88

အကျိုးဖြစ်ထွန်းစေမည့် နည်းတို

အကျိုးဖြစ်ထွန်းစေမည့် နည်းတို ~~~~
တစ်ဖက်သားသည် မှားကောင်းမှားနေပေလိမ့်မည်။ သို့ရာတွင် သူ့ကိုယ်သူ မှားနေသည်ဟု ထင်မည်မဟုတ်ကြောင်း ကောင်းစွာမှတ်ထားပါ။ ထို့ကြောင့် တစ်ဖက်သား မှားနေသောအခါ အပြစ်မတင်ပါနှင့်။ ကြိမ်းမောင်းဖို့လောက်တော့ ဘယ်လူမိုက်မဆို လုပ်နိုင်တာပဲ။ ထိုမှားနေသောသူသည် အဘယ့်ကြောင့် မှားနေသည်ကို သိအောင်ကြိုးစားပါ။ စိတ်ရှည်၍ ပညာရှိသော လူထူးလူချွန်များသာလျှင် ဤအလုပ်မျိုးကို ကြိုးစား၍ ဆောင်ရွက်တတ်ကြ၏။

တစ်ဖက်သားသည် သူကြိုက်သလို တွေးပြီးလျှင် ကြိုက်သလိုလုပ်နေခြင်း၏ အကြောင်းထူးတစ်ခု ရှိရမည်။ ထိုအကြောင်းကို ရအောင်ရှာပါ။ ထိုအကြောင်းကို ရှာတွေ့လျှင် ဘာကြောင့် သူဒီလိုလုပ်ရသည်ကို သိရုံသာမက သူ၏အတွင်းသဘောကိုပါ သိနိုင်ကောင်း သိပေလိမ့်မည်။

စိတ်သဘောကောင်းကောင်းနှင့် သင့်ကိုယ်ကို သူ့နေရာတွင် ထား၍ကြည့်ပါ။ သူ့နေရာမှာသာ ငါနေကြည့်ရလျှင် ငါ့စိတ်ထဲမှာ ဘယ်လိုများ ဖြစ်ပါ့မလဲ၊ ဘယ်လိုများ မခံချင်စိတ်တွေ ပေါ်လာပါ့မလဲ အစရှိသဖြင့် သင့်ကိုယ်ကိုယ်သင် မေးကြည့်ပြီးလျှင် သင်သည် အချိန်ကုန်ခံပြီးနောက် ဒေါသတွေဖြစ်နေရသော အဖြစ်မျိုးမှ ကင်းလွတ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ တစ်ဖက်သားအပေါ်တွင် စိတ်ဝင်စားလိုက်ခြင်းအားဖြင့် ထိုလူ့အပေါ်တွင် စိတ်ဆိုးစရာရှိလာသည့်တိုင်အောင် ကျွန်ုပ်တို့သည် သိပ်စိတ်မဆိုးတော့ပေ။ ထို့ပြင် ဤသို့ပြုကျင့်ခြင်းအားဖြင့် ပေါင်းသင်းဆက်ဆံရာတွင် ပိုမိုကျွမ်းကျင်လာပေလိမ့်မည်။

‘လူများကို အဖိုးတန်အောင်လုပ်နည်း’ စာအုပ်ထဲတွင် ကင်းနက်အမ်ဂွတ်က အောက်ပါအတိုင်း ရေးသားခဲ့ဖူး၏။ သင့်ကိုယ်ရေးတွင် ဝင်စားလျက်ရှိသော အလွန်ပြင်းထန်သော သင်၏စိတ်နှင့် တစ်ဖက်သားတို့၏ အရေးတွင် ဝင်စားလျက်ရှိသော အလွန်ပေါ့ဆသည့် သင်၏စိတ်တို့ကို ယှဉ်ကြည့်နိုင်ရန် တစ်မိနစ်လောက် ရပ်နားပါ၊ ထိုသို့ ယှဉ်ကြည့်ပြီးနောက် ကမ္ဘာပေါ်ရှိ သင်မှ အခြားတစ်ပါးသော သူများအားလုံးပင် ဤကဲ့သို့ စိတ်ထားများရှိကြကြောင်း ကောင်းစွာ နားလည်နိုင်ပါစေ၊ ထိုအခါမှသာလျှင် ထောင်မှူးအလုပ်မှတစ်ပါး အခြားသောအလုပ်များအတွက် အရေးကြီးဆုံးသော အချက်ကြီးကို လင်ကွန်းတို့၊ ရုစဗဲ့တို့ကဲ့သို့ သင်သည် ကောင်းစွာ သဘောပေါက်နိုင်ပေလိမ့်မည်။ ထိုစကားကို တစ်နည်းအားဖြင့် ပြောရမည်ဆိုသော် လူများနှင့် ပေါင်းသင်းဆက်ဆံရေးကို ထမြောက်အောင်မြင်နိုင်ရန်အတွက် တစ်ဖက်သား၏ ယူဆပုံကို သဘောပေါက်ရန် လိုလေသည်။

ကျွန်ုပ်သည် နှစ်ပေါင်းများစွာ ကျွန်ုပ်၏ အိမ်အနီးရှိ ဥယျာဉ်အတွင်းတွင် လမ်းလျှောက်ခြင်း၊ မြင်းစီးခြင်းဖြင့် အပျင်းဖြေလေ့ရှိ၏။ ရှေးဂေါလလူမျိုး ဒရူးအစ် ဘုန်းကြီးများကဲ့သို့ ကျွန်ုပ်သည် ဝက်သစ်ချပင်များကို ပူဇော်လုမတတ် မြတ်နိုးစာနာ ရှိလေသည်။ ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း ထိုအပင်များနှင့် အနီးအနားရှိ ခြုံများကို မီးမလောင်သင့်ဘဲ လောင်သွားသည်ကို တွေ့ရသောအခါ များစွာစိတ်မသက်မသာ ဖြစ်ရလေသည်။ မီးလောင်ရသည်မှာ ဂရုမစိုက်သော ဆေးလိပ်သောက်သမားများကြောင့် မဟုတ်၊ ထိုသစ်ပင်များအောက်တွင် ပျော်ပွဲစားထွက်ရင်း ချက်ပြုတ်စားသောက်ကြသော ကလေးများကြောင့်ပင် ဖြစ်လေသည်။ တစ်ခါတစ်ရံ မီးတောက်ကြီးများ အလွန်ကြီးလာသောကြောင့် မီးသတ်စက်ကိုပင် ခေါ်ယူ၍ ငြိမ်းပစ်ရလေသည်။

ထိုဥယျာဉ်၏ ထောင့်တစ်ခုတွင် ကြော်ငြာစာတစ်စောင် ဆွဲထားလေသည်။ ဥယျာဉ်ထဲတွင် မီးမွှေးသူများအား ဒဏ်ငွေသော်လည်းကောင်း တပ်မည်၊ သို့မဟုတ် ထောင်ဒဏ်သော်လည်းကောင်း အပြစ်ပေးမည်ဟု ထိုစာတွင် ဖော်ပြထား၏။ သို့ရာတွင် အဆိုပါကြော်ငြာစာသည် လူမရောက်သော နေရာတွင် ကပ်ထားသဖြင့် ကလေးအချို့သာ ထိုကြော်ငြာစာကို မြင်ဖူးလေသည်။ ထိုဥယျာဉ်ကို မြင်းစီးပုလိပ်တစ်ဦးသည် စောင့်ရှောက်လျက်ရှိ၏။ သို့ရာတွင် ထိုမြင်းစီးပုလိပ်သည် သူ့ဝတ္တရားကို ကျေပွန်အောင် မထမ်းရွက်သဖြင့် နှစ်စဉ်နှစ်တိုင်း မီးလောင်လျက်ရှိလေသည်။ တစ်နေ့ ဥယျာဉ်ထဲတွင် မီးလောင်လျက်ရှိရာ မြင်းစီးပုလိပ်တစ်ယောက်ထံသို့ အလျင်အမြန်သွားရောက်ပြီးလျှင် မီးသတ်စက်ရုံသို့ အကြောင်းကြားရန် ကျွန်ုပ်ကိုယ်တိုင် တောင်းပန်၏။ သို့ရာတွင် မီးလောင်နေသောနေရာနှင့် သူမဆိုင်ဟု ခပ်အေးအေး ပြန်ပြောသည်ကို ကြားခဲ့ရဖူး၏။ ထို့ကြောင့် နောက်နောင် ဥယျာဉ်ထဲသို့ မြင်းစီးသွားသောအခါ တိုင်းပြည်ပစ္စည်းကို ကာကွယ်သောသူအဖြစ်ဖြင့် ထိုဥယျာဉ်ကို စောင့်ရှောက်၏။ ကလေးများကို တွေ့ကာစက သူတို့ဘက်မှနေ၍ စိတ်ကူးပင် မထည့်ခဲ့မိချေ။ သစ်ပင်များအောက်တွင် မီးတောက်မီးလျှံများကို မြင်လျှင် စိတ်မချမ်းမမြေ့၍ မှန်ရာကို လုပ်ချင်လွန်းအားကြီးသောကြောင့် အမှားမှားအယွင်းယွင်း လုပ်မိလေသည်။ တစ်ခါလည်း ကလေးများရှိရာသို့ မြင်းကို စီးသွားပြီးလျှင်

‘ဒီလို မီးမွှေးတာနဲ့ ထောင်ချပစ်နိုင်တယ်၊ ခပ်မြန်မြန် ငြိမ်းလိုက်’ ဟူ၍ အာဏာသံနှင့် ပြောမိ၏။ ‘ဒါနှင့်မျှ မီးမငြိမ်းသေးလျှင် မင်းတို့ကို ဖမ်းမည်’ ဟု ခြိမ်းခြောက်၏။ ဤသို့ ပြုလုပ်ခြင်းဖြင့် ကလေးများ၏နေရာတွင် ကျွန်ုပ်ကိုယ်ကို ထား၍မကြည့်ဘဲ ကျွန်ုပ်စိတ်ထဲတွင် ရှိသမျှဟာတွေကို လျှောက်၍လုပ်နေခြင်းမျှသာ ဖြစ်လေသည်။

ဤသို့ လုပ်လိုက်၍ ဘာဖြစ်သလဲ။ ကလေးများသည် ကျွန်ုပ်တို့၏စကားကို နားထောင်သည်မှာ မှန်ပါ၏။ သို့ရာတွင် ကျေကျေနပ်နပ်နှင့် နားထောင်ခြင်း မဟုတ်ပါ။ ကျွန်ုပ်ကို မျက်မုန်းကျိုးကာ မနိုင်၍ သည်းခံရသောစိတ်မျိုးဖြင့် နားထောင်ခြင်းမျှ ဖြစ်လေသည်။ ထို့ကြောင့် ကျွန်ုပ် ထွက်သွားသောအခါ သူတို့သည် မီးကို ပြန်၍ မွှေးကောင်းမွှေးပေလိမ့်မည်။ ထိုမျှမကသေး။ ဥယျာဉ်တစ်ခုလုံးကို မီးရှို့ပစ်ချင်သော စိတ်ဓာတ်များလည်း ပေါ်ကောင်းပေါ်ပေလိမ့်မည်။

နှစ်လပရိစ္ဆေဒ အတော်ကြာညောင်းလာသောအခါတွင် ကျွန်ုပ်သည် လူ့သဘောကို အနည်းငယ်ပို၍ သိလာ၏။ ထို့ကြောင့် မီးကိုမြင်လျှင် ရှေးအခါများကဲ့သို့ အမိန့်ပေးသော အလုပ်မျိုးကို မလုပ်တော့ဘဲ အောက်ပါစကားမျိုးကို ပြောလေ့ရှိ၏။

