ကျန်းမာရေး

ကျန်းမာရေး နှင့် ညီညွတ်အောင် ဘယ်လိုဆောင်ရွက်မလဲ (အပိုင်း – ၂)

ကျန်းမာရေး နှင့် ညီညွတ်အောင် ဘယ်လိုဆောင်ရွက်မလဲ ~~~~
ယင်အန္တရာယ်ကင်းဝေးစေရန်။

၁။     ယင်လုံအိမ်သာ ဆောက်လုပ်အသုံးပြုခြင်း။
၂။     မြင်းချေး၊ နွားချေး၊ ဝက်ချေးများကို ယင်ကောင်မနား မအုစေရန် စနစ်တကျ သိမ်းဆည်းခြင်း။
၃။     လူတိုင်း-လူတိုင်း အမှိုက်သရိုက်များ စနစ်တကျ စွန့်ပစ်၊ သိမ်းဆည်းခြင်း။
၄။     ယင်မလုံသော အိမ်သာဖြစ်၍ အညစ်အကြေးများအတွင်း ပိုးလောက်များ ရှိနေလျှင် ပြာ၊ ထုံးမှုန့်၊ မြေကြီး၊ ရေနံဆီ၊ ဒီဇယ်ဆီ၊ ဒီတီတီဆေးမှုန့်၊ စသည်တို့ ဖြန်းခြင်း၊ ဖုံးအုပ်ခြင်း၊ ဖြူးခြင်း၊ မြေဖို့ခြင်း၊ စသည်တို့ ဆောင်ရွက်သင့်သည်။
၅။     ယင်နားလျှင် ကပ်ပြီး သေစေသော ယင်ဖမ်းကော်၊ လျှပ်စစ်ဘတ်တန်၊ ယင်ဖမ်းစက်၊ စသည်တို့ဖြင့် နှိမ်နင်းပစ်ပါ။
၆။     အစားအစာပေါ်တွင် ယင် လုံးဝမနားစေရပါ။ တစ်မိသားစုမှသည်၊ တစ်ရပ်ကွက်၊ တစ်မြို့နယ်၊ တစ်နိုင်ငံလုံး ဤသို့ စနစ်တကျ ဆောင်ရွက်ကြသော်ကား ကျန်းမာသက်ရှည်သော အသွင်ထူးကို ရရှိခံစားကြရမည် ဖြစ်သည်။ ပြည်သူ့နီတိဖြစ်သော ပြည်သူတို့၏ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများအနက် ကျန်းမာခြင်းကို များစွာ ထိခိုက်စေခြင်း၌ ဆူညံခြင်းအကြောင်းတရားကိုပါ ထည့်တွက်ရမည် ဖြစ်သည်။

လူ၏ခန္ဓာဗေဒသည် အသက် ၃၅ နှစ် ကျော်လာသည်နှင့်အမျှ အကြားစူးစိုက်မှုတွင် လျှော့ပါးလာတတ်ကြ၏။ ထို့ကြောင့် အသံ၏ အတိုးအကျယ်ပေါ်လိုက်၍ ခန္ဓာကိုယ်၏ သွေးခုန်နှုန်းလည်း ပြောင်းလဲသည်။ ထို့ကြောင့် အသက်အရွယ် ရင့်သူများသည် ဆူညံမှုကို အလိုမရှိချေ။ ငယ်ရွယ်သူတို့အဖို့ ကျယ်လောင်သော တီးဝိုင်း၊ သီချင်းသံ၊ ပတ်ဝန်းကျင် ဆူညံမှုကို ခံနိုင်ရည်ရှိပြီး၊ ဖြတ်သန်းနိုင်သော်လည်း အသက်ကြီးသူတို့အဖို့ ခံနိုင်ရည်မရှိတော့ပေ။

ထို့ကြောင့် ပတ်ဝန်းကျင်နှင့် အသံ၏ ဆူညံမှုအကြောင်းတရားကိုပါ ကျင့်ဝတ်စည်းကမ်းအနေဖြင့် လိုက်နာကြရန် လိုအပ်ပေသည်။ လူသားတို့ပတ်ဝန်းကျင်တွင် အသံပေါင်းစုံနှင့် ပြည့်နှက်နေ၏။ အသက်ရှူသံ၊ လေတိုက်သံ၊ သစ်ရွက်ကြွေသံ၊ ကားသံ၊ ရထားသံ၊ လေယာဉ်ပျံသံနှင့် အတိုးအကျယ်မျိုးစုံ ကြားနေရသည်။

အသံအမျိုးမျိုးသည် ကြားနေရသည့် ပမာနသည် သတ်မှတ်ထားသည့် အတိုင်းအတာထက် ကျယ်လောင်သောအခါ ကျန်းမာရေးကို ထိခိုက်ကြောင်း ကျန်းမာရေးဋ္ဌာနမှ ထုတ်ပြန်ကြေငြာခဲ့သည်။ အသံသည် အရာဝတ္တုတစ်ခုနှင့် တစ်ခုတို့ ထိတွေ့မှု၊ တုန်ခါမှုတို့မှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

မျက်စိသည် တောက်ပစူးရှသော အလင်းရောင်ကြောင့် ဒုက္ခရောက်ရသကဲ့သို့၊ ဆူညံသောအသံများကြောင့် လူတစ်ဦး၏ သာမန်နားမှအစ-ဦးနှောက်အဆုံး ဒုက္ခရောက်စေရ၏။ ကျန်းမာရေး အစီရင်ခံစာတို့၌ စိတ်ရောဂါရှင်အားလုံး၏ ၃-ပုံ ၁-ပုံနှင့် ခေါင်းကိုက်ဝေဒနာရှင်အားလုံး၏ ၅-ပုံ ၁-ပုံ တို့မှာ ဆူညံခြင်းအသံလှိုင်းများကြောင့် ဖြစ်ရသည်ဟု ဖော်ပြသည်။

သုတေသနပညာရှင်များ၏ အဆိုအရ ဆူညံသံသည် အာရုံကြောများ၊ မျိုးပွားအင်္ဂါစုများ၊ ဟော်မုန်းဓာတ်များ ထုတ်ပေးသည့် အကြိတ်များကို ထိခိုက်ပျက်စီးစေနိုင်သည်။ ကိုယ်ဝန်ဆောင်မိခင်ဝမ်းတွင်းရှိ သန္ဓေသားငယ်၏ ဦးနှောက်ကိုပင် မိခင်ကြားနေရသော ပတ်ဝန်းကျင်မှ ဆူညံသံများက ဒုက္ခရောက်စေနိုင်လေသည်။ ထို့ပြင် ဆူညံသံသည် ခန္ဓာကိုယ်သွေးကြောများကို ကျဉ်းစေ၍ သွေးအသွားအလာ ချွတ်ယွင်းပြီး အသားအရည်များ ဖြူဖတ်ဖြူရော်ဖြစ်စေခြင်း၊ ကြွက်သားများ တောင့်တင်းမာကျောလာခြင်း၊ ညောင်းညာခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်စိသူငယ်အိမ် ကျယ်လာခြင်း၊ စသည်တို့ကို ဖြစ်စေသည်။

ဆူညံသံကြောင့် စိတ်ဓာတ်ကျခြင်း၊ စိတ်ရှုပ်ခြင်း၊ စိတ်တိုခြင်း တို့ဖြစ်ပြီး စက်ရုံအလုပ်ရုံများတွင် လုပ်အားကျဆင်းလာခြင်းတို့ ဖြစ်နိုင်သည်။ ဆူညံသံကြောင့် လူ၏စိတ်ကို ထိခိုက်စေမှုသည် အသံ၏ အတိုးအကျယ်၊ ကြာမြင့်သော အချိန်ကာလ၊ ဆက်တိုက်ကြားရမှုနှင့် လူတစ်ဦးစီ၏ စိတ်ခံနိုင်ရည်ရှိမှုတို့အပေါ်တွင် မူတည်ပေသည်။ ဆက်တိုက်ဆိုသလို ဆူညံမှုတို့ကို ကြားနေရသည်ဆိုပါက စိတ်ရောဂါတို့ စွဲကပ်လာနိုင်ပေသည်။

ဆူညံမှုသည် လူ၏နားကိုလည်း ထိခိုက်စေပေ၏။ ရုတ်တရက် အလွန်ပြင်းထန်သော အသံ၊ ဗုံးကွဲခြင်းမျိုးကို ကြားရလေလျှင် နားပင်းသွားခြင်းမျိုးကို ဖြစ်စေပါသည်။ ကျယ်လောင်သောသူများကို ကြားနေရသူများသည် ခေါင်းကိုက်ခြင်း၊ နားလေထွက်ခြင်းနှင့် ဇက်ကြောတက်ခြင်းတို့ ဖြစ်စေသည်။ ကြာသော် အာရုံခံစားနိုင်မှု စွမ်းရည် ကျဆင်းလာပြီး လူ၏ ဂုဏ်သတ္တိတို့ လျော့ပါးစေသည်။

အသက်အရွယ် ရသူများနှင့် အရွယ် လူလတ်ပိုင်းများတို့သည် အသံကြောင့် စိတ်တိုခြင်း၊ မူးဝေခြင်း၊ မျက်စိကျယ်ခြင်း၊ အိမ်မပျော်ခြင်း တို့ ဖြစ်စေသည်။ ထို့ကြောင့် မိမိပတ်ဝန်းကျင် ဆူညံမှုကိုလည်း သတိထားရမည် ဖြစ်သည်။ မိမိကြောင့်လည်း အခြားသူတို့ ထိခိုက်နစ်နာမှုမရှိစေရန် အသံဆူညံမှုကို အတတ်နိုင်ဆုံး ထိန်းချုပ်ပြုလုပ်ဆောင်ရွက်ရမည် ဖြစ်သည်။

ယန္တရားကြီးများ အသံနှင့် “ဟွန်းသံကင်းမဲ့ဇုန်၊ မဆူညံပါနှင့်၊ တိုးတိုးပြောပါ” စသည် သင်္ကေတတို့မှာ အသံကြောင့် အနှောင့်အယှက်ကို တားဆီးလို၍ ဖြစ်သည်။ အသံသည်လည်း ပတ်ဝန်းကျင်နှင့် မိမိကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း သိရလျှင် အဘယ်ကဲ့သို့ လုပ်ဆောင်ကြမည်နည်း ဟု အဖြေကို ရှာသင့်ကြသည်။

ဦးသန်းထွန်း (လှည်းကူး) ရေးသားသော ပြည်သူ့နီတိနှင့် ယဉ်ကျေးမှုပဒေသာ စာအုပ်မှ ကူးယူဖော်ပြသည်။

ဘဝနေနည်း

# Open More Online

Related Posts