သိမ်ငယ်စိတ်

သိမ်ငယ်စိတ် ခံစားရခြင်း၊ အပိုင်း(၂)

(Feeling inferior, Part II) သင့်ကိုယ်သင် သိမ်ငယ်စိတ် ဖြစ်ရန် ခွင့်ပြုခြင်း၏ နောက်ထပ်အကြောင်းပြချက်တစ်ခုမှာ- ထိုမှတ်ချက်မှန်သည်ဟုသင်ခံစားရခြင်း

အတိုင်းအတာတစ်ခုအထိ သင်က ထိုမှတ်ချက်မှန်သည်ဟု ခံစားရသည်။ သို့မဟုတ် အနည်းဆုံးတော့ မှတ်ချက်ပေးသူ ထိုမှတ်ချက်ပေးခြင်း အကြောင်းရင်းမှန်သည်ဟု သင်ယူဆမည်။ ဥပမာဆိုပါစို့။

ကျွန်မကို တစ်ဦးဦးက မသင့်တော်သောမိခင်ဟု ခေါ်ဝေါ်သည်ဆိုပါက ကျွန်မ စိတ်ဆိုးမည် သေချာသည်။ အသက်ရှင်လျက်ရှိသည့် မည်သည့်မိခင်မဆို စိတ်ဆိုးပါမည်။ သို့သော် ကျွန်မသည် အလွန်သင့်တော်သော မိခင်တစ်ယောက်ဖြစ်သည်ဟု ကျွန်မထင်သည်။ မသင့်တော်ဆိုသည်မှာ လုံးဝမဟုတ်ဟု ယူဆသည်။ ထိုကြောင့် သီအိုရီသည် မည်ကဲ့သို့ ဆီလျော်မှုရှိသနည်း။

အင်း… အမှန်တိုင်းပြောရမည်ဆိုလျှင် ကျွန်မ၏ မိခင်အရည်အသွေးကို တစ်ခါတစ်ရံ သံသယရှိသည်။ မည်သည့်မိခင်မဆို ကိုယ့်ဘာသာ အရည်အချင်းပြည့်မီမှု ရှိ မရှိ မေးခွန်း မမေးမီဆိုမှသာ ကျွန်မ ထိုမိခင်အတွက် စိတ်ပူပါမည်။ ထိုမိခင်သည် သူ၏မိခင်ကဏ္ဍကို လေးနက်စွာခံယူခြင်းမရှိဟု သဘောထားဖြစ်စေသည်။ အလားတူပင်ဝန်ထမ်းဖြစ်လျှင်လည်း ကိုယ့်ဘာသာ ပုံမှန်အကဲဖြတ်သည်။ ရေရှည်အောင်မြင်မှုရရန် ညှိနှိုင်းမှုများ ပြုလုပ်ရသည်။ နှစ်စဉ်ယင်းလှုပ်ရှားမှုများအပေါ် သုံးသပ်ချက်လည်း ရရှိသည်။ ကျွန်မတို့ ကိုယ်ရေးကိုယ်တာဆက်ဆံရေးများတွင် ထိုကဲ့သို့ သုံးသပ်ချက်မရရှိသဖြင့် မိမိကိုယ်ကိုဝေဖန်ရန်နှင့် ညှိနှိုင်းရန် တာဝန်ရှိသည်။ (သင်သိနိုင်သည့်အတိုင်းပင်၊ လိုအပ်လျှင် ကျွန်မ၏ မိခင်အရည်အသွေးကို ကာကွယ်ပြောဆိုရန် အကြောင်းပြချက်များ ပြဆိုနိုင်သည်။ )

ကျွန်မတွင် သံသယတစ်ခုနှစ်ခုရှိခဲ့လျှင်ပင် (ဟုတ်ပါပြီ၊ အများကြီးပါ) ကျွန်မသည် အပြီးသတ်တွင် သင့်တော်သော မိခင်တစ်ဦးဖြစ်သည်ဟု ယုံကြည်ပါသည်။ သို့သော် တစ်ဦးဦးက ထိုသို့မထင်ပါဟုပြောဆိုလာလျှင် ကျွန်မစိတ်မချမ်းမသာဖြစ်ခြင်းကို ရွေးချယ်မည်(အသိစိတ်ဖြင့်လား၊ အသိစိတ်မပါဘဲနှင့်လား)။ ကျွန်မ ကိုယ့်ဘာသာကာကွယ်ပြောဆိုမည်၊ ထိုမှတ်ချက်မှားယွင်းကြောင်း သက်သေပြရန်ကြိုးစားမည်။ သို့သော် ကျွန်မ ဆန့်ကျင်ဘက်သဘောဖြင့် တုံ့ပြန်ခြင်း၏ တစ်ခုတည်းသောအကြောင်းပြချက်မှာ ကျွန်မအတွင်းစိတ်က ထိုသူ၏ မှတ်ချက်သည် မှန်ကန်မှုရှိနိုင်သည်ဟု စိတ်ပူပန်မိ၍ဖြစ်သည်။

သို့သော် အကယ်၍ တစ်ဦးဦးက ‘ရှင့်ဆံပင်အရောင်က သိပ်မလှဘူး’ ဟု မှတ်ချက်ချလျှင် ကျွန်မဆန့်ကျင်ဘက်သဘော တုံ့ပြန်မည်မဟုတ်ပါ။ မိခင် အရည်အသွေးမပြည့်ဝဟု မှတ်ချက်ပြုခံရခြင်းလောက် အပြစ်မြင်ခြင်းသဘောမပါရှိ၍ဖြစ်သည်။ သို့သော် ထိုမှတ်ချက်သည် လူတစ်ဦး၏ အသွင်အပြင်ကို ထင်ဟပ်သဖြင့် နာကျင်မှုတော့ ခံစားရမည်သာ။ ကျွန် ဤဥပမာကိုသုံးခြင်းမှာ ကျွန်မအနေဖြင့် ရှိသမျှဆံပင်အရောင်များကို စမ်းသပ်ကြည့်ပြီးမှ လက်ရှိ ဆံပင်အရောင်သည် ကျွန်မနှင့် လိုက်ဖက်မှုအရှိဆုံးဟု ကျွန်မသိထား၍ ဖြစ်သည်။ ထို့ကြောင့် အဆိုပါမှတ်ချက်သည် ကိုယ်ရေးကိုယ်တာ အမြင် သဘောထားတစ်ခုသာ၊ သို့မဟုတ် ရသာရုံခံနိုင်စွမ်းမရှိခြင်းဟု သဘောထားပြီးမှတ်ချက်ကို လျစ်လျူရှုလိုက်သည်။ မှတ်ချက်သည် ကျွန်မနှင့် ဆီလျော်မှုမရှိပါ။ ထိုအချက်ကို ကျွန်မလုံးဝသံသယမရှိပါ။

သင် အကြောင်းအရာတစ်ခုကို သေသေချာချာပိုသိထားလေ သက်ဆိုင်ရာမှတ်ချက်ကိုကာကွယ်ရန် ဆန္ဒပိုလျော့နည်းလေဖြစ်မည်။ သင့်ကို တိုက်ခိုက်သည်ဟု မခံစားရသဖြင့် သင့်ကိုယ်သင် ကာကွယ်ရန် လိုအပ်ချက်ရှိသည်ဟုလည်း မခံစားရပါ။

လာမည့် ရက်သတ္တပတ်တွင် သိမ်ငယ်စိတ်ခံစားရခြင်းနှင့်  စပ်လျဉ်းသည့် အထက်ပါရှင်းလင်းချက်နှစ်ခုကို ဆင်ခြင်သုံးသပ်ပါ။ သင့်စိတ်ခလုတ်ကို မည်သည့်နေရာတွင် နှိပ်နေသည်ဟု ခံစားရသနည်း။ တုံ့ပြန်မှုကိုကြားသိရန် ဘာကြောင့် ထိုမျှလောက်ခက်ခဲသနည်း။ သင်ပြောင်းလဲမှုလုပ်ရမည့်အားနည်းချက်ကို သိလျက်နှင့် မလုပ်ဘဲနေခြင်းသည် ခက်ခဲ၍လား၊ ပျော်စရာမကောင်း၍လား။

ခက်ခဲသောမေးခွန်းများဖြစ်သည်။ သို့သော် သင့်ကိုယ်သင်နိုးကြားအသိရှိခြင်းသည် သင့်ကိုယ်သင် တိုးတက်အောင်လုပ်ဖို့ လိုနေသည့်ဧရိယာ၊ သင့်ထိန်းချုပ်မှုအောက်တွင်ရှိသည့်ဧရိယာကို တူးဖော်ကောင်း တူးဖော်နိုင်လိမ့်မည်။

သင့်ကိုယ်သင် တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းသည် သိမ်ငယ်စိတ်ဖြစ်ပေါ်ရန် အကြောင်းတစ်ခု လုံးဝမဟုတ်ပါ။

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

#OpenMoreOnline

Related Posts