အရိုးရှင်းဆုံးနေထိုင်ကြသူများ

အရိုးရှင်းဆုံးနေထိုင်ကြသူများ (Minimalist)

တစ်ခါတလေကျတော့ တောထဲတောင်ထဲ ခရီးတွေဘာတွေ သွားတဲ့အခါ လယ်ကွင်းစပ်က အိမ်ကလေးတွေ၊ တောင်တန်းတွေကြားက မီးခိုးလေးတွေ တလူလူနဲ့ တောင်ယာအိမ်ကလေးတွေ… အဲဒီလို အိမ်ကလေးတွေမှာ နေထိုင်ကြတဲ့ သူတွေ… ကျွန်မတို့‌ တွေ့ဖူးကြလိမ့်မယ်။

မပြည့်စုံတဲ့ ဘဝအခြေအနေအရ ရှိသလောက်နဲ့ ရောင့်ရဲတင်းတိမ်ပြီး နေရတာမျိုးလည်း ဖြစ်နိုင်မယ်။ ဒါပေမယ့် တချို့ပုဂ္ဂိုလ်တွေကျတော့လည်း နေထိုင်စားသောက်မှု ကိစ္စတွေ အကုန်လုံးကို အကျယ်ချဲ့မနေတော့ဘဲ အသက်ရှင်ဖို့…ဖြစ်တယ်ဆိုရင် လုံလောက်ပြီဆိုရုံ အနေအထားမျိုးကို…ခြိုးခြံပြီး နေကြတာမျိုး ရှိတယ်…။ ဥပမာ အရိယာသူတော်စင်လို ပုဂ္ဂိုလ်မျိုးတွေပေါ့…။

သူတို့ကို Minimalist တွေလို့ ခေါ်ကြတယ်…။ ကျွန်မတို့ ပတ်ဝန်းကျင်ထဲက မိတ်ဆွေတချို့တွေမှာလည်း ဒီလိုကျင့်ကြံမှုတွေ ရှိနိုင်ပါတယ်။

ကျွန်မ သူငယ်ချင်းတစ်ယောက်ဆိုရင် ကျောင်းတက်တုန်းက… နေ့တိုင်း လုံချည်အမဲတစ်ထည်ပဲ ဝတ်တယ်။ အဲဒီလုံချည်အမဲလေးကိုပဲ အင်္ကျီနှစ်ထည်…၊ သုံးထည်နဲ့ ငါးရက်စလုံး လှည့်ပြီး တွဲဝတ်နေလေ့ရှိတယ်။

နံပါတ်တစ်က သူတို့ မိသားစုဟာ အဲဒီအချိန်တုန်းက သိပ်မပြည့်စုံခဲ့ကြဘူး။ ဒါကြောင့် သူဟာ အဝတ်အစားအတွက် သိပ်ငွေကုန်မခံနိုင်ဘူး။ အဲဒီ လုံချည် အမဲတစ်ထည်ရှိတာလည်း သူ့အတွက်က အဆင်ပြေတယ်။ သူ့ကို ကြည့်ရတာ အဝတ်အစားတွေ ဘာတွေနဲ့ ပတ်သက်ပြီး သိပ်တပ်မက်မှုရှိတဲ့ပုံ မပေါ်ပါဘူး…။ လုံချည်တစ်ထည်နဲ့လည်း သူအဆင်ပြေတယ်။ သူကျေနပ်တယ်။ အဲဒီထက်ပိုပြီး မတောင်းဆိုဘူး။

နံပါတ်နှစ်က… သူ့မှာက ဒီထက်ပိုပြီး အရေးကြီးတဲ့ ဘဝရည်မှန်းချက်တွေ ရှိနေတယ်…။ ဒါက သူ့အတွက် ပထမဦးစားပေး ဖြစ်နေတယ်။ နောက်တော့ သူဟာ နိုင်ငံခြားပညာသင်ဆုရသွားခဲ့ပါတယ်။

အခုချိန်မှာ ပြည့်စုံချောင်လည်တဲ့ ဘဝနဲ့ အင်္ကျီအဝတ်အစားတွေ အများကြီးဝယ်ပြီး ဝတ်လို့ရတဲ့ အခြေအနေ ရောက်နေပေမယ့်လည်း တော်သင့်ရုံ အဝတ်အစားလေးတွေနဲ့ပဲ သူနေတယ်။ ရပြီ… ဒီနေရာဒီလောက် ဝတ်ရင်ရပြီ။ ဪ…ဒါမျိုးလေးတစ်ထည် နှစ်ထည်လောက်ရှိရင်တော်ပြီ…။ သူ… အဲလိုပြောလေ့ရှိတယ်။ ပစ္စည်းတွေ အများကြီး မရှိဘူးဆို‌တော့ နေထိုင်မှုပုံစံဟာ အရမ်းကို ရိုးရှင်း သွားတယ်။

အဝတ်အစားဝတ်ရခြင်းရဲ့ ရည်ရွယ်ချက်ကိုက နံပါတ်တစ် အရှက်လုံအောင်ဝတ်ကြတာ…။ နံပါတ်နှစ်… ရာသီဥတုဒဏ်ကို (လေဒဏ်…၊ ရေဒဏ်…၊ နေဒဏ်) ခံနိုင်ဖို့ ဝတ်ကြရတာ…။ ပူတဲ့အခါ အေးတာလေးဝတ်မယ်။ အေးတဲ့ အချိန်ကျတော့ နွေးတာလေးဝတ်မယ်။

တကယ်တော့ အဝတ်အစားဆိုတာမျိုးဟာလည်း လေး…ငါးစုံလောက်ရှိရင်ကို လုံလောက်တယ်။ ဘုန်းဘုန်းတွေ…သီလရှင်တွေဆိုရင် သင်္ကန်းကိုပဲ ဝတ်တာပဲ။ သူတို့မှာ သင်္ကန်းတွေ အစုံငါးဆယ်လောက် ရှိမယ်လို့ မထင်ဘူး။ တချို့လူပုဂ္ဂိုလ်တွေလည်း… ငါးစုံလောက်ရှိရင်ကို ရတယ်။ အရမ်းကြီးကို ဟောင်းနွမ်းစုတ်ပြဲ မသွားသရွေ့လျှော်ဖွတ်ပြီး… ပြန်သုံးလို့၊ ပြန်ဝတ်လို့ရနေတာပဲ။ အသစ်ဝယ်စရာ မလိုသေးဘူး။

ကျွန်မတို့တွေကျတော့ တရားစကားနဲ့ ပြောမယ်ဆိုရင် ကိလေသာ အရမ်းများတဲ့ သူတွေ ဖြစ်တယ်။ အရောင်တွေ၊ အဆင်အသွေးတွေ၊ အသစ်အဆန်းတွေရဲ ဆွဲဆောင်မှုနောက်ကို အမြဲတမ်းမမောနိုင်အောင် လိုက်ပါနေကြတာ ရှိတယ်။ ကိုယ့်အဝတ်ဗီရိုတွေကိုပဲ ကြည့်…ကြည့်…။

တကယ်တမ်းကျတော့ အပြင်တစ်ခါသွားလည်း… တစ်မျိုးပဲ ဝတ်နိုင်တာပဲ…။ ဒါပေမယ့် ၃၆၅ မျိုးလောက် ဖြစ်နေတော့ ရွေးချယ်မှုလုပ်ရတာ ပိုလာတယ်။ သိမ်းဆည်းရတာ နေရာပိုလာတယ်။ အဝတ်အတွက်ပဲ သုံးနေမိတဲ့ငွေဟာ… တကယ်ကို မနည်းဘူး…။ ကျွန်မဟာ… အင်္ကျီအဝတ်အစားနဲ့ ပတ်သက်ရင် လုံးဝ မလျှော့နိုင်ဘူး…။ ခုတော့… ဗီရိုရှင်းရင်း အပိုတွေ အရမ်းများနေသလို ခံစားလာရတယ်။

ကျွန်မတို့ ရှင်သန်နေရတဲ့ ဘဝတွေကိုကြည့်မယ်ဆိုရင်… အိမ်ဆိုတာမျိုးက မိုးရွာရင် မိုးရေမစိုအောင် လုံရမယ်။ နေပူဒဏ်က ကာကွယ်ပေးမယ်။ ပိုးမွှားခြင်ယင်ရန်က ကာကွယ်ပေးမယ်။

အိမ်ကလေးရှိတယ်ဆိုတော့… အိပ်ရာလေးတစ်ခုလည်း ရှိလိမ့်မယ်။ အဲဒီမှာ… အနားယူမယ်။ စားတဲ့အခါ အိမ်ကလေးထဲမှာ စားမယ်…။ အညစ်အကြေးစွန့်ဖို့…အိမ်သာတစ်လုံးပါမယ်။ အိမ်နဲ့နေထိုင်ရခြင်းရဲ့ ရည်ရွယ်ချက်က ဒီလောက်ပဲ…။ Minimalist တွေက ဒီလောက်ဆိုရပြီ…။

လူအတော်များများကတော့… တစ်အိမ်လုံးမှာ ပစ္စည်းတွေက ပြည့်စုံတယ်ဆိုတာထက် ပိုတယ်။ ကျွန်မတို့ ငယ်စဉ်ခေတ်တုန်းက စားနိုင်သောက်နိုင်တဲ့… အိမ်တစ်အိမ်…၊ မိသားစုတစ်ခုမှာ လိုအပ်ချက်အနေနဲ့ ရုပ်မြင်သံကြားစက်ကလေး….ဆိုရင် တစ်လုံး…။ ဖြေဖျော်မှုအတွက်ရှိတယ်။ တယ်လီဖုန်းလေးဆိုရင်တစ်လုံး…။ ဆက်သွယ်မှုအတွက် ရှိတယ်။ ရေခဲသေတ္တာလေးဆိုရင် တစ်လုံး…။ အဆင်ပြေမှုအတွက် ရှိတယ်။ ဒီလောက်ပဲ။

အခုခေတ်ကျတော့ လူလတ်တန်းစား မိသားစုတစ်စုမှာတင်ကို လူလေးယောက်လောက်ရှိတဲ့အိမ်မှာ ရုပ်မြင်သံကြားစက်က လေးငါးလုံးလောက် ရှိနေတတ်တယ်…။ ရေခဲသေတ္တာဆိုရင် သုံးလုံးလောက် ရှိတတ်တယ်။ တယ်လီဖုန်းဆိုရင် တစ်ယောက်ကို နှစ်လုံးသုံးလုံး ကိုင်ကြတယ်။

ကျွန်မတို့က အရမ်း Excessive ဖြစ်နေကြတယ်…။ ဘဝတွေကို… လိုအပ်တာထက်ပိုပြီးတော့ ဖြည့်ထားကြတယ်။ အဲဒီအခါမှာ အရမ်းပဲ တာဝန်တွေ ပြည့်လာသလို ဖြစ်တယ်။ မလိုတာတွေ အများကြီးကို ထမ်းပိုးထားရင် အဲဒီအရာတွေက ကိုယ့်ကို လေးပင်စေတယ်။ ပင်ပန်းတယ်…။

We’re living in a highly materialistic society…

နေတဲ့ ကိစ္စ ပြီးတဲ့အခါ…စားတဲ့ ကိစ္စကို စဉ်းစားကြည့်။ အရိယာသူတော်စင် သူတော်မြတ်တွေကတော့ အသက်ဆက်ရှင်ဖို့အတွက်သာ စားတယ်။ Eat to Live. စားဖို့အတွက် အသက်ရှင်နေတာ မဟုတ်ဘူး။ အသက်ရှင်နေဖို့အတွက် စားတာ။ ဒါက အစားအစာ အာဟာရ မှီဝဲခြင်းရဲ့ ရည်ရွယ်ချက်ပဲ။

ဒါကြောင့် ခဏခဏလည်း စားစရာမလိုဘူး…။ တွေ့တိုင်း အရသာခံပြီး စားချင်သလို စားနေတာမျိုး မရှိဘူး။ ဘုန်းဘုန်းတွေဆို တစ်နေ့ နှစ်ခါပဲ ဘုဉ်းပေးတယ်။ Minimalist တွေ သုံးခါလောက်ပဲစားတယ်။ အထူးတလည် သိပ်မရှိဘူး။

တောင်တက်ခရီးတစ်ခု သွားတုန်းက ညအိပ်ရပ်နားရတဲ့ တောင်ပေါ်ရွာကလေးတစ်ရွာက လူတွေဟာ အသီးအရွက် များများစားကြတယ်။ စားခါနီးမှ… စိုက်ခင်းထဲက သွားခူးဆွတ်ပြီး ပူပူနွေးနွေးချက်ပြုတ်စားကြတာပဲ။ ကြက်ဥ၊ ဘဲဥ၊ စားကြတယ်…။ အသားငါးဆိုတာ…တစ်ခါတလေမှပဲ စားကြရတယ်…။ ဈေးရှိတဲ့ နေ့မျိုးပေါ့…။

ကျွန်မတို့တွေကတော့ အခါခါစားတယ်။ ခဏခဏစားတယ်။ တွေ့တိုင်းစားတယ်။ ကိုယ်နဲ့တည့်ရင်လည်း စားတယ်။ မတည့်တာကိုလည်း စားတယ်။ သူများစားတာတွေ့ရင်လည်း စားချင်တယ်။ အိမ်မှာလည်း စားတယ်။ အပြင်ထွက်ပြီးလည်း စားတယ်။ ကျွန်မတို့က စားဖို့အတွက် အသက်ရှင်သလို ဖြစ်နေတယ်။ Live to eat. စားတာဟာ Life Style တစ်မျိုး ဖြစ်လာတယ်။

တချို့က ပစ္စည်းတွေ အများကြီးရှိတာ…၊ ပိုင်ဆိုင်တာကို ဂုဏ်ယူတယ်…။ ဒါပေမဲ့ ဆုံးရှုံးစရာ ကြုံလာရတဲ့အခါကျတော့ အများကြီးရှိထားတဲ့သူက အများကြီးဆုံးရှုံးလိုက်ရတယ်။ နည်းနည်းပဲရှိတဲ့သူက နည်းနည်းပဲ ဆုံးရှုံးလိုက်ရတယ်။ မက်စရာမရှိတဲ့အခါ… မောစရာမရှိတော့ဘူးဆိုတဲ့ သဘောပါပဲ။

ပစ္စည်းများလေ သံယောဇဉ် အနှောင်အဖွဲ့တွေများလေ…။ လေးပင်လေပါပဲ…။ ခရီးတစ်ခုသွားရင်ကို ပစ္စည်းတွေ ပါလာတာများရင်လေးတယ်…. သံသရာ ခရီးဆို ပိုဆိုးပြီပေါ့။

သင့်တော်သလောက်ပဲရှိပြီး… နေထိုင်နိုင်ခြင်းဟာ… အရာရာကို Saved ဖြစ်စေတယ်။ ရိုးရှင်း ပေါ့ပါးတဲ့ ဘဝနေထိုင်မှု ပုံစံတွေကိုလည်း ပေါ်ပေါက်လာစေပါတယ်…။ စိတ်ကြည်လင်ရှင်းလင်းမှုကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts