Shall we dance? ကကြစို့လား

Shall we dance? ကကြစို့လား (Part 1)

Shall we dance? ဆိုတဲ့ ရုပ်ရှင်လေးကို ကြည့်ဖူးကြမှာပါ။ အဲဒီ ရုပ်ရှင်ထဲက ဇာတ်ကောင်အမျိုးသားဟာ ငြီးငွေ့နေခဲ့ပါတယ်။ ဒီဟာပြီး ဒီဟာဆိုတဲ့ နေ့စဉ်လုပ်ရတဲ့ Routine ထဲကနေ သူရုန်းထွက်ဖို့ အဖြေရှာမတွေ့နိုင်ဖြစ်နေခဲ့ရတာပါ။

သူ့ဘဝက…နေသားတကျဖြစ်ရပ်တွေကြားမှာ အရမ်းကို ပျင်းစရာ ကောင်းနေခဲ့ပါတယ်။ နောက်ဆုံးတော့ သူက အကသင်တန်းလေးတစ်ခုကို Join လုပ်ခဲ့ပါတယ်…။ အသစ်တွေကို သင်လိုက်ရတဲ့အခါမှာ စိတ်တွေလည်း ပြောင်းလာခဲ့ပါတယ်။

သူတဖြည်းဖြည်း… တက်ကြွပျော်ရွှင်လာတယ်။ ရယ်မောတတ်လာတယ်။ ဝါသနာတူတဲ့ သူငယ်ချင်းတွေနဲ့လည်း တွေ့ရတယ်။ နောက်ဆုံး သူ့ဘဝ၊ သူ့အိမ်ထောင်ရေးဟာ ပြန်ပြီး သာယာစိုပြေသွားတယ်။

ပျော်စရာကောင်းတဲ့ အကသင်တန်းတွေနဲ့ ထွက်ပေါက်ရှာလိုက်တဲ့ သဘောပါပဲ။ အကသင်တန်းကိုသာ မရောက်ခဲ့ရင် အိမ်ထောင်ရေး ဖောက်ပြန်တာတို့၊ အရက်သောက်တာတို့လည်း ဖြစ်နိုင်ပါတယ်။

ကျွန်မလည်း ကတာခုန်တာ ဝါသနာပါပါတယ်…။ အနည်းအပါးလည်း ကတတ်ပါတယ်…။ ကတတ်တာဆိုတော့… ဟယ်…ဘယ်လို အကမျိုးတွေ ကတတ်တာလဲလို့… မေးလာသည်ဆိုပါအံ့… ဘာအကမှန်းတော့ မသိပါဘူး…။ ဒါပေမဲ့ သီချင်းသံကြားရင် ဝါယာကြိုးတစ်ချောင်း အသက်ဝင်လာသလို မရိုးမရွဖြစ်လာပြီး… ကျွန်မ ကချင်စိတ်တွေ ပေါက်လာတော့တာပါပဲ။ လက်လှုပ်၊ ခြေလှုပ်၊ ခေါင်းလှုပ်ပေါ့…။

ဘာလို့ ဒီလို ကတတ်ပါသလဲဆိုရင် ကျွန်မအဖေက အလွန်ကတဲ့လူ တစ်ယောက်မို့ပါ…။ ဒါက Cha Cha… ဒါက Twist စသည်ဖြင့် ပြောလည်း ပြော… ကလည်းကပြ…။

အဖေရှိတုန်းက ကျွန်မတို့ သားအဖနှစ်ယောက် ထမင်းစားခန်းကို ပတ်… ပတ်ပြီးကကြတာ… တွန့်လိမ်ကောက်ကွေးလို့။ သူက ရှေ့က…က၊ ကျွန်မက နောက်က…က။ ကရတာ ပျော်စရာကောင်းတာကိုး…။

အရင်ခေတ်က TV မှာ သီချင်းဆိုနေလည်း…အောက်က ပရိသတ်ဟာ…ကဖို့မပြောနဲ့… လက်ခုတ်လေးတောင် ပီပီပြင်ပြင် မတီးကြဘူး…။ ငုတ်တုတ်ကြီးတွေ ထိုင်ပြီး ကြည့်နေကြတာများပါတယ်…။

လူမျိုးရဲ့ Culture ကိုက ဒီလိုပဲ သင်ယူလာခဲ့ရလို့လား မသိဘူး…။ ကတယ်… ခုန်တယ်ဆိုရင် ရှက်စရာကြီးလို့ ထင်ခဲ့ကြတယ်လေ…။

မင်္ဂလာဆောင်မှာ သတို့သားနဲ့ သတို့သမီးကနေကြတာကို ကြည့်ပြီး ကျွန်မတို့ လူမျိုးတွေဟာ လိင်ကိစ္စအတွက် ပျော်ရွှင်နေမှုကြီးလို့ ပြောတတ်ကြသေးတာ…။

Dance has always been a part of human culture, rituals and celebrations.

တယ်တော့ ကတယ်ခုန်တယ်ဆိုတာဟာ… လူသားယဉ်ကျေးမှုတစ်ခုပါပဲ…။ ခုတော့ တိုင်းပြည်လည်း အတော်ပွင့်လာတယ်…။ လေ့ကျင့်ခန်း လုပ်တာတောင် အကတွေနဲ့ တွဲလုပ်လာကြတယ်…။

ကျွန်မမိတ်ဆွေတွေ တော်တော်များများ Zumba ကကြတယ်…။ အဲဒီ Class တွေကို ကိုယ်တိုင် ကိုယ်ကျ ဝင်မပါဖြစ်သေးသော်လည်း စိတ်ဝင်စားမှုတော့ ရှိနေခဲ့ပါတယ်။ သူတို့ကို ကြည့်ရတာ ပျော်စရာ ကောင်းတယ်လေ…။

အပိုင်း(၂) အား ဆက်လက်ဖတ်ရှုရန် >> Shall we dance? ကကြစို့လား (Part 2)

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts