ကွမ်း

ကွမ်း ဓလေ့

အနောက်နိူင်ငံမှ ခရီးသည်တို့သည် ကွမ်း ဓလေ့နှင့် မရင်းနှီးကြပါ။ သူတို့သည် ယေဘုယျအားဖြင့် ကွမ်းယာတွင် ပါဝင်သောပစ္စည်းများနှင့် လူမှုရေးတွင် ကွမ်းယာ၏ အရေးပါမှု လောက်ကိုသာ စိတ်ဝင်စားလေ့ရှိကြသည်။ ဒါပေမဲ့ ပိုလေ့လာ ထားလေကောင်းလေ ဖြစ်ပါသည်။ ကွမ်းယာသည်တွေကို နေရာ မရွေး တွေ့နိူင်ပါသည်။ သူတို့ရဲ့ ကွမ်းယာဗန်း၊ကွမ်းယာလှည်း ကလေးတွေကလည်း နေရာတိုင်းမှာ ရှိပါသည်။ 

သုတေသီတို့အဆိုအရ ကွမ်း စားခြင်းဓလေ့သည် ဗုဒ္ဓဘာသာ နှင့်အတူ မဇ္ဈိမဒေသ အိန္ဒိယတိုက်ငယ်မှ ရောက်လာခဲ့သည်ဟု ဆိုပါသည်။ မည်သို့ပင်ဖြစ်စေ အနော်ရထာခေတ် ပုဂံနိူင်ငံတော်တွင် ကွမ်းစားခြင်းဓလေ့သည် အခိုင်အမာရှိနေပြီ ဖြစ်ပါသည်။

အမျိုးသားပြတိုက်တွင် ကုန်းဘောင်ခေတ်မှ ကွမ်း နှင့် ပတ်သတ်သော ကွမ်းကလပ်၊ ကွမ်းအစ် စသည်တို့ကို ပြသထား ပါသည်။ ရှေးမြန်မာနိူင်ငံတွင် ဘုရင်၊ မိဖုရား၊ မင်းညီမင်းသားမှအစ မှူးကြီးမတ်ရာတို့မှာ ရာထူးဌာနန္တရအလိုက် ကွမ်းအစ်ကို အဆောင် အယောင်အဖြစ်ပင် သုံးစွဲနေကြပြီဖြစ်ပါသည်။

နန်းတွင်းသူ၊ နန်းတွင်းသား ရာထူးရာခံများနှင့် ဧည့်သည် တို့သည် ဘုရင်၊ မိဖုရားတို့ ဝါးပြီးကွမ်းကို ပါးစပ်တော်မှ ထုတ်ပေးလျှင် အမြတ်တနိုး စားကြကြောင်း သိရပါသည်။ ဘုရင်ခေတ်မဟုတ်သော ယခုအခါ ရွံ့ရှာဖွယ်ရာ ဓလေ့တစ်ခုဟု ထင်ကြမည်ဖြစ်သော်လည်း၊ ထိုစဉ်က အခွင့်အရေးတစ်ရပ်အဖြစ် သဘောထားပြီးရသော မိဖုရားပါးစပ်မှ ဝါးပြီးကွမ်းကို တရိုတသေ စားကြသည်ဆို၏။ 

မြို့များ၊ ကျေးလက်ဒေသများတွင် အိမ်တိုင်းမှာကွမ်းအစ်များ ရှိကြသည်။ ဧည့်သည်ကို ကွမ်းအစ်ဖြင့် ဧည့်ဝတ်ပြုကြသည်။ လူတိုင်းလိုလိုပင် အနည်းဆုံးထမင်းစားပြီးတိုင်း ကွမ်းတစ်ရာတော့ ဝါးလေ့ရှိကြသည်။ ကွမ်းအစ်များကို ဒန်နှင့် ကြေးဝါအပြင် ယွန်းထည် တို့ဖြင့် ပြုလုပ်ကြသည်။ ကွမ်းအစ်မှာ ပန်းပွင့်ပန်းနွယ် အရုပ်စသည်ဖြင့် အလှဆင်ထားလေ့ရှိသည်။ ဧည့်သည်အား ကွမ်းဖြင့် ဧည့်ခံခြင်းသည် နွေးထွေးမှု၏ သင်္ကေတဟု ဆိုကြသည်။

ကွမ်းအစ်မှ ကွမ်းထည့်ထားသော အောက်ဆင့်မှ အကြီးဆုံး ဖြစ်သည်။ အပေါ်မှာ အံကလေး ၂ခုပါသည်။ အပေါ်မှာ အဖုံး ပါသည်။ အံကလေးများတွင် ကွမ်းသီး၊ ထုံးဘူး၊ ကွမ်းညှပ်၊ ရှားစေးခဲ နှင့် ဆေးရွက်ကြီးအပြင် ကြိုက်တတ်သူတို့က ပရုပ်စသည်တို့ ထည့်ထားသည်။

ကွမ်း၊ ဆေးနှင့် လက်ဖက်တို့ သုံးမျိုးကို ဧည့်ဝတ်ကျေပွန်မှု နှင့် နွေးထွေးသော ကြိုဆိုမှု၏ သင်္ကေတအဖြစ် မှတ်ယူကြသည်။

ပန္နက်ရိုက်၊ ငြမ်းဆင်၊ ထုတ်တင်၊ ပျိုးနှုတ်၊ ကောက်စိုက်၊ စပါးရိတ်၊ မိခင်မြေကြီးနှင့် ပတ်သတ်၍ လုပ်ငန်းဟူသမျှ စသော အခါ ပွဲတင်ရာတွင် ငှက်ပျောနှစ်ဖီး၊ အုန်းသီးတစ်လုံးပါသော ပွဲကြီးဖြစ်စေ၊ ထမင်းဖြူ နှင့် ထန်းလျက်တစ်လုံး တည်းပါသော ပွဲငယ်ဖြစ်စေ ကွမ်းယာကားပါမြဲဖြစ်သည်။ ပွဲမတင်ပါက အလုပ်သမားများက အလုပ်စမည်မဟုတ်၊ ပွဲတင်သော်လည်း ကျီးမကျသေးပါက အလုပ်မစကြသော အစဉ်အလာရှိသည်။

လူနေမှု၊ အစားအစာ၊ ယဉ်ကျေးမှု၊ ပုံစံပြောင်းလဲလာသည် နှင့်အမျှ ကွမ်းဓလေ့ကို မလွဲမရှောင်သာ ကန့်သတ်မှုများ ပေါ်လာပြီ ဖြစ်သည်။ ရုပ်ရှင်ရုံအတွင်း၊ လမ်းပေါ်၊ စူပါမားကတ်များ၊ဘတ်(စ်)ကားပေါ် စသောနေရာများတွင် ကွမ်းစားသူတို့ကို အလိုမရှိကြတော့ပါ။ ကွမ်းတံထွေးကြောင့် ဖြစ်ရသော ရန်ပွဲ များလည်းမရှား၊ ကွမ်းစားသူ၏ အဝတ်များလည်း ကွမ်းတံထွေး စွန်းထင်တက်သည်။

ကွမ်းယာတွင်ပါဝင်သော ကွမ်းရွက်၏ အာနိသင်မှာ များလှပါသည်။ ကွမ်းသတ္တုရည်၊ ကွမ်းရွက်ဆီတို့သည်မျက်စိရောဂါ၊ အစာအိမ်ရောဂါများ ကုသမှုအတွက် အသုံးဝင်သည်။ သန်ကျဆေး အဖြစ် သုံးနိူင်သည်။ အစာကြေသည်။ ကွမ်းသီးသည် ဖန်သော အရသာရှိ၍ ချုပ်စေ၏။ သွေးကိုတိတ်စေ၏။ ထုံးသည် အဖု အပိန့်တို့ကို ပြေစေသည်။ ရှားစေးသည် ခံတွင်းသွားဖုံး သွေးယိုစီးခြင်းကို သက်သာစေနိူင်သည်။ ချွေးထွက်လွန်ကဲမှုကို ကာကွယ်နိူင်၏။ အနာစိမ်းများမှ သွေးကို တန့်စေနိူင်၏။

ခေတ်၏ လိုအပ်ချက်အရ ကွမ်းစားခြင်းကို ချုပ်ချယ် လာပြီဖြစ်သော်လည်း ကွမ်းစားခြင်းဓလေ့သည် လွယ်လွယ်နှင့် ပျောက်ကွယ်သွားမည်ကား မဟုတ်ပါ။

ဦးသန်းဖေ ရေးသားထားသော မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့ နှင့် မြန်မာ့ရှုခင်း စာအုပ်မှ ကောက်နုတ်ထားပါသည်။

သုတ

# Open More Online

Related Posts