အထင်ကြီးပါစေ

သူ့ကိုယ်ကိုသူ အထင်ကြီးပါစေ (အပိုင်း – ၂)

ပြင်သစ်ပြည်ရှိ အမေရိကန် ခြေကျင်စစ်သားများကို ပြုပြင်ရာတွင် ဟင်နရီကလေးရစ်ဇနား ဆိုသူသည် ဤနည်းကိုပင် အသုံးပြုခဲ့ဖူးလေသည်။ ဂျိမ်းဂျီဟာဗော့ဆိုသူ လူချစ်လူခင်အများဆုံး အမေရိကန်စစ်ဗိုလ်ချုပ်ကြီးသည် ရစ်ဇနားနှင့် တွေ့စဉ်က ပြင်သစ်ပြည်ရှိ နှစ်သန်းကျော်မျှရှိသော အမေရိကန်စစ်သားများသည် သူတွေ့ခဲ့ရသော စစ်သားများထဲတွင် အစင်ကြယ်ဆုံးနှင့် သူစိတ်တိုင်းအကျဆုံးသော စစ်သားများ ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုဖူးလေသည်။

ဤစကားသည် အလွန်အမင်းပို၍ ချီးကျူးထားသော စကားဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ သို့ရာတွင် ရစ်ဇနားသည် ထိုစကားကို မည်ကဲ့သို့ အသုံးချသည် ကြည့်ကြဦးစို့။ ‘စစ်ဗိုလ်ချုပ်ကြီးက ဤကဲ့သို့ ပြောဖူးသည့်အကြောင်းကို စစ်သားများအား ပြန်ပြောပြရန် ကျွန်ုပ်သည် မမေ့ချေ၊ ဤစကားသည် မှန်မမှန်ကို ကျွန်ုပ်သည် တစ်ခါဖူးမျှ စစ်ကြောမေးမြန်းခြင်း မပြုချေ၊ အဘယ့်ကြောင့်ဆိုသော် စစ်ဗိုလ်ချုပ်ကြီး ပြောသည့်အတိုင်းပင် စစ်သားများကိုယ်တိုင်က မကောင်းစေကာမူ တာဗော့လို စစ်ဗိုလ်ချုပ်ကြီး တစ်ယောက်လုံးက ဤကဲ့သို့ ပြောဆိုသည်ကို စစ်သားများကြားရလျှင် သူတို့သည် စစ်ဗိုလ်ချုပ်ကြီး ထင်သည့်အတိုင်း အမှန်ဖြစ်အောင် ဧကန်ကြိုးစားကြပေလိမ့်မည်ဟု ကျွန်ုပ် ယုံကြည်သောကြောင့်ပင် ဖြစ်ပေသည်’။

‘ခွေးပင် ဖြစ်သော်လည်း နာမည်ဆိုးတစ်ခု အပေးခံရလျှင် သေရသည်လောက် နာကြည်း၏’ ဟူသော စကားပုံကောင်းတစ်ခု ရှိလေသည်။ သို့ရာတွင် ထိုခွေးသည် နာမည်ကောင်းတစ်ခု ပေးလိုက်လျှင် ဘာဖြစ်မည်ကို သင်ကိုယ်တိုင် စောင့်ကြည့်ပါလော့။ များမကြာမီက အိတ်ချိန်းဘူဖေးမှ အရာရှိတစ်ယောက်နှင့် ကျွန်ုပ်သည် တွေ့ဆုံခဲ့ဖူး၏။ အိတ်ချိန်းဘူဖေးသည် အခြားမဟုတ်။ ပျော်ပွဲစားရုံ ၂၆ ရုံကို စီမံအုပ်ချုပ်ရာ ဌာနဖြစ်လေသည်။ ထိုဌာနလက်အောက်ခံ ပျော်ပွဲစားရုံများတွင် စားသောက်ကြသောသူများထံမှ ဆိုင်ရှင်သည် မည်ရွေ့မည်မျှကျသည်ဟု တောင်းခံခြင်းမပြုချေ။ စားသောက်သောသူများက မိမိတို့စားသောက်သည့်အတွက် မိမိတို့ကိုယ်တိုင် တွက်ချက်ပြီးလျှင် ပေးသရွေ့ကို ဆိုင်ရှင်က ယူလေသည်။ အိတ်ချိန်းဘူဖေးကို ၁၈၈၅ ခုနှစ်က အစပြုတည်ထောင်ခဲ့၏။ ထိုအချိန်အခါကစ၍ ယနေ့တိုင်အောင် လာရောက်စားသောက်သူများသို့ ဆိုင်ရှင်များက တစ်ခါဖူးမျှ စာရင်းတွက်၍ မတောင်းဖူးချေ။

ထို့ကြောင့် ကျွန်ုပ်သည် ထိုအိတ်ချိန်းဘူဖေး၏ အရာရှိတစ်ဦးနှင့် တွေ့ဆုံသောအခါ ‘ခင်ဗျားတို့ဆိုင်တွေမှာ လာပြီးစားတဲ့လူတွေကို စောင့်ကြည့်ဖို့လူတွေ မထားရဘူးလား၊ လာစားကြတဲ့လူတွေ အားလုံးဟာ ဘယ်နည်းနဲ့မျှ လူကောင်းတွေချည်း မဖြစ်နိုင်ဘူးဗျာ’ ဟု အံ့အားသင့်စွာနှင့် ကျွန်ုပ်က မေးလေသည်။

‘စောင့်ကြည့်ဖို့လူတွေကို ကျွန်တော်တို့ မထားပါဘူး၊ လိမ်ချင်တဲ့လူတွေလည်း လိမ်မှာပဲ၊ ကျွန်တော်တို့တော့ မသိဘူး၊ သို့ပေမယ့် ကျွန်တော်တို့ရဲ့စနစ်ဟာ လုပ်လို့တော့ ဖြစ်တာပဲ၊ အကယ်၍ ဒီစနစ်ဟာ လုပ်မဖြစ်ဘူးဆိုရင် ခုလို နှစ်ပေါင်း ၅၀ ကျော်အောင် ဘယ့်နှယ်ခံနိုင်ပါ့မလဲ’ ထိုအရာရှိက ကျွန်ုပ်အား ပြန်ပြောဖူးလေသည်။

အိတ်ချိန်းဘူဖေးသည် လူတိုင်း ရိုးသားဖြောင့်မတ်သည်ဟု ယုံကြည်ကြောင်း လူတိုင်းအား သိစေလေသည်။ ထို့ကြောင့် သူဌေးဖြစ်ဖြစ်၊ ဆင်းရဲသားဖြစ်ဖြစ်၊ သူတောင်းစားဖြစ်ဖြစ်၊ သူခိုးပဲဖြစ်ဖြစ် လူတိုင်းသည် သူတို့ကို ရိုးသားသည်ဟု သိဒ္ဓိတင်ထားသည့်အတိုင်း ရိုးသားဖြောင့်မတ်စွာ ဆက်ဆံကြလေသည်။ ‘ကလိမ်ချုံတစ်ဦးနှင့် ဆက်ဆံရမည်ဆိုလျှင် ထိုကလိမ်ချုံကို ကောင်းလာအောင်လုပ်ရန် နည်းတစ်နည်းသာ ရှိလေသည်။ ထိုနည်းမှာ အခြားမဟုတ်၊ ထိုကလိမ်ချုံကို သမာဓိရှိသော ဂုဏ်သရေရှိလူကြီးလူကောင်းတစ်ဦးကဲ့သို့ သဘောထား၍ ဆက်ဆံပါ။ ထိုသို့ဆက်ဆံခြင်းကို ခံရသောအခါ ထိုကလိမ်ချုံသည် အတော်ကြီး သွေးမြောက်ပြီးလျှင် ဂုဏ်သရေရှိလူကြီးလူကောင်းတစ်ဦးအနေဖြင့် ပြန်၍ ဆက်ဆံပေလိမ့်မည်။ သူ့ကို ယုံကြည်သောလူများလည်း ရှိသေးရဲ့ဟူ၍ ဂုဏ်ယူပေလိမ့်မည်’ အစရှိသဖြင့် ဆင်းဆင်းထောင်၏ ထောင်ပိုင်ကြီးဖြစ်သူ ကမ္ဘာကျော် လောစ်ဆိုသူက ထုတ်ဖော်ပြောဆိုဖူးလေသည်။ ထောင်ပိုင်ကြီးသည် ဆိုးလိမ့်ပေလိမ့်ဆိုသော လူဆိုးလူလိမ်များနှင့် အမြဲတမ်းဆက်ဆံနေရသောအကြောင့် သူ၏အကြံပေးချက်မှာ အထူးလေးနက်လှပေသည်။

ဤအကြံပေးချက်မှာ အထူးမှတ်သားဖွယ်ကောင်းသောကြောင့် တစ်ကြိမ်ထပ်၍ အောက်တွင် ဖော်ပြလိုက်ဦးအံ့။

ကလိမ်ချုံတစ်ဦးဦးနှင့် ဆက်ဆံရမည်ဆိုလျှင် ထိုကလိမ်ချုံကို ကောင်းလာအောင် လုပ်ရန် နည်းတစ်နည်းသာလျှင် ရှိလေသည်။ ထိုနည်းမှာ အခြားမဟုတ်။ ထိုကလိမ်ချုံကို သမာဓိရှိသော ဂုဏ်သရေရှိလူကြီးလူကောင်းတစ်ဦးကဲ့သို့ သဘောထား၍ ဆက်ဆံပါ။ ထိုသို့ဆက်ဆံခြင်းကို ခံရသောအခါ ထိုကလိမ်ချုံသည် အတော်သွေးမြောက်ပြီးလျှင် ဂုဏ်သရေရှိလူကြီးလူကောင်းတစ်ဦးအနေဖြင့် ပြန်၍ဆက်ဆံပေလိမ့်မည်။ သူ့ကို ယုံကြည်သောလူများလည်း ရှိသေးရဲ့ဟူ၍ ဂုဏ်ယူပေလိမ့်မည်။

ထို့ကြောင့် တစ်ဖက်သားကို မျက်မုန်းမကျိုး စိတ်မဆိုးစေဘဲ ထိုသူ၏ အကျင့်စာရိတ္တကို ပြုပြင်ပြောင်းလဲပေးချင်လျှင် တစ်ဖက်သားကို သိဒ္ဓိတင်ပေးပါ။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts