အာရုံစူးစိုက်ပါ

အကြောင်းပြချက်ကို မကြည့်ဘဲ ရလာဒ်ကိုသာ အာရုံစူးစိုက်ပါ

အရောင်းမန်နေဂျာတစ်ဦး ဖြစ်ပါက ဖရန်ခ့် ခံစားရသော ဘာလုပ်ရမှန်းမသိသည့် အခြေအနေမျိုးကို ကြုံတွေ့ခံစားရမည်သာ ဖြစ်သည်။
“ ကျွန်တော့်လူတွေကို ‘ လုပ်မှာသာ လုပ်စမ်းပါ ’ ဆိုတဲ့ စကားမျိုး ပြောနိူင်ရအောင် ခင်ဗျားဆီက အကြံဉာဏ် လိုနေပြီ ” ဟု ဖရန့်ခ်က ဆိုလာသည်။

‘ ဒီစကားကို ကျွန်တော် တတ်နိူင်တဲ့ နည်းလမ်း အမျိုးမျိုးသုံးပြီး ပြောခဲ့ပြီးပါပြီ။ ဒါပေမဲ့ ကျွန်တော့်အသံက ဓာတ်ပြားကွဲကြီးကနေ ထွက်လာတဲ့ အတိုင်းပဲ။ ခင်ဗျားဆီမှာ အကြံရဖို့အတွက် ဖတ်စရာစာအုပ်တစ်အုပ်များ ရမလား။ ဒါမှမဟုတ် ပညာရှိစကားလေးများ ပြောနိူင်မလား ’ ဟု ဆက်၍ပြောလေသည်။ 

‘ ခင်ဗျားရဲ့ ပြဿနာ၊ အခက်အခဲက ဘာလဲ ’ ဟု စာရေးသူ စတိဗ်က မေးသောအခါ ‘ သူတို့ကိုပြောတယ်။ ဒါဟာ ဥုံဖွလုပ်လို့ ရတာမဟုတ်ဘူး။ ဦးဆောင်ရမယ်။ အလုပ်ကို ပြီးစေရမယ်။ အပြင်ထွက်ပြီး ဖုန်းကို အခါ ၆၀-၇၀ ခေါ်၊ တစ်ပတ်အတွင်းမှာ အလားအလာရှိတဲ့ ဝယ်မယ့်လူ ရှစ်ယောက်၊ ဆယ်ယောက်ဆီကို သွား။ အဲဒီလိုလုပ်ရင် အောင်မြင်လာလိမ့်မယ်လို့ သူတို့ကို ပြောပါတယ်။ ’

‘ အဲ့ဒါဆိုရင် ဘယ်နေရာမှာများ လွဲနေလဲ၊ ရည်မှန်းချက်မှာ ဘာမှားနေလဲ၊ ဘာဖြစ်လို့ သူတို့က အရောင်းဖြစ်မယ့် နေရာတွေဆီ မထွက်တာလဲ ’

‘ဒါကြောင့်မို့ ခင်ဗျားဆီကို ကျွန်တော်ဖုန်းဆက်တာပေါ့။ ဘာလွဲနေလဲ ဆိုတာကို ကျွန်တော်သိရင် ခင်ဗျားဆီကို ဖုန်းဆက်ပါ့မလား’

‘ ဒီလိုပါ။ အလုပ်ကိုလုပ်နေရုံနဲ့ မပြီးသေးဘူး။ လူအများစုက အလုပ်လုပ်ရင်ပြီးရောလို့ ထင်ကြတယ်။ ‘ လွဲနေတယ် ’ ဆိုတဲ့ အချက်မှာ နက်နဲမှုရှိတယ်။ ‘ လွဲနေတာ’ ဟာ ‘ လိုနေတာပဲ။’ သူတို့အလိုရှိရမယ့် ဟာပဲ ’

“ သူတို့ လိုချင်ကြတယ်လေ။ ကော်မရှင် လိုချင်ကြတယ်။ အောင်မြင်မှု လိုချင်ကြတယ်”

“ လိုချင်ရုံတင် မကဘူး။ ရကိုရရမယ်”

“ လူတွေက သူတို့လိုချင်တာ ရတယ်လို့ ခင်ဗျားက ယုံကြည်တာလား ”

“ အမှန်ပဲ ”

“ တကယ်လား။ အဲဒါကို ကျွန်တော်သဘောမပေါက်ဘူး ” 

“ လူသားဆိုတာ ဒါပဲလေ။ ကျွန်တော်တို့ လိုချင်တာကို ဘယ်လိုယူရမယ်ဆိုတာ သိကြတယ်။ အဲဒီလို သိဖို့အတွက်ပဲ ကျွန်တော်တို့ကိုယ်ကို ဇီဝစနစ်နဲ့ ဖွဲ့စည်းထားတာ ”

ဤသို့ဖြင့် ဖရန့်ခ်နှင့် စာရေးသူစတိဗ်တို့ အချိန်အတော်ကြာ စကားပြောခဲ့ကြသည်။ စတိဗ်က ဖရန့်ခ်အား သိမြင်စေချင်သည့် အချက်တစ်ချက် ရှိသည်။

ထုတ်လုပ်မှု မပေးသည့် လူများသည် ထုတ်လုပ်ချင်စိတ် မရှိသည့် လူများ ဖြစ်ကြသည်။ ထုတ်လုပ်မှုပေါ်တွင် အာရုံမစိုက်ကြ။ ရောင်းအားကောင်း၍ အောင်မြင်မှုရမည့်ပေါ်တွင် စူးစိုက်မှု မထားကြ။ 

အာရုံစူးစိုက်မှုရှိလျှင် ထုတ်လုပ်သူများ ဖြစ်လာကြမည်သာ ဖြစ်သည်။ ရလာဒ်ပေါ်တွင် အာရုံစိုက်သည်ဟု ပြောလျှင်တောင်မှ အမှန်တကယ် အာရုံစိုက်သည်ဟု မပြောနိူင်။ ထိုသူများ အရောင်းအလုပ်ကိုတော့ လုပ်နေကြသည်။ အကြောင်းပြချက်နှစ်ခုမှာ (၁) ငွေဝင်အောင် လုပ်ပေးရသည်။ (၂) အရောင်းကို လုပ်နေသင့်သည်ဟူ၍ ဖြစ်သည်။ 

သို့သော်လည်း ‘ သင့်သည်’ ဆိုရုံဖြင့် မလုံလောက်သေး။ ‘ သင့်သည် ’ ဟု ဆိုလျှင် ဆုံးရှုံးမှုကိုသာ ဦးတည်သည်။ ကလေးငယ်တစ်ဦး၏ အတွေးအဆင့်သာ ရှိသေးသည်။ မိမိ၏ ခင်ပွန်း၊ ဇနီး၊ မိသားစု၊ အသိုင်းအဝိုင်းတို့၏ လိုလားချက်များကို ဖြည့်ဆည်းပေးနေသည့် သဘောသာ ရှိသည်။ စူးစိုက်မှုမပါ၊ အင်အားမပါ၊ အသိဉာဏ်ပညာပါသော တွန်းအားရှိသော အင်အားမပါ။

ကလေးဆန်သူ အရောင်းသမားများသည် မန်နေဂျာများကို မိဘသဖွယ် သဘောထားကြသည်။ မန်နေဂျာများက လုပ်ဆောင်မှုနှင့် ရလဒ်ကို အသေအချာ ရှင်းလင်းပြသည့်အခါ စိတ်မပါတပါနှင့် လိုက်၍ လုပ်ကြသည်။ တခြားနည်းလမ်းညွှန်ပေးသူများ၊ အပေါင်းအဖော်များထံမှ နည်းလမ်းအသစ်များကိုလည်း ရှာဖွေလေ့မရှိ။ 

ဖရန့်ခ်အနေဖြင့် သူ၏အရောင်းသမားများ အလုပ်မဖြစ်သည့် အကြောင်းရင်းကိုတော့ သိရှိသွားပြီ ဖြစ်သည်။ သို့သော်လည်း မည်ကဲ့သို့ ဖြေရှင်းရမည်ကိုတော့ မသိသေး။ ဖရန့်ခ်လုပ်ရမည်က မိမိ၏လူများ စိတ်ပါလာအောင်၊ လိုချင်လာအောင်လုပ်ဖို့ပင် ဖြစ်သည်။ မည်ကဲ့သို့ လုပ်ရမည်ကို ပြောပြရန်မလို။ 

 ‘ ရလဒ်စီမံခန့်ခွဲမှု ’ (Outcome Management) သင်တန်းကို အလျင်အမြန်ပေးရမည်။ တခြားလူအများစု ကဲ့သို့ပင် ဖရန့်ခ်သည် ‘ ဖြစ်စဉ်အဆင့်ဆင့် စီမံခန့်ခွဲမှု ’ (Process Management ) တွင် နစ်မျောနေသည်။

ဦးဆောင်မှု၏ ပီတိသည် ရလဒ်များ ရရှိခြင်းပင် ဖြစ်သည်။ 
‘ မန်နေဂျာ တစ်ယောက်အနေနှင့် ကျွန်တော်ဘာလုပ်ရမလဲ ’ ဟု ဖရန့်ခ်က မေးပြန်သည်။ 

‘ ခဗျားအရှေ့မှာ အရောင်းသမားတစ်ယောက်ဟာ အရောင်းအစီအစဉ်၊ ဘယ်လောက်ရောင်းမယ်ဆိုတာတွေကို ဆွေးနွေးညှိုနှိုင်းဖို့ ကိန်းဂဏန်းတွေနဲ့ ချပြလာရင် ခင်ဗျားမေးရမှာက ‘ ဘာကြောင့်လဲ ’ ဆိုတာပဲ။ ဘာကြောင့် ဒီကိန်းဂဏန်းကို သတ်မှတ်ရတာလဲ။ ဒီကိန်းဂဏန်း ရလဒ်ရအောင် ဘယ်လိုလှုပ်ရှားမှုတွေ လုပ်ဖို့လိုတယ်။ အဲဒီလိုလှုပ်ရှားမှုတွေလုပ်မှ ဒီကိန်းဂဏန်းတွေ တကယ်ထွက်လာမယ်။ မင်းတကယ်လုပ်မှာလား။ ဘာကြောင့် မလုပ်နိူင်ရမှာလဲ ဆိုတာတွေ ပြောရမယ် ’ ဟု စတိဗ်က ဖရန့်ခ်အား ရှင်းပြသည်။ 

ဖရန့်ခ်ကဲ့သို့ မန်နေဂျာများသည် မိမိ၏ အရောင်းဝန်ထမ်းများထဲတွင် ပြောသည့်အတိုင်း မလုပ်သောသူများ၊ မိမိပြောသည်ကို မိမိနားမလည်သူများပါဝင်သည်ကို သတိထားရမည်။ မိမိက လိုချင်သည်ဟု ပြောပြီး အမှန်တကယ် မလိုချင်သူများ ဖြစ်ကြသည်။ အမှန်တကယ် လိုချင်ပါက မည်သူမှ တားဆီး၍ မရပါ။

ထုတ်လုပ်မှု ကင်းမဲ့ခြင်းသည် အလုပ်မလုပ်ခြင်း ဖြစ်သည်။ အလုပ်မဖြစ်ခြင်းအား ‘ ရည်မှန်းချက် လိုအပ်နေခြင်း ’ ( Intention Deficit ) ဟု ခေါ်သည်။ နည်းပညာလိုအပ်နေခြင်း ( Technique Deficit ) မဟုတ်။ အောင်မြင်မှုကို စူးစိုက်သည့် ရည်မှန်းချက်ရှိသူသည် နည်းပညာ၊ နည်းလမ်းကို ရယူနိူင်သည်။

စီမံခန့်ခွဲမှုကောင်းခြင်း၏ စစ်မှန်သော ရေရှည်လှည့်ကွက်တစ်ခုမှာ အောင်မြင်မှုကို လိုလားသူများအား ငှားရမ်းအလုပ်ခန့်ရန် ဖြစ်သည်။ ဤသို့ ပြုလုပ်ခြင်းသည် မန်နေဂျာ တစ်ဦးအတွက် အောင်မြင်ရေး လမ်းကြောင်းပေါ်သို့ ရောက်ခြင်းဖြစ်သည်။ မန်နေဂျာ အများစုမှာ အလုပ်ခန့်ထားရေး ဖြစ်စဉ်ကတည်းက ပျင်းရိခြင်း ဖြစ်ပြီး မှားယွင်းသော အရာများအား ရှာဖွေ၊ နားထောင်တတ်ကြခြင်း ဖြစ်သည်။ 

လူအများသည် အလုပ်လာလျှောက်သည့်အခါ အလုပ်ကို ‘ လိုချင် ’ ကြသည်။ အလုပ်တွင် အောင်မြင်မှုကို လိုချင်ခြင်း မဟုတ်။ ဤလိုချင်မှု နှစ်ရပ်ကို ကွဲပြားသိရမည်။ အင်တာဗျူးလုပ်သူများ ကိုယ်တိုင် ကွဲကွဲပြားပြားမသိ။ ဝါးတားတား ဖြစ်နေကြသည်။ အတော်ဆုံးဟု ခေါ်သော မန်နေဂျာများသည် အလုပ်ခန့်ရာတွင် အချိန်ယူ၊ အပင်ပန်းခံ၍ ရွေးချယ်ကြသည်။ မန်နေဂျာများသည် လှုပ်ရှားမှုများကို စီမံကိုင်တွယ်ခြင်း မဟုတ်။ ရလဒ်များကို စီမံ ကိုင်တွယ်ခြင်းသာ ဖြစ်သည်။  

ရဲညွှန့် ( မဟာဝိဇ္ဇာ – နိူင်ဆက် ) ရေးသော အခြားသူများအား တွန်းအားပေးရန် နည်းလမ်း  ၁၀၀ စာအုပ်မှ ကူးယူ ဖော်ပြထားသည်။ 

Related Posts