပြည့်စုံသည် မဟုတ်။ ငဘတို့ သည်လောက်အကင်းပါးလျှင် မြန်မာပြည်လွတ်လပ်ရေးရသည်မှာ ကြာလှကရောပေ့ါ။ ယခုတော့ သည်လိုမဟုတ်။ မြန်မာတွေလည်း မလွတ်လပ်သေး။ ငဘလည်း အဖြေမပေးတတ်သေး။ ထို့ကြောင့် ကင်းသမားများ ဝိုင်းအုံပြေးလာသည်။ ငဘလည်း လန့်၍ နောက်ဆုတ်သည်။

သို့ရာတွင် အချိန်ကောင်းသောကြောင့် ကင်းသမားများက ငဘမှန်းသိသည်။

“ဟေ့ အကောင်ငဘရ၊ ဘာကြောင့် ပြေးသလဲ”
“ဟာ … ခင်ဗျားတို့လား၊ ဘာကြောင့် ကျွန်တော့်ကို လိုက်ရသလဲ”
“အို … ငဘရာ မင့်နှယ်ကွာ၊ သခင်မျိုးဟေ့ လို့ အချက်ပေးနေတာ မကြားဘူးလား”
“သြော် … ကိုကြီးငလုံးလား၊ ကြားတော့ ကြားတာပေါ့ဗျာ”
“အေး – လဟာ၊ ကြားရင် ထူးပါလားဟ”
“ကဲ – ထူးပါပြီတဲ့ဗျာ။ ဗျို့”
“အမယ်လေးလေ့၊ ဒီလို ထူးဖို့မဟုတ်ဖူးကွ။ ခေတ်မမီတဲ့ ငဘရ။ ‘တို့ဗမာ’ လို့ ပြန်ထူးရတယ်ဟ။ တောသားလဲဆိုရဲ့၊ သောက်ဖျင်းနိုင်လိုက်တာလဲ လွန်လို့”

ကင်းသမားများက ဝါးကနဲရယ်ကြသည်။

ငဘလည်း အတော်ရှက်သွားသည်။ ငလလို တောသားမျိုးအဖို့ ဒါမျိုးမှ ရှက်စရာကောင်းသည်။ စပါးပုံလုသဟာ ဘာမျှအရေးမကြီး။ သူများ ဝိုင်းရယ်ခြင်း ခံရမှ ဟိရိသြတ္တပ္ပတရားဟူသည်။

ကင်းသမားတို့မှာ တကွင်းသားတည်း ဖြစ်လေရာ ငဘအား အကျိုးအကြောင်း မေးသည်။ ဟော်ရီး၏ အကြောင်းကို ကြားသဖြင့် စုတ်တသပ်သပ်ဖြစ်ပြီးလျှင် လှေသို့ ဆင်းကြည့်ကြသည်။ ကိုကြီးငလုံးနှင့် ဘကြီးစတို့က လမ်းစားဖို့ ဟော်ရီးကို ငှက်ပျောသီး အုန်းသီး လက်ဆောင်ပေးသည်။ ချစ်ခင်ကြင်နာသော အမူအရာ ပြကြသည်။ တကယ့်စေတနာနှင့်လည်း ချစ်ခင်ကြင်နာကြပါပေသည်။

ပြီးလျှင် ငဘက ညကအဖြစ်အပျက် အသံဗလံများအကြောင်း မေးသဖြင့် တံတားမှ တရုတ်ဆိုင်ဆီသို့ သွားကြသည်။

အဟန်ရှုပ်သည် ငဘကို သဘောကောင်း၍၊ ဖြောင့်မတ်၍၊ မဟုတ်မခံတတ်၍ ခင်မင်ရှာသည်။ ငဘမှာ သည်ကွင်းတွင် မှန်မှန်လုပ် မှန်မှန်စားနိုင်သောသူ ဖြစ်လေရာ အဟန်ရှုပ်က ငဘကို သူများတကာထက် အထင်ကြီးသည်။ သူ့ကို စိတ်လည်းချသည်။ ယုံလည်း ယုံကြည်သည်။ ဤမျှ လက်ပွန်းတတီး စိတ်တူသဘောတူ ရင်းနှီးလေသောကြောင့် အဟန်ရှုပ်က ငဘကို မြင်သည်ဆိုလျှင်ပင် သူ၏ညီငယ်တစ်ဦး အိမ်ပြန်လာသည်တွင် အစ်ကိုဖြစ်သူက အိမ်တွင်းမှုများကို ဆီး၍တိုင်သကဲ့သို့ ခရေစေ့တွင်းကျ တိုင်လေသည်။

ရှေးတုန်းကဆိုလျှင် (တစ်နည်းအားဖြင့် မနေ့ညနေလောက်ကဆိုလျှင်) ပိုက်ဆံသိမ်းသော စားပွဲတန်းလျားနောက်က မှန်ဗီရိုထဲတွင် ကုလားအုပ်တံဆိပ် ပလေကပ်လုံချည်၊ ဆီစိမ်လုံချည်၊ ကြယ်တံဆိပ်စွပ်ကျယ်၊ မအုန်းစိန် ဇာဘော်လီ၊ ရှာပန်းထည်အနီ၊ ကေကေ လုံချည်၊ သရက်ထည် ထဘီ၊ ပန်းစည်းကြိုး၊ ကျောက်ဆူးတံဆိပ်ဘန်ချည်ကြိုး၊ ငါးမျှားတံအရွယ် အစားစား၊ စက္ကူရောင်စုံ၊ ခဲတံ၊ ကျောက်တံ၊ ကျောက်သင်ပုန်း၊ ဘီး၊ ဖန်လက်ကောက်၊ ကရုကမာကြယ်သီး စသော ဗလိနတ်စာ၊ ဗြုတ်စဗျင်းတောင်း၊ ကုန်အမျိုးမျိုးတို့သည် ဒူးနေရာဒူး၊ တော်နေရာတော် ဆိုသလို ကိုယ့်ဆိုင်ရာ အကန့်ကန့်တို့တွင် တင့်တယ်စွာ စံပယ်လျက်ရှိခဲ့ကြသည်။ ဆီပုံး၊ ရေနံဆီပုံး၊ ဖယောင်းတိုင်၊ ဆပ်ပြာတို့မှာလည်း သူ့ထင်းရှူးပုံးနှင့်သူ စည်းကမ်းသေဝပ်စွာ နေခဲ့သည်။ ငရုတ်၊ ကြက်သွန်၊ အာလူး၊ ပဲ၊ နှမ်း စသည်တို့မှာလည်း ဆိုင်ခေါင်းရင်းတွင်ရှိသော ထင်းရှူးသေတ္တာခုံတွင် သူ့အခန်းနှင့်သူ တသိုက်စီတည်ရှိခဲ့သည်။

ယခု ငဘ ကြည့်လိုက်သောအခါမူကား၊ ဗီရိုတွင်ဗလာ။ ထင်းရှူးပုံးတွင် နတ္ထိ။ ထင်းရှူးသားတင်ခုံတွင် ဘာမျှမရှိ။ ရေနံဆီကန်တော့ကြီးက ဗီရိုထဲ ရောက်နေသည်။ ဆီစုပ်သော ဘုံဘိုင်မှာ ရစရာမရှိအောင် ပျက်နေသောကြောင့် အဟန်ရှုပ်၏ သားကလေးက မြင်းလုပ်၍စီးနေသည်။ စားပွဲကုလားထိုင်တို့မှာလည်း ပြန့်ကြဲ၊ ပြိုကွဲ၊ ပျက်စီး၊ ပျောက်ရှ၍ ကုန်ချေပြီ။

အဟန်ရှုပ်သည် တောအနေများ၍ ဗမာစကားပီသအောင် ပြောတတ်သည်။

တကယ်ဆိုတော့ အဟန်ရှုပ် ဗမာစကားပီသသည်မှာ ဘာမျှမဆန်းပါ။ ဆယ့်နှစ်နှစ်သားအရွယ်လောက်ကစ၍ ဗမာမြေနင်းပြီး၊ ဗမာရေကိုသောက်ခဲ့သည့်နောက် ဗမာစကားကိုမှ မပီသရလျှင် ဘယ်စကားကို ပီသရမှာလဲ။ ဟို ဂန္ဓာလရာဇ် “ပြည်ကြီး” ရှိ ကောင်းတုန်နယ် ဖတ်စန်ကျေးရွာမှ အဟန်ဆိုသောတရုတ်ကလေးသည် ကတ္ထူရွက်သင်္ဘောကြီးစီးပြီး ရန်ကုန်မြို့သို့ ရောက်လာသည်။ ငဘကို အဟန်ရှုပ်က သူ့အကြောင်း ရှေးဟောင်းနှောင်းဖြစ်များ ပြောပြသောအခါ သူရန်ကုန်ရောက်စက ခါးတွင် ကြိုးနှင့်သီ၍ ပတ်ထားလေ့ရှိသော တရုတ်ကြေးပြားအပေါက်ကြီးများကို ထုတ်ပြလေ့ရှိသည်။ ထိုကြေးပြားအပေါက်ကြီးများမှာ ဗမာသုံးပိုက်ဆံ မဟုတ်သောကြောင့်၊ အဟန်ရှုပ်သည် ရေကျော်ဝတွင် ဤမျှကြီးကျယ်ခမ်းနားသော ဆိုင်ကြီးကို အပိုင်စီးနိုင်အောင် အဘယ်ပုံလုပ်သနည်းဟု ငဘမတွေးတတ်။ ငဘ မှတ်မိသမျှမှာ အဟန်ရှုပ်သည် ရန်ကုန်မှ ရေကျော်ဝသို့ရောက်စက ယခု သူပိုင်သောဆိုင်တွင် ထမင်းချက်ရသည်။ ထိုအခါ အဟန်မှာ အသက်နှစ်ဆယ်ခန့်အရွယ် လူပျိုဖြစ်သည်။ ငဘကား ပုဆိုးကွင်းသိုင်း မဖြုတ်သေးသော အရွယ်တွင် ရှိ၏။ မိဖော့တောင်မှပဲ ထဘီကို ရင်မရှားတတ်သေးဘူး။ သို့သော် ငဘသည် မိဖော့ကို ခိုးပြေးသောနှစ်တွင် အဟန်သည် ဆိုင်ရှင်ဖြစ်နေပြီ။ သင်းတို့တရုတ်တွေဟာ ဘယ်လိုပိုက်ဆံရှာပါလိမ့်။ သူတို့ကတော့ တယ်ပြီး ကုသိုလ်ထူးတာပဲ။ ငဘ ငယ်စဉ်က အဟန်ကို “ဟေ-ပေါက်ဖော်” ဟု ခေါ်ဖူးသည်။ လူလားမြောက်သည့်နေ့ကစပြီး ငဘသည် အဟန်အား အဟန်ရှုပ်ဟု ခေါ်ကာ ရိုသေခန့်ညားလာရသည်။ အဟန်ရှုပ်ဆိုတော့ ဗမာလို ဦးအဟန်ပေါ့။ သြော်၊ လူဆိုတာ သူ့ကာမာဝစရ အကျိုးပေးနဲ့ သူပဲ။

မောင်ထင်ရေးသားသော ဂန္တဝင်မြောက် ပင်ကိုယ်ရေးဝတ္ထု စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

Open More Online

Related Posts