ကိုယ့်ဘက်ပါအောင်

ကိုယ့်ဘက်ပါအောင် လုပ်နည်း

ကိုယ့်ဘက်ပါအောင် လုပ်နည်း ~~~~
အွိုင်စတားဘေအရပ်ရှိ သီအိုဒို ရုစဗဲ့ထံသို့ သွားရောက်လည်ပတ်သောလူတိုင်း သီအိုဒို၏ ဗဟုသုတများပုံကို အံ့အားသင့်လျက် ရှိရပေလိမ့်မည်။ ‘နွားကျောင်းသား၊ ဘုရားဒကာ၊ သဂြိုလ်ဆရာ၊ နိုင်ငံရေးသမားမှစ၍ မည်သူမဆို သီအိုဒိုနှင့် တွေ့ဆုံသော သူအပေါင်းအား ဘယ်သူ့ကို ဘယ်စကားပြောရမည်ကို သီအိုဒိုသည် ကောင်းစွာ သိလေသည်’ ဟု ဂမဲလီအယ်ဘရက်ဖို့က ရေးသားဖူးလေသည်။ ဤကဲ့သို့ လူတွေ့တိုင်း အလျဉ်းသင့်အောင် စကားပြောနိုင်ရန်နည်းသည် အလွန်လွယ်ကူ၏။ အကယ်၍ ဧည့်သည်တစ်ဦးနှင့် တွေ့ရတော့မည်ဟု ဆိုလျှင် မတွေ့မီ တစ်ညက ထိုဧည့်သည်ဝါသနာပါသော ဘာသာတစ်ခုခုကို အပင်ပန်းခံ၍ ဖတ်ထားခြင်းပင် ဖြစ်သည်။

ဤကဲ့သို့  အဘယ်ကြောင့် လုပ်ရသနည်းဆိုသော် လူတစ်ဦးတစ်ယောက်၏ စိတ်ကို ထိခိုက်အောင်ပြောရန် အကောင်းဆုံးနည်းသည် ထိုလူကိုယ်တိုင် အမြတ်တနိုးထားသော အရာဝတ္ထုများအကြောင်းကို ပြောခြင်းပင် ဖြစ်ပေသည်ဟူ၍ လူတို့၏ခေါင်းဆောင်တိုင်း သိသကဲ့သို့ ရုစဗဲ့လည်း သိသောကြောင့်ပင်ဖြစ်၏။

ယေး ယူနီဗာစီတီ၏ စာပေပါမောက္ခ တစ်ခါက ဖြစ်ခဲ့ဖူးသော ဝီလျံ လီယွန်ဖဲ့ သည် ထိုသင်ခန်းစာကို ငယ်ရွယ်စဉ်အခါကပင် စ၍ သိရှိလာခဲ့လေသည်။ ကျွန်တော်သည် အသက် ၈ နှစ်သားအရွယ်လောက်က ကျွန်တော်၏ အဒေါ်လစ်ဘီ လင်းစလေး၏အိမ်သို့ သွားရောက်လည်ပတ်နေစဉ် တစ်ညနေတွင် အသက်အရွယ် ၄၀ ခန့်ရှိ လူကြီးတစ်ယောက် ပေါက်လာလေသည်။ ထိုလူကြီးသည် ကျွန်တော်၏အဒေါ်နှင့် နှုတ်ခွန်းဆက်သပြီးလျှင် ကျွန်တော့်ကို လှမ်း၍ စကားပြောပါသည်။ ထိုအခါက ကျွန်တော်သည် လှေများတွင် အလွန် ဝါသနာပါလျက်ရှိရာ ထိုလူကြီးသည် လှေအကြောင်းကို ကျွန်တော် အလွန်စိတ်ဝင်စားလာအောင် ပြောပြလျက်ရှိ၏။ သူပြန်သွားသောအခါ သူ့အကြောင်းကို စိတ်အားထက်သန်စွာနှင့် ကျွန်တော်၏အဒေါ်ထံတွင် ကျွန်တော်သည် စုံစမ်းမေးမြန်းပါသည်။

‘သူ ဘယ်သူလဲ အဒေါ်၊ သူလည်း ကျွန်တော့်လိုပဲ လှေကို သိပ်ဝါသနာပါတာပဲ’ ဟု ပြောရာ ‘သူဟာ နယူးယောက်က ရှေ့နေကြီးကွ၊ မင်းရဲ့လှေကို ဝါသနာ မပါပါဘူးကွာ’ ဟု ကျွန်တော်၏အဒေါ်က ပြန်ပြောပါသည်။ ထိုအခါ ‘ဒါဖြင့်ရင် ဘာဖြစ်လို့ ရောက်ကတည်းက စပြီး လှေအကြောင်းကိုချည်းပဲ သူလျှောက်ပြောနေရတာလဲ’ ဟု ကျွန်တော်က ထပ်၍မေးရာ ‘မင်းက လှေအကြောင်းကို ဝါသနာပါတာကို သူသိတာကိုးကွ၊ ဒီတော့ မင်းကြိုက်အောင် မင်းဝါသနာပါတဲ့ဟာကို လျှောက်ပြီးပြောရတာပေါ့၊ ယဉ်ကျေးတဲ့လူဆိုတာ ဒီလိုပေါ့ကွ’ ဟူ၍ ကျွန်တော်၏အဒေါ်က ပြန်ပြောပါသည်။

ကျွန်တော်၏အဒေါ် ပြောသောစကားများကို ကျွန်တော်သည် ဘယ်အခါမျှ မေ့မည်မဟုတ်ပါဟူ၍ ပရော်ဖက်ဆာ ဝီလျံ လီယွန်ဖဲ့သည် ‘လူ့သဘော’ အကြောင်း ဆောင်းပါးတွင် ရေးသားခဲ့လေသည်။ ယခုအခန်းကို ရေးသားနေစဉ် ကင်းထောက်လုပ်ငန်းတွင် နာမည်ကြီးသူ အက်ဒွပ် အယ် ရှလစ် ထံမှ စာသည် ကျွန်တော်ရှေ့တွင် ရှိပါသည်။ ထိုစာကို အောက်တွင် ဖော်ပြပါအံ့။

တစ်နေ့တွင် တစ်စုံတစ်ယောက်ထံမှ အကူအညီတောင်းရန် ကိစ္စတစ်ခု ကျွန်တော်ထံတွင် ပေါ်ပေါက်လာပါသည်။ ဥရောပတိုက်တွင် ကင်းထောက်ညီလာခံ ကျင်းပမည်ဖြစ်ရာ အမေရိကန်ပြည်၏ သူဌေးကြီးတစ်ဦးထံ ကျွန်တော်၏ တပည့်ကလေးတစ်ယောက်အတွက် စရိတ်ခံရန် ပြောကြားလိုပါသည်။ ကံအားလျော်စွာ ထိုသူဌေးကို သွားရောက်တွေ့ဆုံမည်ဟု စီစဉ်နေဆဲတွင် ထိုသူဌေးကြီးသည် ဒေါ်လာတစ်သန်းတန် ချက်လက်မှတ်တစ်စောင်ကို ရေးသားပြီးမှ ငွေမထုတ်ဖြစ်ဘဲ ဖျက်သိမ်းပစ်လိုက်ပြီးလျှင် ထိုလက်မှတ်ကို ဘောင်သွင်းထားသည်ဟု ကျွန်တော် သတင်းရပါသည်။

ထို့ကြောင့် ထိုသူဌေးကြီး၏ အလုပ်ခန်းတွင်းသို့ ဝင်မိလျှင်မိချင်း ဘောင်သွင်းထားသော ထိုချက်လက်မှတ်ကို ကြည့်ပါရစေဟု ရှေးဦးစွာ ခွင့်တောင်းပါသည်။ ဤကဲ့သို့ တစ်သန်းတန် ချက်လက်မှတ်မျိုးကို အခြားသူဌေးများ ရေးဖူးသည်ဟု ကျွန်တော် မကြားဖူးသောကြောင့် ထိုချက်လက်မှတ်ကို ကျွန်တော်ကိုယ်တိုင် မြင်ခဲ့ရသည်ဟု ကျွန်တော့်တပည့်ကလေးများအား ပြောပြချင်ပါသည်ဟူ၍ ထိုသူဌေးအား ကျွန်တော် ပြောပြပါသည်။ သူဌေးကြီးလည်း ဝမ်းမြောက်ဝမ်းသာစွာနှင့် ထိုချက်လက်မှတ်ကို ထုတ်၍ပြသောအခါ ကျွန်တော်သည် ချက်လက်မှတ်ကို ကြည့်ပြီးလျှင် ချီးမွမ်းလျက် ဘယ်လိုဖြစ်ပြီး ထိုချက်လက်မှတ်ကို ရေးရပါသနည်း ဟု သူဌေးကြီးအား မေးမိပါသည်။

မစ္စတာရှလစ်သည် သူဌေးကြီးနှင့် တွေ့လျှင်တွေ့ချင်း ကင်းထောက်လုပ်ငန်းကိုလည်းကောင်း၊ ဥရောပတိုက်တွင် ကျင်းပမည့် ကင်းထောက်ညီလာခံအကြောင်းကိုသော်လည်းကောင်း သူအလိုရှိသည့်ကိစ္စကိုသော်လည်းကောင်း စပြီးမပြောသည်ကို သင်သည် သတိထားမိပါ၏လား။ ထိုသူဌေးကြီး စိတ်ဝင်စားလျက်ရှိသော အကြောင်းအရာကသာစ၍ ပြောကြားလေသည်။

