အများဘက်ကမြင်ပေးတတ်ဖို့

အများဘက်ကမြင်ပေးတတ်ဖို့

နောက်ထပ် ကျွန်တော်အလွန်စွဲလမ်းသော အနောက်တိုင်းပုံပြင်လေးတစ်ခု ရှိပါသေးသည်။ မုဆိုးမအမေမှာ သားပေါက်စကလေးရှိသတဲ့။ သားလေးကို ကင်ပွန်းတပ်ပွဲလုပ်တော့ ဦးစီးဦးဆောင်လုပ်ဖို့ ယောက်ျားကြီးတစ်ယောက်လိုနေသတဲ့။ နံဘေးအိမ်မှာက အလွန်ထူးဆန်းသော အဘိုးအိုရှိသတဲ့။ အဘိုးအိုကို အကူအညီတောင်းတော့ အဘိုးအိုက သဘောတူသတဲ့။ သဘောတူရုံသာမက လက်ဆောင်တစ်ခုပေးသတဲ့။ အဲသည်လက်ဆောင်ကတော့ အဘိုးအို စန္ဒရားတီးနေပြီး တီးလုံးမဆုံးခင်မှာ ကြိုက်ရာဆုတစ်ခုတည်း‌ တောင်းဖို့တဲ့။

စန္ဒရားအသံလည်း တကယ်ပေါ်လာရော အမေခမျာ ဝေခွဲရခက်နေသတဲ့။ ချမ်းသာပါစေပဲ ဆုတောင်းရမလား၊ ရာထူးကြီးပါစေပဲ ဆုတောင်းရမလား။ စန္ဒရားသံတဖြည်းဖြည်း တိုးဝင်လာသည်အထိ ဝေခွဲလို့မရပါတဲ့။ နောက်ဆုံးစန္ဒရားသံ ဆုံးခါနီးလာလို့ ကမန်းကတန်းတောင်းလိုက်သောဆုကတော့ “မျက်နှာမြင် ချစ်ခင်ပါစေ၊ အသံကြား သနားပါစေ” တဲ့။

ထူးဆန်းသော အဘိုးအိုက ပျောက်ကွယ်သွားသတဲ့။ သားကလေးကတော့ တကယ့်ကိုဆုတောင်းပြည့်သတဲ့။ ရုပ်ကလေးကလည်းချော၊ အသံကလေးကလည်း သာယာ၊ မြင်သူကြားသူအားလုံး မချစ်ဘဲမနေနိုင်ကြသတဲ့။ အဲသလောက်လူတိုင်းက ဝိုင်းချစ်တာခံရတော့ကလေးက အလွန်အတ္တကြီးသောလူကြီးဘဝကို ကြီးပြင်းလာသတဲ့။ သူဘယ်လောက်ပဲ တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ အများအပေါ်မှာ ငဲ့ညှာစိတ်မထားလည်း လူတွေကတော့ သူ့ကိုချစ်နေကြသတဲ့။ ဒါနဲ့ပဲ ဘဝမှာ ပြဿနာပေါင်းစုံတက်ပြီး အများကနောက်ဆုံးသည်းမခံနိုင်ပဲ ဝိုင်းကျဉ်ရသူတစ်ဦးဖြစ်လာသတဲ့။ အဝေးမှာနေတုန်း ဘယ်လောက်ပဲမုန်းမုန်း၊ သူ့မျက်နှာကိုမြင်၊ သူ့အသံကို ကြားရရင်တော့ လူတွေက ဆဲဆိုချင်စိတ်ပျောက်သွားကြသေးသတဲ့။

သည်လိုနဲ့ ကွယ်ရာကနေ မုန်းတာခံနေရသောအဘိုးအိုဘဝကိုအရောက်မှာ ထူးဆန်းသောအဘိုးအိုက ပြန်ပေါ်လာသတဲ့။ မြေးဖြစ်တဲ့အဘိုးအိုကို အမှန်မြင်အောင်ဆုံးမပြီး သူ့လက်ဆောင် ဆု “မျက်နှာမြင် ချစ်ခင်ပါစေ၊ အသံကြား သနားပါစေ”ကို ပြန်နုတ်ယူလိုက်သတဲ့။ အဲသည်နေ့ကစပြီး အရင်အောင့်အီးသည်းညည်းခံနေကြသူတွေက အဘိုးအို(အငယ်)ကိုလာပြီး ဆဲဆိုရိုက်ပုတ်ကြသတဲ့။ ဒါပေမယ့် သူက အပြုံးမပျက်။ ဘဝမှာ အခုမှ မှန်မှန်ကန်ကန် နေဖူးပြီဆိုပြီး အဘိုးအို(အကြီး)ရဲ့လက်ပေါ်မှာ ပျော်ပျော်ရွှင်ရွှင်ပဲ အသက်ထွက်သွားသတဲ့။

ဘယ်လောက်ကောင်းလိုက်သည့် ပုံပြင်ကလေးပါလဲ။

ဘဝမှာ မျက်နှာမြင်ချစ်ခင်၊ အသံကြားသနားသည့် ဘဝမှာ နေရတာ မြတ်သလား။ အများဘက်က စဉ်းစားငဲ့ညှာပေးတတ်တာကောင်းသလားဆိုတာကို ဇာတ်လမ်းကလေးနှင့် ထင်ရှားအောင်ပြသွားတာပါ။

သားသမီး သူများအပေါ်မှာ ဘယ်လောက်လွန်ကျူးခဲ့၊ လွန်ကျူးခဲ့ ကိုယ့်သားသမီး အမှားမဖြစ်ရလေအောင် ငွေအား၊ အရှိန်အဝါအားဖြင့် ချေဖျက်ပံ့ပိုးတတ်သည့်မိဘတွေကို အဲသည့်ပုံပြင်မူရင်းကလေး မပျောက်မပျက် အစအဆုံး ကျွန်တော့်လက်ထဲတွင် ရှိနေသေးလျှင် ပေးဖတ်ချင်လှပါသည်။

စာရေးဆရာများ ပြောကြသည့် ပြည်သူ့နီတိ စာအုပ်ထဲမှ လင်္ကာရည်ကျော်၏ ဘာအမွေပေးကြမှာလဲ ဆောင်းပါးအားကူးယူဖော်ပြထားပါသည်။

ဘဝနေနည်း

Related Posts