အရှို့ခံရခြင်း

အရှို့ခံရခြင်း

အရှို့ခံရခြင်း ~~~~
သာမန်အားဖြင့် စာရေးဆရာဆိုတဲ့သူက (ဘာမှမဟုတ်တဲ့) ထူးဆန်းတဲ့ အရာတွေအပေါ် ပိုအလေးအနက်ထားတဲ့သူလို့ သတ်မှတ်ရမယ်။ တစ်ခါတလေမှာ “လာပြန်ပြီ။ ဘာမှမဟုတ်တဲ့ ဒီလိုကိစ္စအပေါ် အလေးအနက်စိတ်ဝင်စားပြန်ပြီ” လို့ ခင်ဗျားကို ထင်မြင်စေလိမ့်မယ်။
သာဓက အနေနဲ့ ပြောရရင် ၁၉၇၀ ပြည့်နှစ်ဝန်းကျင်တုန်းက အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုထဲ ပါဝင်ပက်သတ်ခဲ့ဖူးတဲ့ သူတွေဟာ အမျိုးသမီးလွတ်မြောက်ရေးဆိုပြီး အတွင်းခံအကျႌ မီးရှို့တာနဲ့ အချက်အလက်တစ်ခု လုပ်ခဲ့တယ်။ ဒါဟာ အရမ်းဟောင်းအိုနေပြီဖြစ်တဲ့ နှစ်ချို့အဖြစ်တစ်ခုပေါ့။ ခင်ဗျားလည်း တစ်စွန်းတစ်စ သိလောက်မယ် လို့ ကျွန်တော်ထင်တယ်။ လူတွေဟာ ရင်ပြင်တစ်ခုမှ စိတ်အားထက်သန်တက်ကြွတဲ့ အနေအထားတစ်ခုဖြစ်အောင် တည်ဆောက်လိုက်ကြတယ်။ ပြီးတော့ မီးပုံတစ်ပုံလုပ်တယ်။ လူအများက အတွင်းခံ အင်္ကျီကို အဲဒီမီးပုံထဲ ပစ်ထည့်ကြတယ်။
“ဒီပစ္စည်းက အမျိုးသမီးတွေကို လူ့အဖွဲ့အစည်းက ဘောင်ခတ်ချုပ်နှောင်လိုက်တဲ့အရာပဲ။ အလိုမရှိဘူး” လို့ အမျိုးသမီးတွေက ဆိုကြတယ်။ သတင်းထောက်တွေက အဲဒီလို လှုပ်ရှားမှုပုံရိပ်တွေကို ဓာတ်ပုံရိုက်ပြီး ချဲ့ကားလွှင့်ခဲ့တော့တယ်။
ဒါဘာများကောင်းလို့လဲလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်က ယောကျ်ားဖြစ်တဲ့အတွက် အတွင်းခံအင်္ကျီကို ရုပ်ပိုင်းအရကြည့်ရင် ဘယ်လောက်အတိုင်းအတာအထိ ဘောင်ခတ်လိုက်သလဲဆိုတာ ကျွန်တော် တကယ်ပဲ လက်တွေ့မခံစားတတ်ခဲ့ဘူး။ ပစ်ထုတ်လိုက်၊ မီးရှို့ပစ်လိုက်လို့ ဦးဆောင်လှုပ်ရှားသူရှိရင် ပစ်ထုတ်ပစ်၊ မီးရှို့ပစ်တာလည်း ကောင်းတာပဲ။ အဲဒီအတွက် ကျွန်တော့်ဘက်က ထင်မြင်ချက်မရှိဘူး။
ကျွန်တော်အလေးထားတာက သူတို့မီးရှို့လိုက်တဲ့ အတွင်းခံအင်္ကျီဟာ အသစ်လား၊ အဟောင်းလားဆိုတာပဲ။ ဒါမှမဟုတ် အချိန်အတိုင်းအတာတစ်ခုအထိ ဝတ်ခဲ့ဖူးတဲ့ အတွင်းခံလားဆိုတဲ့ အချက်လေးပဲ။
ဒီလိုတွေးမိတာနဲ့ အဲဒီအတွေးက ညဘက်မှာလည်း ကျွန်တော့်ကို အိပ်မပျော်စေတဲ့အပြင် ကျွန်တော့်နောက်ကျောတစ်နေရာမှာ အမေးသင်္ကေတတစ်ခုက အမြဲရှိနေတတ်ခဲ့တယ်။ ဖျော့တော့တော့အရိပ်တစ်ခုလို တင်းတင်းကျပ်ကျပ်တွယ်ကပ်နေခဲ့တယ်။ ဒီလို အသေးစိတ်ကိစ္စတစ်မျိုးကို သတင်းသမားတွေကလည်း ချက်ကျလက်ကျရေးမှာ မဟုတ်ပါဘူး။ (တကယ်ရေးမှာ မဟုတ်ပါဘူးနော်။) ဒါကြောင့် ဒီကိစ္စရဲ့ အဖြစ်မှန်ကို ကျွန်တော်လည်း မသိနားမလည်ခဲ့ဘူး။ အချိန်အတိုင်းအတာတစ်ခုအထိ ဝတ်ခဲ့ဖူးတဲ့ အတွင်းခံအင်္ကျီကို ရှို့တာပဲနေမှာပါနော်။ အသစ်ကို မီးရှို့မယ်ဆိုရင် နှမြောစရာကောင်းတယ်။ ပြီးတော့ အမျိုးသမီးတွေက ဒီလို အလဟဿ ဖြုန်းတီးတာမျိုး လုပ်လိုက်မယ်လို့ ကျွန်တော်တော့မထင်ဘူး။
တကယ်လို့ ဝတ်ခဲ့ဖူးတဲ့ အတွင်းခံကို ရှို့တယ်ဆိုရင်တော့ အရှို့ခံရတဲ့ အတွင်းခံက သနားစရာကောင်းမှာပေါ့။ မဟုတ်ဘူးလား။ အတွင်းခံအင်္ကျီမှာလည်း အတွင်းခံအင်္ကျီရဲ့ ဒုက္ခရှိမှာပဲ။ အရင်က အတတ်ဆုံးကြိုးစားပြီး သူတာဝန်ထမ်းရွက် အသက်ဆက်လာခဲ့တာပဲ။ အခုတော့ ရုတ်တရက် အဝတ်ဗီရို အံဆွဲထဲကနေ ဆွဲထုတ်ခံရပြီးရက်စက်ကြမ်းကြုတ်၊ အပြစ်ကြီးတဲ့သူတစ်ယောက်လို ဆက်ဆံခံလိုက်ရတယ်။ တည်ရှိမှုအဓိပ္ပာယ်ကိုတောင် ငြင်းဆန်ခံလိုက်ရတယ်။ အထင်သေးရှုတ်ချခံလိုက်ရတယ်။ လူအများရဲ့ရှေ့မှာ ဟုန်းဟုန်းတောက်လောင်နေတဲ့ မီးပြင်းပြင်းထဲ ပစ်ချခံလိုက်ရတယ်။ လူကို ဘယ်ကျေနပ်စေနိုင်မှာလဲ။ ကျွန်တော်က အဲဒီအတွင်းခံတွေနဲ့ သွေးသားမတော်စပ်ပေမယ့် ကိုယ်ချင်းစာနာစိတ်ကိုတော့ မတားနိုင်ခဲ့ဘူး။
နောက်ပြီး ကျွန်တော်နားမလည်တာ တစ်ခုရှိသေးတယ်။ အမျိုးသမီးတွေဟာ ဘာဖြစ်လို့ အတွင်းခံအင်္ကျီကိုပဲ မီးရှို့ရတာလဲ။ ဘာဖြစ်လို့ ခါးနဲ့တင်အလှကို ပေါ်လွင်စေတဲ့ ကိုယ်ကျပ်အတွင်းခံတွေကို ကျတော့ မီးမရှို့တာလဲ။ တကယ်လို့ အတွင်းခံအကျႌက လူကို ဘောင်ခတ်ချုပ်နှောင်တယ်လို့ဆိုရင် ကိုယ်ကျပ်အတွင်းခံတွေကလည်း အတူတူပဲ။ လူကို ချုပ်နှောင်ဘောင်ခတ်တာပဲ မဟုတ်လား။ ဒါပေမယ့် ကိုယ်ကျပ်အတွင်းခံတွေက အရှို့မခံခဲ့ရဘူး။ ဒေါက်မြင့်ဖိနပ်၊ မျက်တောင်ကော့ဆေးတွေလည်း အရှို့မခံရဘူး။ အတွင်းခံအင်္ကျီပဲ အရှို့ခံခဲ့ရတယ်။ ကြည့်ရတာ Doctor Zhivago တစ်ယောက် မှောင်မိုက်တဲ့ကံတရားရဲ့ စောင်းတန်းကို ဖြတ်ကျော်ရသလိုမျိုး အတွင်းခံအင်္ကျီလည်း ထင်မှတ်မထားတဲ့ အဖြစ်ဆိုးကို ခံခဲ့ရတဲ့ သမိုင်းပုံရိပ်တစ်ခုအဖြစ် ချန်ရစ်ထားခဲ့ရတာဖြစ်နိုင်ပါတယ်။
သနားစရာကောင်းလိုက်တာ။ ဘယ်လိုပဲပြောပြော.. “တစ်စုံတစ်ခုရဲ့ မှတ်ကျောက်တင်တဲ့ ပစ္စည်းမျိုး” ကျွန်တော်တော့ မဖြစ်ချင်ဘူး။ တကယ်ပြောတာ.. နှစ် ၃၀ ကျော်က အတွင်းခံအကျႌ မီးရှို့ခံရတဲ့ ကိစ္စကို အခုအချိန်မှာ အသေးစိတ်သွားလေ့လာလည်း ကျွန်တော့်အတွက် ဘာအသုံးမှမဝင်ပါဘူး။ ဒါပေမယ့် တစ်ခါတလေ တွေးတောချင်စိတ်ကို တားမရခဲ့ဘူး။ ကြည့်ရတာ အားအားယားယားနဲ့ ပျင်းနေလို့ ဖြစ်မှာ..။

အရှို့ခံရခြင်း

ဆရာမ နိုင်းနိုင်းစနေ ဘာသာပြန်ဆိုသော “မူရာကာမိ ရေဒီယို” စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

ရသ

Open More Online

Related Posts