ထိုကဲ့သို့ ပြောသည့်အတွက် အောက်ပါအကျိုးထူးများ ခံစားရ၏။ ‘ဒါထက် မောင် ဦးကိုလာပြီး တွေ့တဲ့ကိစ္စက ဘာပါလိမ့်’ ဟု သူဌေးကြီးသည် ကျွန်တော့်ကိုမေး၍ ကျွန်တော်လည်း အကျိုးအကြောင်းကို ပြောပြလိုက်ပါသည်။ ကျွန်တော်က တစ်ယောက်အတွက် စရိတ်ကိုသာ တောင်းသော်လည်း သူငယ်ကလေး ၅ ယောက်နှင့် ကျွန်တော့်အတွက်ပါ ဒေါ်လာတစ်ထောင်တန် ချက်လက်မှတ်တစ်စောင်ကို ထုတ်ပေးပြီးလျှင် ကျွန်တော်တို့ စီစဉ်ထားသည့်အတိုင်း ဥရောပတိုက်တွင် တနင်္ဂနွေ တစ်ပတ်မကဘဲ တနင်္ဂနွေ ၇ ပတ် နေရန်ကိုလည်း မှာကြားလိုက်ပါသည်။ ထို့ပြင် ဥရောပတိုက်ရှိ သူ့ဆိုင်ခွဲများက မန်နေဂျာများထံသို့လည်း ကျွန်တော်တို့အား ဂရုစိုက်စောင့်ရှောက်ကြည့်ရှုရန် မိတ်ဆက်စာများ ရေးသားပေးပို့ပါသေးသည်။ သူကိုယ်တိုင်လည်း ပဲရစ်မြို့တော်မှနေ၍ ကျွန်တော်တို့လူစုကို ဆီးကြိုပြီးလျှင် မြို့ကို လည်ပြပါသည်။ ထိုအခါမှစပြီး မိဘဆင်းရဲသော ကျွန်တော်၏ တပည့်ကလေးများကို သူ့လက်အောက်တွင် အလုပ်ပေး၍ ကျွန်တော်တို့ ကင်းထောက်လုပ်ငန်းတွင် ကိုယ်ထိလက်ရောက် ကူညီလျက်ရှိပါသည်။

အကယ်၍သာ ထိုသူဌေးကြီးသည် မည်သည့်အရာတွင် စိတ်ဝင်စားသည်ကို ကျွန်တော်ရှေးဦးစွာ သိရှိမထားမိသည့်အတွက် သူစိတ်ပါလာအောင် ‘ဆွ’ မပေးနိုင်ရင် ယခု ရရှိသောအရာများ၏ ဆယ်ပုံတစ်ပုံကိုပင် ရရန်ပင် ခဲယဉ်းပေလိမ့်မည်။ ဤနည်းသည် ကုန်ရောင်းကုန်ဝယ်ရာတွင်လည်း အသုံးဝင် မဝင်ကို ကြည့်ကြဦးစို့။ နယူးယောက်မြို့ရှိ ‘ဒူဗားနွိုင်နှင့်သားများ’ ခေါ် ပထမတန်းစားပေါင်မုန့်ဆိုင်တစ်ဆိုင်၏ ပိုင်ရှင် ဟင်နရီဒူးဗားနွိုင်သည် နယူးယောက်မြို့ရှိ ဟိုတယ်ဆိုင်တစ်ဆိုင်သို့ သူ၏ပေါင်မုန့်များကို ရောင်းရန် ကြိုးစားလျက်ရှိလေသည်။ ထိုကိစ္စ အောင်မြင်ရန် လေးနှစ်တိုင်တိုင် တနင်္ဂနွေတစ်ပတ်လျှင် တစ်ကြိမ်ကျ ဒူဗားနွိုင်သည် ဟိုတယ်မန်နေဂျာနှင့် သွားရောက်တွေ့ဆုံလေသည်။ ထိုမန်နေဂျာနှင့် အကျွမ်းတဝင်ဖြစ်စေရန် သဘောဖြင့် သူ တက်ရောက်သော ‘ပွဲထိုင်’ များသို့ ဒူဗားနွိုင်လည်း တက်ရောက်ရုံသာမက သူ၏ဟိုတယ်ဆိုင်တွင်ပင်လျှင် အခန်းငှား၍ အတော်ကြာကြာနေခဲ့ဖူး၏။ သို့ရာတွင် အကြောင်းမထူးချေ။

‘ထို့နောက် မိတ္တဗလနည်းများကို လေ့လာဆည်းပူးပြီးသောအခါ ကျွန်တော်သည် နည်းသစ်တစ်နည်းကို ထွင်ပါသည်။ မန်နေဂျာသည် မည်သည့်အရာတွင် စိတ်အဝင်စားဆုံးဖြစ်သည်ကို စုံစမ်းသိရှိနိုင်ရန် သန္နိဌာန်ချလိုက်ပါသည်’ ဟု ဒူဗားနွိုင်က ပြောပြလေသည်။ ထိုမန်နေဂျာသည် ‘ဟိုတယ်ပိုင်ရှင်များ၏ အသင်း’ တွင် ပါဝင်လာကြောင်းကို များမကြာမီက စုံစမ်းသိရှိရပါသောကြောင့် အသင်းဥက္ကဌအဖြစ်သို့ တင်မြှောက်ခြင်း ခံရကြောင်းကိုလည်း စုံစမ်းသိရှိရပါသည်။ ထိုအသင်းတွင် စိတ်ဝင်စားလွန်းအားကြီးသောကြောင့် အကယ်၍ အသင်း၏ အစည်းအဝေးများသို့ တောင်စဉ်အထပ်ထပ်ကို ဖြတ်ကျော်ကူးသန်း၍ သွားရစေကာ မဆိုင်းမတွ သွားမည့်အကြောင်းကိုလည်း စုံစမ်းသိရပါသည်။

ထို့ကြောင့် နောက်တစ်နေ့တွင် မန်နေဂျာနှင့် တွေ့သောအခါ ထိုအသင်းအကြောင်းကို စ၍ ပြောပါသည်။ သူသည် မည်မျှ စိတ်ထက်သန်စွာနှင့် စကားပြန်ပြောသည်ကို တွေး၍သာ ကြည့်ပါတော့။ ထိုအသင်းအကြောင်းနှင့် စပ်လျဉ်း၍ နာရီဝက်လောက် ပြောကြားရာ စကားလုံးတိုင်းသည် သူ၏နှုတ်မှ မြူး၍ ထွက်လာပါသည်။ ဤအသင်းသည် သူ၏အသက်ဘူးဖြစ်ကြောင်းကို ကျွန်တော်တို့ တွေ့ရပါသည်။ သူ့အလုပ်ခန်းမှ ထွက်မလာခင် အသင်းသားလက်မှတ်တစ်စောင်ကို ကျွန်တော့်အား ရောင်းလိုက်ပါသေးသည်။

ကျွန်တော်လည်း ပေါင်မုန့်အကြောင်းနှင့် စပ်လျဉ်း၍ တစ်ခွန်းတစ်ပါဒမျှ စပ်၍မပြောခဲ့ပါ။ သို့ရာတွင် ရက်အနည်းငယ် ကြာသောအခါ ထိုဟိုတယ်၏ လုပ်သားမှူးသည် ပေါင်မုန့်နမူနာနှင့် ဈေးနှုန်းစာရင်းကိုပါ ယူ၍လာရန် ကျွန်တော့်ထံသို့ တယ်လီဖုန်းနှင့် ပြောပါသည်။ ‘ခင်ဗျား အဘိုးကြီးကို ဘယ်နှယ့်လုပ်လိုက်သလဲ၊ ခင်ဗျား အတော်ကျနေပြီ ဆရာ’ ဟူ၍ ထိုသူက တယ်လီဖုန်းမှ လှမ်း၍ ပြောပါသည်။

ကျွန်တော်သည် လေးနှစ်တိုင်တိုင် ထိုမန်နေဂျာထံတွင် ပေါင်မုန့်ရောင်းရအောင် ကြိုးစားခဲ့ပါသည်။ အကယ်၍သာ သူ ဝါသနာပါသောအရာသည် မည်သည့်အရာဖြစ်သည်၊ မည်သည့်အရာကို စိတ်ပါလက်ပါ ပြောချင်သည်ဆိုသောအကြောင်းကို ဂရုစိုက်၍ ရှာဖွေခြင်းမပြုမိရင် သူ့ထံတွင် ပေါင်မုန့်ရောင်းရန် ကျွန်တော်၏ကြိုးစားချက်တို့သည် ယခုတိုင် အချည်းနှီးပင် ဖြစ်ပါလိမ့်မည်။

ထို့ကြောင့် သင့်ကို လူကြိုက်များစေလိုလျှင် တစ်ဖက်သား စိတ်ဝင်စားလျက်ရှိသည့် ကိစ္စဘက်မှ နေ၍ ဆွဲပါ။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

Open More Online

Related Posts