သွားနှင့် ခံတွင်းကျန်းမာရေးကို ထိခိုက်စေသည့်

သွားနှင့် ခံတွင်းကျန်းမာရေးကို ထိခိုက်စေသည့် နေ့စဉ်အမူအကျင့်များ

သွားနှင့် ခံတွင်းကျန်းမာရေးကို ထိခိုက်စေသည့် နေ့စဉ်အမူအကျင့်များ

ခံတွင်းနဲ့သွားကျန်းမာရေးကောင်းမွန်ဖို့အတွက် နေ့စဉ်ပုံမှန်သွားတိုက်ရတာ၊ သွားကြားပွတ်ကြိုးအသုံးပြုတာက အလွန်အရေးကြီးတယ်ဆိုတာကိုတော့ လူတိုင်းသိပြီးလောက်ပါပြီ။ ဒါပေမဲ့ သင်အမှတ်မထင် ပြုလုပ်မိတဲ့အရာတွေ၊ သင်စားသောက်တဲ့ အစားအစာတွေကြောင့် သင့်သွားနဲ့ ခံတွင်းပျက်စီးနိုင်တယ်ဆိုတာကို သိလောက်မှာ မဟုတ်သေးတဲ့အတွက် ခံတွင်းနဲ့သွားကျန်းမာရေးအတွက် ပြုပြင်သင့်တဲ့ နေ့စဉ်အမူအကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အချိုစာများနှင့် စေးကပ်သောအစာများ စားသုံးခြင်း

အချိုပါဝင်တဲ့ အစားအစာတွေက သွားပိုးစားလွယ်ပါတယ်။ သကြားလုံးလိုမျိုး အစားအစာတွေကို ဝါးစားတာကလည်း သင့်သွားတွေကြားထဲမှာ သကြားတွေက နာရီပေါင်းများစွာ စေးကပ်ပြီး ကျန်ရစ်နိုင်ပါတယ်။

ပြုလုပ်ရန် — သကြားလုံးစားချင်ရင် အပျင်းပြေအစာအဖြစ် စားသုံးမယ့် အစားအစာနဲ့အတူ စားပါ။ အစာစားနေစဉ်မှာ သင့်ခံတွင်းကနေ တံတွေးတွေ ပိုမိုထွက်လာတဲ့အတွက် သွားမှာ တွယ်ကပ်နေတဲ့သကြားတွေကို ဖယ်ရှားပေးနိုင်တာကြောင့်ပါ။

ဆော်ဒါပါဝင်သော ဖျော်ရည်နှင့် အားကစားဖျော်ရည်သောက်ခြင်း

ဆော်ဒါနဲ့ အားကစားဖျော်ရည်တွေမှာ သကြားဓာတ်တွေ များစွာ ပါဝင်ပြီး သူတို့က သွားရဲ့ ကြွေလွှာတွေပေါ်မှာ သူတို့ရဲ့ အက်စစ်တွေက ဖုံးအုပ်ထားသလို ကျန်ရစ်ခဲ့နိုင်ပါတယ်။

ပြုလုပ်ရန် — အဲဒီ ဖျော်ရည်တွေ သောက်မယ့်အစား ရိုးရိုးရေသောက်ပေးပါ။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်နဲ့ ဆေးလိပ်ထုတ်ကုန်တွေက သွားကို အရောင်စွန်းစေနိုင်ပြီး သွားဖုံးရောဂါရရှိနိုင်ပါတယ်။ သွားပိုးစားလွယ်ပြီး သွားပါဆုံးရှုံးတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

ပြုလုပ်ရန် — ဆေးလိပ်ဖြတ်ပါ။

သွားဖြင့် ပစ္စည်းများကို ဖွင့်/ဖောက်ခြင်း

အာလူးကြော်ထည့်ထားတဲ့ ပလတ်စတစ်အိတ်ကိုဖွင့်တာ၊ ပုလင်းဖုံးတွေကို သွားနဲ့ ဖွင့်တာတွေကြောင့် သွားမှာ အက်ကွဲရာတွေ ပေါ်လာနိုင်ပါတယ်။

ပြုလုပ်ရန် — ပုလင်းဖုံးဖောက်တဲ့ တင်းကုတ်အသုံးပြုတာ ဒါမှမဟုတ် ကတ်ကြေးအသုံးပြုပြီး ပစ္စည်းဖောက်တာလိုမျိုး ပြုလုပ်ပေးပါ။

သွားကို အကာအကွယ်မထားဘဲ အားကစားပြုလုပ်ခြင်း

အားကစားပြုလုပ်နေစဉ်မှာ ပါးစပ်ကို မတော်တဆထိခိုက်မိတာကြောင့် သွားကျိုးတာ၊ သွားပဲ့တာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ပြုလုပ်ရန် — သင့်ပါးစပ်နဲ့ သင့်တော်တဲ့ Mouth guard ကို ခံပြီးမှသာ အားကစားပြုလုပ်ပါ။

ရေခဲတုံး၊ ခဲတံ၊ ဘောပင်ကို ကိုက်ခြင်း

ရေခဲတုံးကို မကြာခဏ ကိုက်ဝါးစားတဲ့အကျင့်ကြောင့် သွားအက်တာ၊ သွားကွဲတာတွေ ဖြစ်ပေါ်လာနိုင်ပါတဲ့အပြင် ခံတွင်းကျန်းမာရေးကိုပါ ထိခိုက်နိုင်ပါတယ်။ ရေခဲတုံးရဲ့ အေးလွန်းတဲ့အပူချိန်နဲ့ မာကျောမှုတွေကြောင့် ကြွေသားလွှာနေရာမှာ အက်ကွဲတာ၊ သွားကျိုးတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် သင်တစ်ခုခုကို အာရုံပြုနေစဉ်အတွင်း မထင်မှတ်ဘဲ ခဲတံ၊ ဘောပင်တွေ၊ လက်သည်းတွေကို ကိုက်တဲ့အကျင့်က သွားမှာ ကွဲရာအက်ရာတွေ ပေါ်လွင်နိုင်ပြီး သွားတွေ မညီမညာဖြစ်သွားတတ်ပါတယ်။ ဒီလိုသွားမညီမညာဖြစ်မှုကြောင့် သွားချေးဖတ်ကပ်တာနဲ့ ဘက်တီးရီးယားစုဆောင်းမှုတွေလည်း များလာနိုင်ပါတယ်။

ပြုလုပ်ရန် — သင် တစ်ခုခုကို ဝါးနေချင်ရင် သကြားမပါတဲ့ ပီကေကိုသာ ဝါးပါ။

သွားကြိတ်ခြင်း

စိတ်ဖိစီးမှုများတာကြောင့် သွားကြိတ်နိုင်သလို တချို့တလေမှာလည်း အိပ်ပျော်နေစဉ် အလိုလိုသွားကြိတ်တတ်တဲ့အကျင့်တွေ ရှိနေတတ်ပါတယ်။ ဒီအကျင့်ကြောင့်လည်း သွားပျက်စီးနိုင်ပါတယ်။

ပြုလုပ်ရန် — ညအိပ်စဉ် သွားကြိတ်တတ်သူတွေအနေနဲ့ ညအိပ်စဉ်မှာ Mouth Guard ခံပြီး အိပ်စက်ပါ။

ကြမ်းတမ်းစွာ သွားတိုက်ခြင်း

အမွေးအမျှင်ကြမ်းတဲ့ သွားတိုက်သွားပွတ်တံအသုံးပြုတာ ဒါမှမဟုတ် ကြမ်းကြမ်းတမ်းတမ်း သွားတိုက်တာတွေကြောင့် သွားနဲ့ သွားဖုံးပျက်စီးနိုင်ပါတယ်။

ပြုလုပ်ရန် — ပျော့ပျောင်းတဲ့အမွေးအမျှင်ရှိတဲ့ သွားတိုက်သွားပွတ်တံကို အသုံးပြုပြီး နည်းစနစ်မှန်စွာ သွားတိုက်ပါ။

ကော်ဖီ သို့မဟုတ် ဝိုင်အနီသောက်ခြင်း

သင့်အနေနဲ့ ကော်ဖီ ဒါမှမဟုတ် ဝိုင်ကို ပုံမှန်သောက်သုံးတတ်သူဖြစ်နေရင် ကော်ဖီနဲ့ ဝိုင်မှာ ပါဝင်တဲ့ အရောင်နဲ့ အက်စစ်ဓာတ်တွေကြောင့် သွားအရောင်စွန်းနိုင်ပါတယ်။

ပြုလုပ်ရန် — ကော်ဖီကို နို့ထည့်ပြီး သောက်ပါ။ ဝိုင်လျှော့သောက်ပါ။

လျှာ သို့မဟုတ် နှုတ်ခမ်းအပေါက်ဖောက်ခြင်း

သင့်ခံတွင်းထဲမှာ သတ္တုဓာတ်ပစ္စည်းတွေနဲ့ ဖောက်ထွင်းတာမျိုးပြုလုပ်ရင် အဲဒီပစ္စည်းတွေကြောင့် သွားနဲ့ခံတွင်းကို မတော်တဆထိခိုက်ဒဏ်ရာ ရရှိနိုင်ပါတယ်။ ဒီအခါမှာ သွားအက်တာ၊ သွားပဲ့တာ၊ သွားဖုံးထိခိုက်တာတွေဖြစ်ပြီး သွားဖုံးပိုးဝင်ရောက်ကာ ရောင်ရမ်းနာကျင်နိုင်ပါတယ်။

ပြုလုပ်ရန် — လျှာနဲ့ နှုတ်ခမ်းမှာ အပေါက်ဖောက်တာမျိုးတွေ မပြုလုပ်ပါနဲ့။

လက်မစုပ်ခြင်း

သင့်ကလေးငယ်တွေက ကြီးသွားပေါက်တဲ့အချိန်(ငါးနှစ်၊ ခြောက်နှစ်အရွယ်) အထိ လက်မစုပ်တဲ့အကျင့်ရှိနေသေးရင် သွားနဲ့သွားဖုံး တည်ဆောက်မှုပုံစံတွေ ပြောင်းလဲသွားပြီး သွားခေါတာလိုမျိုး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် စကားမပီတာ၊ အစာဝါးစားရခက်ခဲတဲ့ ပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။

ပြုလုပ်ရန် — ကလေးငယ်တွေ လက်မစုပ်တဲ့အကျင့်ကို ပြုပြင်ပေးပါ။

ဆေးဝါးမျိုးစုံ အသုံးပြုရခြင်း

ဆေးအမျိုးအစားအတော်များများက ခံတွင်း(အာခေါင်) ခြောက်စေနိုင်တဲ့ ဆိုးကျိုးတွေရှိပါတယ်။ သင့်ခံတွင်းထဲမှာ တံတွေးထွက်တာနည်းနေရင် အက်စစ်ဓာတ်ကြောင့် သွားကြွေလွှာတွေ၊ သွားဖုံးတွေ ပျက်စီးနိုင်ပြီး သွားပိုးပေါက်တွေ ဖြစ်လာနိုင်ပါတယ်။

ပြုလုပ်ရန် — ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးပြောင်းခိုင်းပါ။ ဒါမှမဟုတ် ခံတွင်းခြောက်တာ သက်သာအောင် ရေများများသောက်ပေးပါ။

ရေကူးကန်မှ ရေကိုမျိုချမိခြင်း

သင့်အနေနဲ့ ကလိုရင်းခတ်ထားတဲ့ ရေကူးကန်မှာ ပုံမှန်ရေကူးသူဖြစ်နေပြီး ရေကူးရင်းနဲ့ ရေတွေကို မတော်တဆမျိုချမိရင် ရေထဲမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေနဲ့ ကလိုရင်းတွေကြောင့် သွားကြွေလွှာပျက်စီးနိုင်ပါတယ်။

ပြုလုပ်ရန် — ရေကူးကန်ထဲကရေကို ပါးစပ်ထဲမဝင်အောင် တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ ရေကူးကန်မှ ပြန်လာအပြီး ပလုတ်ကျင်းပေးပါ။

စားချဉ့်ပြန်ရောဂါရှိခြင်း

စားချဉ့်ပြန်ရောဂါရှိသူတွေမှာ အစာအိမ်ထဲက အစာတွေ ပါးစပ်ထဲ ပြန်လည်ဆန်တက်လာတတ်တဲ့အတွက် သင့်သွားတွေက အစာခြေအက်စစ်တွေနဲ့ မကြာခဏ ထိတွေ့ရတတ်ပါတယ်။ ဒီလိုဖြစ်တာကြောင့် သွားရဲ့ကြွေလွှာ ပျက်စီးနိုင်ပါတယ်။

ပြုလုပ်ရန် — စားချဉ့်ပြန်ရောဂါကို ပျောက်ကင်းအောင်ကုသပါ။ အစာစားပြီးပြီးချင်း အိပ်ရာထဲ မဝင်ပါနဲ့။ အဲဒီရောဂါရှိသူတွေအနေနဲ့ ညအိပ်စဉ်မှာ ခေါင်းအုံးမြင့်မြင့်နဲ့ အိပ်ပါ။ အန်ပြီးပြီးချင်းမှာလည်း သွားချက်ချင်းမတိုက်ပါနဲ့။

အချဉ်စာများ စားသုံးလွန်းခြင်း

သင်ဟာ အချဉ်နဲ့ တခြားအက်စစ်ဓာတ်ပါဝင်တဲ့ အစားအစာတွေကို စားသုံးတာများရင် သင့်သွားကြွေလွှာပျက်စီးနိုင်ပြီး သင့်သွားရဲ့ အတွင်းလွှာတွေ ပေါ်ကာ သွားရဲ့မျက်နှာပြင်က ကြမ်းတမ်းပြီး အရောင်ရင့်လာနိုင်ပါတယ်။

ပြုလုပ်ရန် — အချဉ်စားပြီးပြီးချင်း ရေများများသောက်ပါ။ ချက်ချင်း သွားမတိုက်ပါနဲ့။

သွားကြားပွတ်ကြိုးအသုံးပြုရန် မေ့လျော့ခြင်း

သွားကြားပွတ်ကြိုးကို ပုံမှန်အသုံးပြုတာက သင့်သွားကြားအတွင်း သန့်စင်ဖို့ ခက်ခဲတဲ့နေရာက သွားချေးဖတ်တွေနဲ့ ညပ်နေတဲ့အစားအစာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သွားကြားပွတ်ကြိုး အသုံးမပြုသူတွေအနေနဲ့ သွားနဲ့သွားဖုံး ပျက်စီးနိုင်ပါတယ်။

ပြုလုပ်ရန် — အစာစားပြီးတိုင်း သွားကြားပွတ်ကြိုးအသုံးပြုပြီး ညပ်နေတဲ့အစားအစာတွေကို ဖယ်ရှားပေးပါ။

ဒါကြောင့် သွားနဲ့ သွားဖုံးကျန်မာလိုသူတွေအနေနဲ့ အထက်ပါအကျင့်ဆိုးတွေကို ရှောင်ရှားပြီး တစ်နေ့ နှစ်ကြိမ် သွားတိုက်ပါ။ သွားကြားပွတ်ကြိုးကို ပုံမှန်အသုံးပြုပါ။ အချိုဓာတ်ပါဝင်မှုနည်းတဲ့၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆာပြေစာတွေ စားပေးပါ။ လက်သည်း၊ ခဲတံတွေ ကိုက်မယ့်အစား သကြားမပါဝင်တဲ့ ပီကေကို ဝါးပါ။ သင့်သွားတွေကို tools သဖွယ်အသုံးမပြုပါနဲ့။ သွားဆရာဝန်နဲ့ ပုံမှန်စစ်ဆေးမှု ခံယူပါ။

ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။

Related Posts