ကြီးပြင်းခြင်းဆိုတဲ့ အတောင်ပံ

ကြီးပြင်းခြင်းဆိုတဲ့ အတောင်ပံ

ကြီးပြင်းခြင်းဆိုတဲ့ အတောင်ပံ ~~~~ ချောင်းငယ်လေးတစ်ခုက အတားအဆီး၊ အခက်အခဲအမျိုးမျိုးကို ဖြတ်ကျော်ပြီးမှ ပင်လယ်ထဲစီးဝင်နိုင်ခဲ့တယ်။
မျိုးစေ့လေးတစ်စေ့က အမှောင်ထု အထပ်ထပ်ကို ဖြတ်ကျော်ပြီးမှ အလင်းရဲ့ ဆေးကြောခွင့်ကို ရခဲ့တယ်။
လူတစ်ယောက်ဟာလည်း အမြဲမပြတ်အားထုတ်မှ လှပကောင်းမွန်တဲ့ ဘဝသံစဉ်ကို တီးခတ်နိုင်မှာ ဖြစ်ပါတယ်။
ဘဝရဲ့ ခယောင်းလမ်းကို ဖြတ်ကျော်ခဲ့ရလည်း၊ အတားအဆီး အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရလည်း ရာန္ဒြာနတ်(သ်)တဂိုးဟာ အညံ့မခံခဲ့ဘူး။
“လောက က နာကျင်ခြင်းနဲ့ ငါ့ကို နမ်းရှုပ်တယ်။ ငါက သီချင်းနဲ့ ပြန်ပြီး တုံ့ပြန်မယ်”
ဒါဟာ သန်စွမ်းသူတစ်ယောက်က ဘဝကို စိန်ခေါ်ခဲ့တဲ့ စစ်ကြေညာချက်ဖြစ်တယ်။
ဘယ်သူလဲ… သူ့သံစဉ်ကို အထပ်ထပ် ပြင်ဆင်ခဲ့တာ။
ဘယ်သူလဲ.. ဆင်းရဲဒုက္ခကြားကနေ မပြတ်ကြိုးစားအားထုတ်ခဲ့တာ။
သူပါ.. ဗီသိုဗင် (Beethoven) ပါ။
သူဟာ အကြားအာရုံချွတ်ယွင်းခဲ့ပေမယ့် မလျော့တဲ့ ဇွဲလုံ့လနဲ့ ဂီတအပေါ် ချစ်မြတ်နိုးမှုကို ပေါင်းပြီး စန္ဒရားပေါ်မှာ သူ့တန်ဖိုးကို ပြခဲ့ပါတယ်။ သူ့ရဲ့ဇွဲ၊ သူ့ရဲ့ သတ္တိက သူ့ဂီတကို အဓွန့်ရှည်တည်တံ့စေခဲ့ပါတယ်။
ဘယ်သူလဲ…အပြစ်နဲ့ အရှက်ကို မတရားခံရရင်း မပြတ်ကြိုးစားအားထုတ်ခဲ့တာ။
သူပါ.. Sima Qian (ဟန်ခေတ် သမိုင်းပညာရှင်၊ စာပေပညာရှင်) ပါ။
သူဟာ အချုပ်အနှောင်နဲ့ အေးစက်မှောင်မိုက်တဲ့ အချုပ်ခန်းမှာ ပိတ်လှောင်ခံခဲ့ရတယ်။ သူ့နှုတ်ခမ်းထောင့်မှာ စက်ဆုပ်ရွံရှာတဲ့အပြုံးနဲ့ မျက်နှာပေါ်မှာ အမှန်တရားအတွက် ပြတ်သားမှုတွေ ထင်ဟပ်ခဲ့တယ်။ သူဟာ ကလောင်တစ်ချောင်းနဲ့ ဘဝစာပေတွေကို ရေးသားပြီး လူတွေကို ကိုင်လှုပ်ခဲ့တယ်။ ကမ္ဘာ့စာပေလောကမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ခြေရာတွေကို ထားရစ်ခဲ့ပါတယ်။
ဘယ်သူလဲ.. လူတွေရဲ့ နားလည်မှုမပေးတဲ့ အကြည့်အောက်မှာ ကကြိုးတွေ မြူးကြွစေခဲ့တာ။
ဘယ်သူလဲ.. ကြိုးစားအားထုတ်မှုတွေ ကြောင့် လက်ခုပ်သြဘာသံတွေ ဟိန်းညံစေခဲ့တာ။
ဘယ်သူလဲ.. အလင်းနဲ့ အရိပ်တွေ ကြားမှာ ဘဝရဲ့ ကောက်ကြောင်းကို လှလှပပပုံဖော်နိုင်ခဲ့တာ။
သူတို့တွေပါ… ဆွံ့အနားမကြားတဲ့ ကချေသည်တွေပေါ့။
သူတို့ဟာ ဂီတရဲ့ သာယာငြိမ့်ညောင်းသံကို မကြားရ၊ ဂီတထဲ စီးမျောလိုက်ပါခွင့် မရနိုင်ခဲ့ကြပေမယ့် ကိုယ်၊ စိတ်၊ နှလုံးနဲ့ ဂီတကို ခံစားပြီး မသန်စွမ်း အိုလံပစ်ရဲ့ စတိတ်စင်ပေါ်မှာ သူတို့ရဲ့ ကြီးမြတ်သန်စွမ်းမှု၊ ကြံ့ခိုင်မှုကို ပြသခဲ့တယ်။ သူတို့ရဲ့ တန်ဖိုးရှိတဲ့ ဘဝအဓိပ္ပာယ်ကို ဖော်ထုတ်ခဲ့ပါတယ်။
၁၉ ရာစုခေတ် ပြင်သစ်စာရေးဆရာ အလက်ဇန္ဒား ဒျူးမတ်စ် (Alexandre Dumas) (အကြီး) က စာအုပ်တစ်အုပ်ထဲမှာ ဒီလို သရုပ်ဖော်ရေးသားခဲ့ပါတယ်။
“နောက်ဆုံးမှာ ကျည်ဆန်မိုးတွေကြားကနေ သူ ထရပ်နိုင်ခဲ့တယ်။ သွေးပေနေတဲ့ ခန္ဓာကိုယ်ကို ပွတ်သပ်ရင်း သူခေါင်းမော့အော်ရယ်ခဲ့တယ်။”
“နာကျင်မှုတွေကို ပြည့်ပြည့်ဝဝခံစားခွင့်ပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ နာကျင်မှုတွေကို ခံစားရတာကောင်းပါတယ်။ ဒါဟာ ကျွန်တော်အသက်ရှင်နေသေးတယ်။ မသေသေးဘူး။ မျှော်လင့်ချက် ရှိသေးတယ်ဆိုတာကို ဖော်ပြနေပါတယ်”
ကြီးပြင်းရာ လမ်းတစ်လျှောက်က ဖြောင့်ဖြူးတယ်ဆိုတာ မရှိနိုင်ပါဘူး။
ကြီးပြင်းရှင်သန်နေတဲ့ ဘဝမှာ ဒဏ်ရာဒဏ်ချက်တွေက ရှိစမြဲပါ။
ရှေ့ကို သတ္တိရှိရှိချီတက်ရင်း ကြိုးစားအားထုတ်မှုတွေ စိုက်ထုတ်မှ အဲဒီဒဏ်ရာဒဏ်ရာချက်တွေကို ဖျောက်ပစ်နိုင်မှာ ဖြစ်ပါတယ်။
ဘဝရဲ့ ဆင်းရဲဒုက္ခကို ရင်ဆိုင်မိချိန်မှာ ကျွန်တော်တို့ နောက်ဆုတ်အညံ့ခံလို့ မရပါဘူး။ ခိုင်မြဲတဲ့ လုံ့လ၊ အရှုံးမပေးတဲ့ စိတ်ဓာတ်နဲ့ ရင်ဆိုင်မှသာ ဘဝဟာ လှပတဲ့ ရောင်စုံတွေနဲ့ ဖူးပွင့်လာနိုင်မှာ ဖြစ်ပါတယ်။

ကြီးပြင်းခြင်းဆိုတဲ့ အတောင်ပံ
စာရေးဆရာမ ⇒  Nine Nine Sanay @ နိုင်းနိုင်းစနေ

ရသ

# Open More Online

Related Posts