ဘယ်နှယ့်လဲဟေ့၊ တော်တော်ပျော်ကြရဲ့လား၊ ဘာချက်ကြမလို့လဲ၊ မင်းတို့အရွယ်တုန်းက ဦးတို့လည်း အချက်အပြုတ် အင်မတန် ဝါသနာပါတာပေါ့၊ ခုထက်ထိ ဒီဝါသနာဟာ မပျောက်ချင်သေးဘူး၊ ဒါပေမယ့် ဒီလိုဥယျာဉ်ထဲမှာဆိုရင် မီးဟာ တော်တော်ကြောက်စရာကောင်းတယ်၊ မင်းတို့ကတော့ ကိစ္စမရှိပါဘူး၊ ဦးက အသိသားပဲ၊ မင်းတို့သွားပြီး နောက်ရောက်မယ့် ကလေးတွေကျတော့ မင်းတို့လောက် ဂရုစိုက်ကြမှာ မဟုတ်ဘူးကွယ့်၊ သူတို့ ဒီနေရာကိုရောက်လို့ မင်းတို့ မီးမွှေးတာကိုမြင်ရင် သူတို့ မီးထပ်မွှေးလိမ့်မယ်၊ နောက် အိမ်ပြန်သွားကြတော့ မီးငြိမ်းခဲ့မှာ မဟုတ်ဘူး၊ အဲဒီတော့ မီးပွားတွေလွှင့်ပြီး သစ်ရွက်ခြောက်တွေ လောင်ရောကွယ်၊ သစ်ရွက်ခြောက်တွေကနေပြီး သစ်ပင်ကြီးတွေကို လောင်မှာပေါ့၊ ထို့တစ်တွေ ဒီလို ဂရုမစိုက်ကြဘူးဆိုရင် ဒီဥယျာဉ်ထဲမှာ သစ်ပင်တွေကို ဘယ်လာတွေ့နိုင်ပါ့မလဲ၊ ဒီလို မီးမွှေးတာနဲ့ ထောင်ချနိုင်တယ်၊ သို့ပေမယ့် မင်းတို့ကလေးတွေ ပျော်ကြပါးကြတဲ့အထဲမှာ ဝင်ပြီး မရှုပ်ချင်ပါဘူးကွယ်၊ မင်းတို့ ပျော်ပျော်ပါးပါး နေကြတာ ဦးကြည့်ချင်တာပေါ့၊ အဲဒီတော့ ချက်ပြုတ်နေတုန်း သစ်ရွက်ခြောက်တွေကို ခပ်ဝေးဝေးနေရာမှာ ထားကွာ၊ ချက်ပြီးတော့လည်း မီးခဲတွေအပေါ် မြေကြီးမှုန့်များများနဲ့ အုပ်ပစ်ခဲ့တာပေါ့။ နောက်ကို ချက်ပြုတ်စားချင်ကြရင် ဟောဟို တောင်ပူစာတစ်ဖက်က သဲထဲမှာ ချက်ဖို့မကောင်းဘူးလား၊ အဲဒီနေရာမှာဆိုတော့ မီးလောင်မှာ မစိုးရိမ်ရဘူးပေါ့၊ အေး ကျေးဇူးတင်တယ်ကွာ၊ ဦး သွားလိုက်ဦးမယ်’

ဤကဲ့သို့ ပြောဆိုခြင်းဖြင့် ထူးခြားချက်များကို တွေ့ရ၏။ ကလေးများကလည်း ပြောစကားကို စိတ်ပါလက်ပါ နားထောင်ချင်ကြ၏။ စိတ်ထဲတွင်လည်း အောင့်သက်သက်မဖြစ်။ မျက်မုန်းလည်း မကျိုး။ အမိန့်နားထောင်ရန် သူတို့ကို ကြိမ်းမောင်းခြင်း မလုပ်သောကြောင့် သူတို့မှာလည်း ဂုဏ်မပျက်။ ထို့ကြောင့် သူတို့ကလည်း ဝမ်းသာကြ၏။ ကျွန်ုပ်ကလည်း ထိုနည်းတူဝမ်းသာ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ဘက်က ကြည့်ပြီးလျှင် ကိစ္စကို ချောမောသွားအောင် စီမံပေးလိုက်နိုင်သောကြောင့်ပင် ဖြစ်လေသည်။

ဒင်းဒွန်ဟမ် ဆိုသူ ဟားဗက် ကူးသန်းရောင်းဝယ်ရေးကျောင်းမှ ဆရာကြီးတစ်ဦးက အောက်ပါအတိုင်း ပြောပြဖူးလေသည်။

‘ကိုယ့်ကိစ္စကိုယ်ပြောရန် ကုန်သည်ကြီး တစ်ဦးဦးနှင့် သူ၏အလုပ်ခန်းထဲတွင် ဝင်၍မတွေ့မီ အလုပ်တိုက်ရှေ့ရှိ လူသွားလမ်းပေါ်တွင် နှစ်နာရီလောက် လမ်းလျှောက်ပြီးလျှင် ကျွန်ုပ် ပြောလိုသောအချက်များနှင့် ကျွန်ုပ်ကိုယ်တိုင် ထိုလူကြီး၏အကြောင်းကို စုံစမ်းပြီးဖြစ်သဖြင့် ထိုလို လူစားမျိုးသည် ကျွန်ုပ်ကို ဘယ်ကဲ့သို့ ပြန်ပြောမည်ဟူသော စကားများကို ကောင်းစွာ စဉ်းစားမည်ဖြစ်၏’

ထိုစကားသည် အလွန်အရေးကြီးသဖြင့် အဓိပ္ပာယ်လေးနက် စိမ့်သောငှာအောက်တွင် စာလုံးမည်းဖြင့် တစ်ကြိမ်ထပ်မံဖော်ပြပါဦးအံ့။

‘ကိုယ့်ကိစ္စကိုယ်ပြောရန် ကုန်သည်ကြီး တစ်ဦးဦးနှင့် သူ၏အလုပ်ခန်းထဲတွင် ဝင်၍မတွေ့မီ အလုပ်တိုက်ရှေ့ရှိ လူသွားလမ်းပေါ်တွင် နှစ်နာရီလောက် လမ်းလျှောက်ပြီးလျှင် ကျွန်ုပ် ပြောလိုသောအချက်များနှင့် ကျွန်ုပ်ကိုယ်တိုင် ထိုလူကြီး၏အကြောင်းကို စုံစမ်းပြီး ဖြစ်သဖြင့် ထိုလို လူစားမျိုးသည် ကျွန်ုပ်သည် ဘယ်ကဲ့သို့ ပြန်ပြောမည်ဟူသော စကားများကို ကောင်းစွာ စဉ်းစားမည်ဖြစ်၏’

ဤစာအုပ်ကို ဖတ်ပြီးနောက် သင်သည် အခြားမည်သည့် အကျိုးထူးကိုမျှ မရဘဲ တစ်ဖက်သားဘက်မှနေ၍ အရာခပ်သိမ်းကို ဝေဖန်ပိုင်းခြားချင်သော ဝါသနာတစ်ခုတည်းသာ တိုးလာသည်ဟု ဆိုကြပါစို့။

ဤတစ်ခုတည်းသော ဝါသနာပင်လျှင် သင်၏ နောင်ရေးအတွက် အလွန်အဖိုးထိုက်တန်သော လာဘ်သပ္ပကာကြီးတစ်ခု ဖြစ်ကြောင်းကို သင်သည် ထင်ရှားစွာ မြင်ရတော့အံ့။

ထို့ကြောင့် သင်သည် တစ်ဖက်သားကို ဒေါသလည်းမဖြစ်၊ မျက်မုန်းလည်း မကျိုးစေဘဲ သင့်ဘက်သို့ပါအောင် ဆွဲချင်လျှင် တစ်ဖက်သားဘက်မှနေ၍ အရာခပ်သိမ်းကို ဝေဖန်ပိုင်းခြားနိုင်အောင် စိတ်ကောင်းစေတနာကောင်းနှင့် ကြိုးစားပါ။

အကျိုးဖြစ်ထွန်းစေမည့် နည်းတို

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts