67

အုပ်ချုပ်ရေး စီးပွားရေး၊ လူမှုရေး (ပလေးတိုးနိဒါန်း)

အုပ်ချုပ်ရေး ၊ စီးပွားရေး၊ လူမှုရေး (ပလေးတိုးနိဒါန်း) ~~~~
ဂရိမြို့နိုင်ငံအသီးသီးသည် အကျယ်အဝန်းအားဖြင့် ယခုခေတ် မြို့နယ်သာသာမျှဖြစ်၍ တစ်နိုင်ငံလုံးတွင် လူဦးရေ အများဆုံး ငါးသောင်းခန့်မျှသာ ရှိသည်ဟု ဆိုသည်။ ထိုခေတ်ကသော် အက်သင်းမြို့နိုင်ငံတစ်နိုင်ငံတွင်သာ လူဦးရေ သုံးသိန်းကျော်ရှိသည်ဟု ဆိုသည်။ တစ်ဖန် နိုင်ငံသားအခွင့်အရေးကို ရ၍ အုပ်ချုပ်ရေး တွင် ပါဝင်ဆောင်ရွက်နိုင်သူ ဦးရေမှာလည်း သုံးချိုးတစ်ချိုးလောက်သာ ရှိသည်ဟု ဆိုသည်။ နှစ်ချိုးလောက်မှာ အအုပ်ချုပ်ခံ လူတန်းစားသက်သက် ဖြစ်၏ဟု ဆိုသည်။

အုပ်ချုပ်ရေး
ဘီစီ ၅ ရာစုတွင် ဂရိတို့ဒေသတွင် အဓိကအားဖြင့် ရွေးကောက်တင်မြှောက်အုပ်ချုပ်သော အုပ်ချုပ်ရေးစနစ်နှစ်ခု ထွန်းကားခဲ့သည်ဟု ဆိုသည်။ စပါတာကဲ့သို့သော မြို့နိုင်ငံများတွင် မြေရှင်ပဒေသရာဇ် ဆွေမျိုးစုတို့သာလျှင် နိုင်ငံသားစစ်စစ် ဖြစ်၍ ထိုအုပ်စုထဲမှသာ အုပ်ချုပ်ရေးကြိုးကိုင်အဖြစ် ရွေးကောက်တင်မြှောက်ကြသည်။ ထိုတစ်စုကသာ တောင်သူလယ်သမား ဆင်းရဲသားနှင့် ကျေးကျွန်တို့ကို အစဉ်အမြဲ အုပ်ချုပ်လျက် ရှိသည်။ ထိုစနစ်ကို အော်လီဂါခီစနစ်ဟု ဆိုသည်။ အက်သင်းကဲ့သို့သော မြို့နိုင်ငံများတွင်ကား အုပ်ချုပ်ရေးတွင် ပါဝင်နိုင်ခွင့်ရှိသော နိုင်ငံသားဦးရေသည် စပါတာကဲ့သို့သော မြို့နိုင်ငံများမှာထက် ပို၍များသည်။ ထိုအခါ မြေရှင်ပဒေသရာဇ် ဆွေစုမျိုးစုထဲမှသာမက အရောင်းအဝယ်အလုပ်လုပ်သူများထဲမှ လည်းကောင်း၊ လက်မှုပညာသည်များထဲမှ လည်းကောင်း၊ တောင်သူလယ်သမားများထဲမှ လည်းကောင်း၊ အုပ်ချုပ်ရေးကြိုးကိုင်အဖြစ် ရွေးကောက်တင်မြှောက်နိုင်ကြသည်။ ထိုစနစ်ကို ဂရိဒီမိုကရေစီစနစ်ဟု ဆိုသည်။

ဘီစီ ၅ ရာစုတွင် ပရီကလိမင်းလက်ထက် အက်သင်းမြို့နိုင်ငံတွင် လူဦးရေစုစုပေါင်းသည် သုံးသိန်းငါးသောင်း (၃၅၀၀၀၀) ခန့် ရှိသည်ဟု ဆိုသည်။ မဲမပေးနိုင်၊ အရွေးမခံနိုင်သော ကျေးကျွန်နှင့် နိုင်ငံခြားသားများကို ဖယ်လိုက်လျှင် မဲပေးနိုင်၍ အုပ်ချုပ်ရေးတွင် ပါဝင်နိုင်သော လူဦးရေသည် တစ်သိန်းရှစ်သောင်း (၁၈၀၀၀၀) ခန့် ရှိသည်ဟု ဆိုသည်။ ထိုတစ်သိန်းရှစ်သောင်းသော အက်သင်းနိုင်ငံသားတို့သည် ပြည်သူ့လွှတ်တော်သို့တက်၍ ဥပဒေပြုကိစ္စကို ဆောင်ရွက်နိုင်ကြသည်။ ပြည်သူ့လွှတ်တော်အစည်းအဝေးကို တစ်လလျှင် တစ်ကြိမ်ကျ ကျင်းပသည်။ ထိုအခါကသော် အုပ်ချုပ်ရေးဆိုင်ရာ ရာထမ်းမှုထမ်းဟူ၍ အခန့်အထား သီးခြားမရှိချေ။ ထို့ကြောင့် အုပ်ချုပ်ရေးကိစ္စအဝဝကို ဆောင်ရွက်ရန် ထိုတစ်သိန်းရှစ်သောင်းထဲမှ လူငါးရာကို ရွေးကောက်တင်မြှောက်ကြသည်။ တစ်ဖန် ထိုငါးရာထဲမှပင် ငါးဆယ်တစ်စုစီခွဲ၍ တစ်စုလျှင် ရက်ပေါင်း ၃၆ ၁/၂ အုပ်ချုပ်ရေးကိစ္စတို့ကို တာဝန်ယူဆောင်ရွက်ကြသည်။ ကြည်းတပ်ဗိုလ်ချုပ်၊ ရေတပ်ဗိုလ်ချုပ်တို့ကိုသာ ခန့်ထားခြင်း ပြုသည်။ ခန့်ရာတွင် နှစ်စဉ်နှစ်တိုင်း အသစ် ပြောင်း၍သော်လည်းကောင်း၊ ထပ်မံ၍သော်လည်းကောင်း ခန့်လေ့ရှိသည်။

တရားစီရင်ရေး
တရားစီရင်သောကိစ္စတွင် တရားခုံရုံး တရားသူကြီးများအဖြစ် ဆောင်ရွက်ရန် အမှုအကြီးအသေးအလိုက် ၁၀၁ ဦးမှ ၁၀၀၁ ဦးအထိ တိုးချဲ့နိုင်သော နိုင်ငံသားတို့ကို ပြည်သူ့လွှတ်တော်က ခန့်ထားသည်။ ထိုအခါကသော် ရှေ့နေ ရှေ့ရပ်ဟူ၍ မရှိချေ။ တရားလိုသည် မိမိတရားစွဲလိုသော အမှုအတွက် မိမိကိုယ်တိုင် လျှောက်လဲပြောဆိုသည်။ တရားခံကလည်း မိမိကိုယ်တိုင် လျှောက်လဲချေပရသည်။ ခုံရုံးတရားသူကြီးများက အမှုကို ကြားနာပြီးနောက် မဲဆန္ဒပေး၍ အမှုကို ဆုံးဖြတ်သည်။ ဤသို့ဖြင့် အက်သင်းနိုင်ငံသားတို့တွင် နိုင်ငံသားတာဝန်အများအပြား ရှိကြပုံကို လည်းကောင်း၊ လူမှု နှုတ်မှုတို့တွင် လိမ္မာကြရပုံကိုလည်းကောင်း ခန့်မှန်းနိုင်သည်။

စီးပွားရေး၊ လူမှုရေး
ရှေးခေတ် ဂရိလူ့အဖွဲ့အစည်းတွင် အစကနဦးကပင် မြေရှင်ပဒေသရာဇ်တို့ လွှမ်းမိုးလာခဲ့ကြသည်။ သုံ့ပန်းကျွန်၊ ငွေဝယ်ကျွန်တို့သည်လည်းကောင်း၊ ကျေးကျွန်မဟုတ်သော ဆင်းရဲသားပိုင်းတွင် ပြည်တွင်းပြည်ပ အရောင်းအဝယ်ကောင်းသဖြင့် ကုန်သည်၊ လက်မှုပညာသည်၊ အနုပညာသည်တို့ အခွင့်အရေးရလာကြသည်။

ဂရိကျွန်းဆွယ်သည် တောင်ထူထပ်ပေါများသဖြင့် အသီးအနှံများများစားစား မစိုက်နိုင်။ အသီးအနှံတို့ကို ကျွန်းဆွယ်၏ အရံဖြစ်သော ကျွန်းငယ်များမှ လည်းကောင်း၊ အာရှဘက်၊ အီဂျစ်ဘက်မှ လည်းကောင်း ဝယ်ယူကြရသည်။ ကျွန်းဆွယ်တွင် သံလွင်ပင်နှင့် စပျစ်ပင်တို့ကို အများအပြားစိုက်၍ သံလွင်ဆီနှင့် စပျစ်ဝိုင်တို့ကို ပြည်ပသို့ ရောင်းချကြသည်။ ထို့ပြင် အက်သင်းမြို့နိုင်ငံအတွင်းတွင် ငွေတွင်းရှိသောကြောင့်လည်းကောင်း၊ လက်မှုပညာသည်များ များသောကြောင့်လည်းကောင်း ငွေထည်အနုပညာပစ္စည်းများကိုလည်း ရောင်းချသည်။ လှံ၊ ဓား၊ လေး၊ မြား၊ ဒိုင်း၊ ချပ်ဝတ်တန်ဆာ စသော စစ်လက်နက်ပစ္စည်းများကိုလည်း ထုတ်လုပ်၍ ရောင်းချသည်။

ပစ္စည်းတတ်နိုင်သူများသည် ဆရာငှား၍ သားသမီးတို့ကို အိမ်တွင် ပညာသင်ပေးကြသ်ည။ စာသင်ကျောင်းဟု သီးခြားမရှိ။ အတီးအမှုတ်၊ အကအခုန်ပညာကို အလွန်လေးစားသည်။ အားကစားပညာကို ပို၍လေးစားသည်။ အားကစားရုံများ ထားရှိ၍ ဆရာများဖြင့် လေ့ကျင့်စေသည်။ လေးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိသော အိုလံပစ်အားကစားပြိုင်ပွဲတွင် ဝင်ရောက်ပြိုင်ဆိုင်စေသည်။ အထက်တန်းပညာရေးအဖို့မှာ ၅ ရာစုလောက်တွင် ဆိုဖီ (Sophist) ဆရာကြီးများရှိသည်။ ထိုဆရာကြီးများသည် ဂရိတို့ဒေသရှိ မြို့နိုင်ငံတို့သို့ လှည့်လည်လျက် အဖိုးအခယူ၍ အထက်တန်းပညာရပ်များကို သင်ကြားပေးသည်။ လွှတ်တော်အစည်းအဝေးတွင်လည်းကောင်း၊ တရားခုံရုံးတွင်လည်းကောင်း နှုတ်မှုကို သုံးကြရသဖြင့် စကားပြော ဝစနာလင်္ကာရပညာကို ခုံခုံမင်မင် သင်ယူကြသည်။

ဆရာဇော်ဂျီ ဘာသာပြန်ဆိုထားသော ပလေးတိုးနိဒါန်း မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts