အနောက်တိုင်းဝတ်စုံ

အနောက်တိုင်းဝတ်စုံ

ရှေ့တစ်ခေါက်က အဝတ်ဗီရိုရှင်းတဲ့အချိန် ကျွန်တော့်မှာ အနောက်တိုင်းဝတ်စုံ ငါးစုံထက်မနည်း ရှိတာကို တွေ့လိုက်မိတယ်။ နက်ခ်တိုင်လည်း အခု ၂၀ လောက် တွေ့လိုက်တယ်။ ကျွန်တော်ပြန်စဉ်းစားကြည့်လိုက်တော့ လွန်ခဲ့တဲ့သုံးနှစ်မှာ အနောက်တိုင်းဝတ်စုံကို ကျွန်တော်တစ်ခါပဲ ဝတ်ခဲ့ကြောင်း မှတ်ဉာဏ်ထဲ လာပေါ်တယ်။ နက်ခ်တိုင်လည်း တစ်နှစ်နေလို့ အကြိမ်တော်တော်များများမတပ်ဖြစ်ခဲ့ဘူး။ ဒါဆို ကျွန်တော့်မှာ ဘာဖြစ်လို့ ဒီလောက်များတဲ့ အနောက်တိုင်းဝတ်စုံ ရှိရတာလဲ။ ကျွန်တော့်ကိုယ်ကျွန်တော်တောင် အံ့သြမိတယ်။ လူ့လောက်အဖွဲ့အစည်းထဲ ဝင်ရောက်နေပြီဖြစ်တဲ့ လူကြီပိုင်းအရွယ်ဆိုတော့ ရာသီအချိန်အခါအလိုက် လိုအပ်တဲ့ အနောက်တိုင်းဝတ်စုံတွေ ပြင်ဆင်ရတာပါပဲ။ ဒါဟာ သာမန်အသိဉာဏ်ဆိုပေမယ့် တကယ်တမ်း အတွေးပေါက်သွားတဲ့အခါ “ဟင်း….. ဘာအနောက်တိုင်းဝတ်စုံမှ ငါမဝတ်ချင်ဘူး” ဆိုတဲ့စကားက အလုပ်အကိုင်ရာထူးနဲ့ ပတ်သက်လာရင် မသက်ဆိုင်လို့မရခဲ့ပါဘူး။
ဒါဟာ ဘာကြောင့်လဲလို့ အတွင်းကျကျတွေးနေမိတယ်။ သြော်…ရုတ်တရက်သတိရလိုက်ပါတယ်။ (ဒါကို လုံးလုံးမေ့သွားတယ်။) ကျွန်တော့်အသက် ၄၀ တုန်းကမှ ချခဲ့တဲ့ ဆုံးဖြတ်ချက်ပါ။ “အေးလေ  အသက်ကလည်း မကြီးမငယ် အရွယ်ရောက်လာပြီဆိုတော့ နည်းနည်းတော့ တည်တည်သန့်သန့် ဝတ်သင့်ပါပြီ။ နည်းနည်း တည်ကြည် လေးနက်တဲ့ ဘဝအဖြစ်နဲ့ ဖြတ်သန်းသင့်ပြီ။” ဒါကြောင့် အနောက်တိုင်းဝတ်စုံ သွားချုပ် လိုက်တယ်။ သားရေဖိနပ်လည်း ဝယ်လိုက်တယ်။ အဲဒီတုန်းက ရောမမှာ နေထိုင်နေတဲ့အချိန်ဖြစ်လို့ သင့်တော်တဲ့ ဈေးနှုန်းနဲ့ ဒီလိုအဝတ်အစားကို ဝယ်လို့ရခဲ့တာပေါ့။ ပြီးတော့ အဲဒီလို ဝတ်စုံမျိုးဝတ်ပြီး “ပွဲထွက်”လို့ ရတဲ့ နေရာမျိုးလည်း ရှိခဲ့လို့ပါ။ တကယ်လို့ အီတလီမှာ အဲဒီလို နည်းနည်းသပ်ရပ်တဲ့ အဝတ်အစားမဝတ်ထားရင် စားသောက်ဆိုင် သွားတဲ့အခါ သူတို့က ခင်ဗျားကို နေရာသိပ်မကောင်းတဲ့ စားပွဲပေးနိုင်တယ်။  ဝတ်စားဆင်ယင်မှုနဲ့ လူကို ဝေဖန်ပိုင်းခြားနဲ့ နိုင်ငံပေါ့။ ပင်ကိုစရိုက် ဒါမှမဟုတ် အရည်အချင်း စတာတွေဟာ နေ့စဉ်ဘဝရဲ့ အဆင့်အနေအထားပေါ်မှာ ဘာမှသက်ဆိုင်မနေသလိုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ခင်ဗျားရဲ့ ပြင်ပန်းသဏ္ဌာန်ကိုပဲ ကြည့်တယ်။ ဒါကြောင့် အီတလီ လူမျိုးတွေဟာ တောက်တောက်ပြောင်ပြောင်လှလှပပ ဝတ်ဆင်ကြတယ်။ သူတို့က ဒီလိုရှိတယ်ဆိုတိုင်း သူတို့ အထက်တန်းမကျလိုက်တာ၊ မစစ်မှန်လိုက်တာလို့လည်း ခင်ဗျားပြောလို့မရပါဘူး။
ဂျပန်ပြန်ရောက်တာနဲ့ မျက်စိတစ်မှိတ်အတွင်းမှာ ချည်သားဘောင်းဘီရှည်၊ အားကစားဖိနပ်ဝတ်တဲ့ ဘဝကို ရောက်သွားခဲ့တယ်။ အနောက်တိုင်းဝတ်စုံ၊ နက်ခ်တိုင်နဲ့ သားရေဖိနပ်ဆိုတဲ့ အရာတွေကို လုံးဝမေ့သွားခဲ့တယ်။ သိပ်စိတ်ရှုပ်စရာပဲ။
လူတစ်ယောက်ရဲ့ ရပ်တည်မှုက အဲဒီလူဘယ်အသက်အရွယ်ရောက်ရောက် ပြောင်းလဲမှုများများစားစားမရှိဘူးလို့ ကျွန်တော်တွေးခဲ့ဖူးတယ်။ ကိစ္စရပ်တစ်ခုခုနဲ့ ကြုံတဲ့အခါ “ကောင်းပြီ။ ဒီကနေ့ကစပြီး ငါပြောင်းလဲတော့မယ်” လို့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချတတ်ပေမယ့် အဲဒီကိစ္စရပ်ကို မတွေ့မမြင်တဲ့နောက် လူအများစုဟာ အခြေအနေ တော်တော်များများမှာ ကောက်ရိုးမီးသဖွယ်၊ ဒါမှမဟုတ် လိပ်လို ကိုယ့်အခွံထဲကို ခေါင်းပြန်တိုးဝင်သွားတတ်ကြတယ်။ အဲဒီနောက် အချိန်ဆွဲပြီး နဂိုပုံစံပြန်ဖြစ်သွားတော့တာပဲ။ ဘာဆုံးဖြတ်ချက်လဲ။ နောက်ဆုံးတော့လည်း လူ့ဘဝရဲ့ အင်အားတချို့ဖြုန်းတီးလိုက်တာပဲ။ အဝတ်ဗီရိုကို ဖွင့်ကြည့်လိုက်တယ်။ တစ်ခါမှ လုံးလုံးမဝတ်ရသေးတဲ့ အနောက်တိုင်းဝတ်စုံ၊ အတွန့်အကြေလုံးဝမရှိတဲ့ နက်ခ်တိုင်တွေကြည့်ပြီး အဲဒီလိုပဲ လေးလေးပင်ပင် သက်ပြင်းချလိုက်ပါတယ်။ “မပြောင်းလဲဘဲနေတာ ဘာများမကောင်းတာရှိလို့လဲ” လို့ ဆန့်ကျင်ဘက်တွေးလိုက် မိတဲ့ခဏ ထူးထူးဆန်းဆန်း လူဟာ ပြောင်းလဲသွားတယ်။ ပြောရရင် တကယ်ထူးဆန်းတယ်။
စကားကို အစက ပြန်ကောက်ရရင် ကျွန်တော့်တစ်သက်မှာ စွဲစွဲမြဲမြဲမှတ်မိနေတဲ့ အနောက်တိုင်းဝတ်စုံတစ်စုံရှိတယ်။ လွန်ခဲ့တဲ့အနှစ် ၂၀ ကျော် “Grunzo (မဂ္ဂဇင်း)” လူသစ်တန်းစာပေဆုပေးပွဲမှာ ကျွန်တော်ဝတ်ပြီး ဆုသွားယူခဲ့တဲ့ စိမ်းဝါရောင် ချည်ထည် အနောက်တိုင်းဝတ်စုံဖြစ်တယ်။ အဲဒီတုန်းက ကျွန်တော့်မှာ အနောက်တိုင်းဝတ်စုံဆိုတဲ့ ဝတ်စုံမရှိခဲ့ဘူး။ ဒီလိုနဲ့ Aoyama အရပ်က VAN အထည်ဆိုင်မှာ ဈေးချထားခဲ့တဲ့ အဲဒီ ဝတ်စုံကို ဝယ်ဖြစ်ခဲ့တယ်။ ပြီးတော့ နဂိုစီးနေကျ အဖြူရောင် အားကစားဖိနပ်ကို စီးသွားခဲ့တယ်။ အဲဒီတုန်းက ဒီကနေ့ကစ ဘဝသစ်တစ်မျိုးကို စထူထောင်တော့မယ်လို့ ထင်ခဲ့တယ်။ အမှန်တကယ်လူ့ဘဝသစ်ကို စခဲ့သလားလို့ မေးခဲ့ရင် အင်း…. တကယ်စေခဲ့တယ်လို့ ပြောရမှာပဲ။ တကယ်လို့ အရင်အတိုင်းပဲလားလို့ပြောမယ်ဆိုရင်လည်း အရင်အတိုင်းပါပဲ။ ကျွန်တော်လည်း မပြောပြတတ်ဘူး။

ဆရာမ နိုင်းနိုင်းစနေ ဘာသာပြန်ဆိုသော “မူကာရာမိ ရေဒီယို” စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

ရသ

# Open More Online

Related Posts