ကိုယ့်ကိုကိုယ် ချစ်စိတ်

ကိုယ့်ကိုကိုယ် ချစ်စိတ် (Self Love)

ကျွန်မနဲ့ ကျွန်မသူငယ်ချင်းတစ်ယောက်ကို ရင်းနှီးတဲ့ဆရာမတစ်ယောက်က Appeton Weight Gain နဲ့ Appeton Weight Loss လို့ နောက်ပြီးခေါ်ခဲ့ဖူးတယ်…။ ကျွန်မတို့နှစ်ယောက်က အင်မတန် အတွဲညီတာ…။

ဒါပေမဲ့… လူပုံကကျတော့… ကျွန်မက ပုပုလုံးလုံးတဲ့ သူကတော့ပိန်ပိန်ပါးပါး…။ ကျွန်မက… ငယ်ငယ်လေးတည်းက… ဝတုတ်ကလေးဆိုတော့ ပိန်အောင်လို့ဆိုပြီး… အခါအားလျော်စွာ…ဝိတ်လျှော့နေခဲ့ရတဲ့ အချိန်တွေရှိတယ်…။

အစားလျှော့စားတာ…၊ ထမင်းရှောင်တာ…၊ လေ့ကျင့်ခန်းလုပ်တာ…၊ လမ်းလျှောက်တာ… ဒါမျိုးတွေဟာ ကျွန်မရဲ့ခေါင်းစဉ်တွေချည်းဖြစ်နေခဲ့တယ်…။ အဲဒါကြောင့် ဆရာမက ကျွန်မကို Appeton Weight Loss လို့ ခေါ်တယ်…။ ဒါကကျွန်မသောက်ရမဲ့ ဆေး…။

ပိန်တဲ့ သူငယ်ချင်းကတော့ Gym မှာ Weight Gain သွား ကစားပြီး ပူထွက်လာတဲ့… သူ့ဗိုက်ကလေးကို ပြရတာအမော။

ဪ… သူကပိန်တော့ ဝချင်တာကိုး…။ ဒါကြောင့် သူ့ကိုကျတော့ Appeton Weight Gain လို့ ဆရာမက ခေါ်တယ်…။

ပိန်တဲ့သူတွေဟာဝချင်ကြတယ်။ ဝတဲ့သူတွေဟာလည်း သိပ်ကို ပိန်ချင်ကြတယ်။ အဲဒီလိုပဲ… ညိုတဲ့သူတွေကလည်း ဖြူချင်ကြတယ်…။ ဖြူတဲ့သူတွေကလည်း ညိုချင်ကြတယ်။ ဆံပင်နဂိုကောက်တဲ့သူက ဆိုင်ကိုသွားဖြောင့်ရတယ်။ ဆံပင်ဖြောင့်နေပြီးသားသူက… အရမ်းကောက်ချင်တော့ ဒုက္ခခံပြီးကို… တစ်နေကုန် တစ်နေခန်း ဆိုင်မှာထိုင်… ကောက်ရပြန်တယ်…။

ကိုယ့်ပုံစံ… ကိုယ့်ဖြစ်တည်မှုကို သဘောကျတယ်…။ ကျေနပ်တယ် လှပတယ်လို့ထင်တဲ့သူဆိုတာ သိပ်မရှိသလောက်… ရှားပါးတယ်။

တကယ်တော့… ကျွန်မတို့ မေ့နေတတ်ကြတဲ့ အချက်တစ်ခု ရှိပါတယ်။ လူတိုင်းကို… သဘာဝ လှပအောင်မွေးဖွားလာခဲ့ပြီးသားပဲ…။

ဖြူတဲ့သူ…၊ ဝတဲ့သူ…၊ ဆံပင်ကောက်တဲ့သူ…၊ ဘယ်လိုပဲဖြစ်ဖြစ် သူ့ဟာနဲ့သူ… ကြည့်လို့ကောင်းကြတာချည်းပါပဲ…။ ဝနေတဲ့သူဟာ ဝိတ်လျော့လိုက်တဲ့ အခါကျရင် ချောင်သွပ်သွပ်နဲ့ အရင်ကလောက် ကြည့်မကောင်းတဲ့ ပုံစံမျိုး ဖြစ်သွားတတ်တယ်။

နဂို ဆံပင်ကောက်တာကို… မလှဘူးလို့ ထင်တဲ့သူကလည်း… ဆံပင်သွားဖြောင့်လိုက်တော့မှ သူ့မျက်နှာ… ကြည့်ရတာ တစ်ခုခုလိုနေသလို ဖြစ်သွားတာမျိုးတွေ ရှိတတ်တယ်။

ဒါကြောင့်တချို့တွေက… သူ့တို့ရဲ့ဖြစ်တည်မှုပုံစံ… ရှိနေကျပုံစံကို အတင်းပြောင်းလဲပြီး ပုံစံအသစ်တစ်ခုဖြစ်အောင် ကြိုးစားကြတဲ့အခါမှာ မအောင်မြင်တာမျိုးတွေ ရှိတတ်တယ်။

တကယ်တော့… ကျွန်မတို့လူသားတွေဟာ ကိုယ့်ရုပ်ဆင်း သဏ္ဍန် အသွင်အပြင်ကို… ကိုယ်တိုင်ချစ်ခင် ကျေနပ်တတ်ကြဖို့ လိုပါတယ်…။ ဒါကို အင်္ဂလိပ်လိုဆိုရင် Self Love လို့ ခေါ်နိုင်ပါတယ်…။

ကိုယ့်ကိုယ်ကို ချစ်တယ်လို့ပြောလိုက်တယ်ဆိုရင် တချို့တွေက အတ္တကြီးတာ… တကိုယ်ကောင်းဆန်တာနဲ့ သွားပြီးရောထွေးတတ်ကြတယ်…။ တကယ်တော့ အတ္တဆိုတာဟာ ကြိုးတွေနဲ့ တူပါတယ်…။ ကိုယ့်ကိုလည်း ချည်နှောင်ထားတတ်တယ်။ သူများကိုလည်း အလွတ်မပေးဘူး။ အတ္တကို အင်္ဂလိပ်လိုဆို… Ego လို့ ခေါ်ပါတယ်…။ တကိုယ်ကောင်းဆန်တာ… ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တာဟာ Selfish ဖြစ်ပါတယ်။

Self-Love ကိုယ့်ကိုယ်ကိုယ် ချစ်ခင်ခြင်းဆိုတာဟာ ရင်ထဲမှာ ပန်းတွေ ပွင့်နေသလိုပါပဲ…။ ကိုယ့်ကိုယ်ကိုယ်… ချစ်ခင်ကြင်နာတဲ့သူဟာ သူများအပေါ် ချစ်ခင်ကြင်နာတတ်ဖို့လည်း မခက်ခဲတဲ့… သူတွေဖြစ်တတ်ကြပါတယ်…။

ကိုယ့်အတွက်ကို ဖြည့်တွေးပေးလိုက်တဲ့အခါမှာ သူများကိုလည်း ဖြည့်တွေးပေးတတ်လာကြတယ်။

ကျွန်မမှာ… အရင်တုန်းကတော့ အသားဖြူချင်တဲ့ရောဂါတစ်ခု ရှိခဲ့ဖူးပါသေးတယ်။ အဖြူတွေရှိတဲ့နိုင်ငံကိုသွားပြီး Whitening ရှိလားလို့သွားမေးတဲ့အခါ အဖြူမတွေကျွန်မကို ကြောင်တောင်တောင်ကြည့်နေလိုက်ကြတာ မှတ်မိသေးတာပေါ့…။

အခုညိုတဲ့အသားကို… ညိုနေတာလေးလည်းကောင်းပါတယ်လေလို့ လက်ခံတတ်လာတာ အမှန်ပါပဲ။ အသားညိုလို့ဆိုပြီး အရောင်တောက်တောင် အဝတ်အစားမဝတ်ရဲတာတွေ… ဘာတွေ… မရှိတော့ဘူး။ အသားညိုတဲ့အတွက်… ကျွန်မက တောက်ပထင်လင်းတဲ့အရောင်တွေကိုပဲ ရွေးဝတ်လာတယ်…။

ဖြူတယ်… ညိုတယ်… မဲတယ်ဆိုတဲ့နေရာမှာ ဘာခံစားချက်မှ မရှိတော့ဘူး။ ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာတာပဲ ဖြစ်တယ်။

ရှိသေးတယ်… ကျွန်မ သွားတွေက အထပ်… အထပ်လေးတွေဖြစ်ပြီး… မလှတဲ့အတွက် ငယ်တုန်းက… ရယ်ရင်အမြဲတမ်း ပါးစပ်ကြီးကို ပိတ်ပိတ်ပြီး ရယ်တယ်…။ ပြုံးချင်သလို… မပြုံးချင်သလို…. မြုံစိစိရုပ်ကြီးပေါ့။

ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘူးလေ။ ရယ်ပြုံးနေပေမဲ့ မျက်နှာမှာ မပွင့်လင်းတဲ့… ဟန်ဆောင်မှုအရိပ်တစ်ခု အမြဲပေါ်နေတယ်။

ခုတော့ ရယ်ရင်လည်း ဟိတ်ဟန်မရှိဘဲ ရယ်လိုက်တယ်။ အပြစ်အနာအဆာတွေ ရှိနေတာတော့ မတတ်နိုင်ဘူး…။ ဒါပေမဲ့… ဟန်ဆောင်ထားတာ မရှိတော့တဲ့အတွက် ပြုံးတာ… ရယ်တာတွေဟာ ပိုပြီးအသက်ဝင်သွားတယ်။ ရှင်းရှင်းပြောသွားရင် ကျွန်မ သဘာဝကျကျ လှသွားတယ်…။

အလှမယ် ကလေးတွေကို ဘဝရေးရာသင်ခန်းစာတချို့ သင်ပေးခဲ့ရတုန်းက အမျိုးသမီး တွေဟာ… ဘယ်အချိန်မှာ အလှဆုံးလဲဆိုတဲ့အကြောင်းကို ကိုယ့်ရုပ်ဆင်းသဏ္ဍန် အသွင်အပြင်မှာရှိတဲ့ အားနည်းချက်တွေ… အပြစ်အနာအဆာလေးတွေကို ကျေကျေနပ်နပ်လက်ခံထားတတ်တဲ့ အမျိုးသမီးတွေဟာ စိတ် အပျော်ရွှင်ဆုံးမို့… သဘာဝအကျဆုံးနဲ့ အလှဆုံးပဲလို့ ပြောခဲ့ဖူးပါတယ်…။

Mental Detox လုပ်တဲ့အခါ Back to your Authentic Self ကို ပြန်သွားပါလို့ ဆိုချင်တယ်…။ ရုပ်ပိုင်းဆိုင်ရာအရ ဘာမှ ဟန်ဆောင်မထားတဲ့ နဂိုမူလ အခြေအနေကို တန်ဖိုးထားချစ်ခင်ပါလို့ ဆိုလိုရင်းပဲ…ဖြစ်ပါတယ်။ သက်သောင့်သက်သာ ဖြစ်နေတာ…၊ ဟန်ပန်မများတာ…၊ သဘာဝကျကျ ရှိနေတာဟာ… စိတ်ကြည်လင်ပေါ့ပါးခြင်းကို အထောက်အကူဖြစ်စေပါတယ်…။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts