စောလူးမင်း

စောလူးမင်း (၁၀၇၇-၁၀၈၄)

စောလူးမင်း သည် အနော်ရထာမင်းနှင့် မြောက်ပြင်သည် မိဖုရားတို့မှ ၁၉၊ ဧပြီ ၁၀၄၉ တွင် ဖွားမြင်ခဲ့သူဟု မှတ်သားရသည်။ မင်းလုလင်ဟုလည်း ကျောက်စာမှာ ပါရှိသည်။ ‘စော’ မှာ ရှမ်းဘာသာဖြင့် ‘မင်း’ ကို ခေါ်ခြင်းဖြစ်ပြီး ‘လူး’ မှာ ‘လုလင်’ ကို အတိုကောက်ခေါ်ခြင်းဖြစ်ရာ ‘စောလူး’ မှာ ‘လူငယ်လူရွယ်မင်း’ ဟု အဓိပ္ပာယ်ရှိကြောင်းလည်း မှတ်သားရသည်။ သက္ကတဘာသာဖြင့် ရေးထိုးသော အုတ်ခွက်မြေဘုံဘုရားတွင် ဂြီဝဇာဘရဏ၊ သီရိဇောဘရဏ ဘွဲ့များဖြင့် တွေ့ရှိရသည်။ အဓိပ္ပာယ်မှာ ‘ကျက်သရေရှိသော မိုးကြိုးအရှင်သုံးလူ့သခင်’ ဟု ဆိုသည်။ 

၁၀၇၇ ခုနစ်တွင် အနော်ရထာ နတ်ရွာစံပြီး ပုဂံထီးနန်းကို ဆက်ခံသူ ဖြစ်သည်။ ပုလိပ်ရွာစား ဦးဖျော်က ရွှေနားတော်သွင်း ဧချင်းကို ဤသို့ ဖွဲ့ဆိုခဲ့သည်။ 

‘ကောင်းကျိုးဖွေရှာ၊ နော်ရထာလျှင်၊ နောင်လာရှုငဲ့၊ ပြုစုခဲ့၏။
သုံးဆယ့်သုံးနှစ်၊ နတ်ထံဖြစ်က၊ သားစစ်စောလူး၊ ဆက်ကာမှူးသည်၊
ကြည်နူးသည့်နီးဝေး၊ ပျက်ဝက်တွေး’

စောလူးမင်းတွင် မိဖုရား နှစ်ပါးရှိရာ သီရိစန္ဒာဒေဝီနှင့် မွန်တိုင်းရင်းသား ဖြစ်ဟန်ရှိသော မဟာဒေဝီ စူဠာမဏိ ဖြစ်သည်။
စောလူးမင်းလက်ထက်တွင် အထိန်းတော်သား ငရမန်ကန်းကို ပဲခူးဟံသာဝတီ မြို့စားပေးခဲ့သည်။ ကြွေအန်ကစားရာမှ ငရမန်ကန်းနိူင်ပြီး စစ်ရေးစိန်ခေါ်ကြရာ ‘ပြည်တော်သာကျွန်းတိုက်ပွဲ’ ဟူ၍ ပုဂံသမိုင်းမှာ ပါရှိသည်။ ငရမန်ကန်းက ရွံ့ညွှန်ထဲတွင် ဆင်ရုပ်၊ လူရုပ်များ ပြုလုပ်ပြီး စစ်မြူခဲ့၍ စောလူးမင်း မဆင်မခြင်ဝင်တိုက်၍ တပ်ပျက်ပြီး ထွက်ပြေးခဲ့ရသည်။ ပုန်းအောင်းနေရစဉ် ကျန်စစ်သားက ပခုံးပေါ်ထမ်း ကယ်ယူခဲ့သော်လည်း စောလူးက အထင်လွဲပြီး သံသယဖြင့် “ကျန်စစ်သား ငါ့ကို ခိုးပြီ” ဟု အော်လိုက်ရာ ငရမန်တပ်က ဖမ်းမိပြီး အနုဓရာအရပ်မှာ သတ်လိုက်ကြသည်ဆို၏။ ‘သံသယ တစ်ချက်ဖြင့် ပုဂံမင်းတစ်ပါး အသက်ထွက်ရခြင်း’ ပေတကားဟု တွေးမြင်မိသည်။ ကျန်စစ်သားသည် ပုဂံသို့ ချီတက်လာကာ ရန်သူတပ်များကို နှိမ်နင်းအောင်မြင်ပြီးနောက် ပုဂံထီးနန်းကို ရရှိခဲ့သည်။ ပျူ၊ မွန်၊ မြန်မာတို့ကို ကျန်စစ်သားမင်းက အောင်မြင်စွာ စည်းရုံးနိူင်ခဲ့သည်။ 

စောလူးမင်းသည် မိဖုရား သီရိစန္ဒာဒေဝီကို ဦးဆောက်ပန်းဘွဲ့ပေးအပ်ခဲ့သည်ဆို၏။ မွန်တိုင်းရင်းသူဟု ယူဆကာ မိဖုရား သီရိစန္ဒာဒေဝီ စူဋ္ဌာမဏိက သားတော်စောယွန်းကို မွေးဖွားခဲ့သည်။ ၁၉၇၄ ခုနစ်က မဟာဒေဝီစူဠာမဏိ၏ အုပ်ခွက်ဘုရားတစ်ခု တွေ့ရှိခဲ့သည်။ မွန်ဘာသာဖြင့် ရေးထိုးခဲ့ရာ ‘တြေလောက သိင်္ဃဝိဇေယျမင်း၏ မယ်တော် ပြုလုပ်လှူဒါန်းသည်’ ဟူ၍ ဖြစ်၏။ စောယွန်းသည် ကျန်စစ်သား၏သမီး ရွှေအိမ်စည်နှင့် စုံဖက်သည်။

စောလူးမင်းကို ရာဇဝင်များတွင် အရည်အချင်းမရှိသူဟု ဖော်ပြကြသော်လည်း အနော်ရထာမင်း၏ သားတော်ပီသစွာ ဘုရားတည်ခဲ့သည်များကိုလည်း မှတ်သားရသည်။ အောက်ပင်ချောင်းဝမှ စက္ကလမ္ပဘုရား၊ ပုဂံဘေးမဲ့ဥယျာဉ်အတွင်းရှိ နှစ်ထပ်စေတီ၊ ဤစေတီနံရံမှ စောလူးမင်း၏ အုတ်ခွက်ဘုရားကိုလည်း တွေ့ရသည်။

ဖက်လိပ်နှစ်ဆူကိုလည်း စောလူးမင်းကုသိုလ်ဟု ယူဆကြသည်။ သီရိပစ္စယောမှ ကျောက်စကားကြီးဘုရားမှာလည်း စောလူးမင်းကုသိုလ်ဟု ဆိုကြသည်။ စောလူးမင်းဘုရားဟူသော ဘွဲ့တော်နှင့် ဘုရားများကို စစ်ကိုင်းတိုင်း၊ ယင်းမာပင်၊ ပခုက္ကူမှ မြင်းမူ၊ မကွေးတိုင်းမှ ဆိတ်ဖြူနယ်များတွင် တွေ့ရှိရသည်။

ပုဂံရာဇဝင်တွင် အနော်ရထာမင်းကြီး၏ သားတော်စောလူးမင်းကား အသက် ၂၈နှစ်တွင် ဖခင်၏ ထီးနန်းကို ဆက်ခံပြီး ၇နှစ်မျှသာ နန်းစံကာ သက်တော် ၃၅နှစ်တွင် အနိစ္စ ရောက်ခဲ့သည်။ 

တက္ကသိုလ်စိန်တင် မြန်မာပြန်ထားသော Mandalay The Golden စာအုပ်မှ ကူးယူဖော်ပြသည်။ 

Related Posts