ဝိဓူရဇာတ်တော်ကြီး

သုဝဏ္ဏသာမဇာတ်တော်ကြီး

တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ဝိ၊ ဝေ-ဟူသော စကားကြီးဆယ်လုံးသည် ဗုဒ္ဓမြတ်စွာဘုရား၏ ဘဝဖြစ်စဉ် ဇာတ်တော်ဆယ်ဘွဲ့ကို ဖော်ပြသည့် အတိုကောက်များဖြစ်ကြသည်။

တတိယစကားလုံးဖြစ်သည့် (သု) ဟူသည်မှာ သုဝဏ္ဏသာမ၏ ဘဝအကြောင်းကို ဆိုလိုသည်။

ဗာရာဏသီပြည်အနီး မိဂသမ္မဒါမြစ်ကမ်း၏ တဘက်တချက်တွင် တံငါရွာကြီး နှစ်ရွာရှိသည်။ ထိုနှစ်ရွာတွင် တံငါအကြီးအကဲ တစ်ဉီးစီရှိသည်။ ထိုတံငါအကြီးအကဲတို့သည် တစ်ဉီးနှင့်တစ်ဉီး ခင်မင်သည်။ မိမိတို့၏သားသမီးများ အရွယ်ရောက်လျှင် အချင်းချင်း လက်ဆက်ထိမ်းမြားပေးရန် ကတိကဝတ်ပြုထားကြလေသည်။

တံငါအကြီးအကဲ တစ်ယောက်တွင် ဒုကူလသတို့သားကို ဖွားမြင်ပြီး အခြားတစ်ယောက်တွင် ပါရိကာသတို့သမီးကို ဖွားမြင်သည်။ ဒုကုလနှင့်ပါရိကာတို့သည် ဗြဟ္မာပြည်မှလာသူများဖြစ်ကြ၍ ကာမဂုဏ်ကို အလိုမရှိကြချေ။ အရွယ်ရောက်လာကြ၍ နှစ်ဘက်မိဘ သဘောတူ လက်ထပ်ပေးကြသော်လည်း ကာမဂုဏ်၌ ပျော်မွေ့လိုက်စားခြင်း မရှိကြချေ။

မိဘများကွယ်လွန်ပြီးနောက် နှစ်ဉီးတိုင်ပင်ကာ တောထွက်ကြသည်။ ဒုကူလနှင့်ပါရိကာတို့ တောထွက်သည်ကို သိကြားမင်းကသိမြင်သည်။ ထို့ကြောင့် ဝိသကြုံနတ်သားကို စေလွှတ်ကာ ကျောင်းသင်္ခမ်း ဖန်ဆင်းထားသည်။ တရားရှာရန် တောထွက်လာသူများသည် ကျောင်းသင်္ခမ်းကိုလည်းကောင်း၊ ကျောင်းသင်္ခမ်းတွင်ရှိသော သင်္ကန်းပရိတ်က္ခရာတို့ကိုလည်းကောင်း သုံးဆောင်နိုင်ပါကြောင်း ရေးသားထားလေသည်။

ဒုကူလနှင့်ပါရိကာတို့သည် ရေးသားထားသော ကမ္ဗည်းအက္ခရာတို့ကိုဖတ်၍ နတ်တို့၏တန်ခိုးကြောင့်ဖြစ်သော လျှော်တေသင်္ကန်းကို ဝတ်၍ ရသေ့ပြုကာ တရားဓမ္မကျင့်ကြံ အားထုတ်နေထိုင်ကြလေသည်။

ဤဒုကူလနှင့်ပါရိကာသူမြတ် နှစ်ယောက်တို့သည် တနေ့တွင်မျက်စိကွယ်ကာ ဘေးသင့်မည့်အကြောင်းကို သိကြားမင်းသိရှိလေသည်။ ထို့ကြောင့် သိကြားမင်းကိုယ်တိုင်ပင် ကျောင်းသင်္ခမ်းသို့လာပြီး သားထောက်သမီးခံရရေးအတွက် လူတို့၏အကျင့်ဖြစ်သော မေထုန်မှုဖြင့် ကိုယ်လက်နှီးနှောပါရန် လျှောက်ထားတိုက်တွန်းသည်။ ဒုကူလနှင့်ပါရိကာ တို့က အပြင်းအထန် ငြင်းဆိုပါသည်။

သို့နှင့်သိကြားမင်းက ပါရိကာ ဉတုလာသောအချိန်တွင် ဒုကူလ-က ပါရိကာ၏ ချက်တော်ကို လက်တော်နှင့် သုံးသပ်စေသည်။ ထိုသို့သုံးသပ်သောအခါ ဘုရားအလောင်းသည် နတ်ပြည်မှစုတေခဲ့၍ ပါရိကာရသေ့မ၏ ဝမ်း၌ ပဋိသန္ဓေကိုယ်ဝန် စွဲယူလေသည်။ ဆယ်လလွန်သော်အခါ ရွှေအဆင်းနှင့်တူသော သားယောက်ျားလေး တစ်ယောက်ကို ဖွားမြင်လေသည်။ ရွှေအဆင်းနှင့်တူသော အဆင်းရှိသောကြောင့် ဘုရားလောင်းအား သုဝဏ္ဏသာမ- ဟူသော အမည်ကို မှည့်ကြကုန်လေ၏။

ဒုကူလနှင့်ပါရိကာတို့က သုဝဏ္ဏသာမကို ကျောင်းတွင်ထားကာ တောတွင်းသို့သွား၍ သစ်သီးသစ်ဥရှာဖွေသည်။

ထိုအခါ ကိန္နရီ ကိန္နရာတို့က သုဝဏ္ဏသာမ သတို့သားကို ပြုစုစောင့်လျှောက်ကြသည်။ ရေချိုးပေးသည်။ နံ့သာလိမ်းပေးသည်။ ပန်းဖြင့်လုပ်သော ဒန်းတွင်အိပ်စက်စေသည်။ နို့ချိုတိုက်ပေးသည်။ နတ်အများကလည်း ဝိုင်းဝန်းစောင့်ရှောက်ပေးကြလေသည်။

သုဝဏ္ဏသာမ ၁၆-နှစ်သို့ရောက်လာသည့်တိုင်အောင် အမိအဖတို့သည် အစဉ်စောင့်ရှောက်လျက် ကျောင်းသင်္ခမ်း၌နေစေလျက် မိမိတို့အလိုလိုသာလျှင် တောသစ်သီး သစ်မြစ်တို့ကို ရှာအံ့သောငှာ တောသို့သွားကြလေကုန်၏။

တစ်နေ့တွင် အချိန်လွန်သည့်တိုင်အောင် ကျောင်းသင်္ခမ်းသို့ ရသေ့များ ပြန်မလာသဖြင့် အရွယ်ရောက်ပြီဖြစ်သော သုဝဏ္ဏသာမသည် စိတ်ပူလာသောကြောင့် တောထဲသို့အရဲစွန့်ကာ လိုက်ရှာရင်း အဖေ-အမေ ဟုအော်ခေါ်လေ၏။ တစ်နေရာသို့ရောက်လျှင် ရသေ့တို့သည် သစ်သီးရှာရင်း လေကြီး မိုးကြီးကျလို့ သစ်ပင်အောက် မိုးဝင်ခိုပြီး တောင်ပို့ပေါ်သို့ ထိုင်လိုက်သည့်အခါ တောင်ပို့ထဲကမြွေဆိုး အခိုးလွှတ်သဖြင့် အဆိပ်ငွေ့သင့်ပြီး မျက်စိကွယ်ကြောင်း ပြောကြကုန်၏။ ထိုအခါ သုဝဏ္ဏသာမသည် ငိုလည်းငို၏။ ရယ်လည်းရယ်၏။


(ငိုရခြင်းအကြောင်းကား ငယ်ငယ်ရွယ်နှင့် မျက်စိကွယ်ရခြင်းကြောင့်တည်း။
ရယ်ရခြင်းအကြောင်းကား မိဘတို့ကို လုပ်ကျွေးခွင့်ရခြင်းကြောင့်တည်း) ဟုဆို၏။


ထို့နောက်သုဝဏ္ဏသာမသည် မိဘတို့အား အားပေးစကားပြောဆိုရင်း ကျောင်းသင်္ခမ်းသို့ လက်တွဲကာ ခေါ်ဆောင်သွားလေသည်။ ကျောင်းသင်္ခမ်းသို့ပြန်ရောက်လျှင် သုဝဏ္ဏသာမသည် မိဘများတစ်နေရာမှ တစ်နေရာသို့ သွားရလွယ်ကူစေရန် ကြိုးတန်း တန်းပေးခြင်း၊ သောက်ရေနှင့် သစ်သီးများ အနား၌ချပေးခြင်း စသည်တို့ကိုဆောင်ရွက်တော့သည်။

နောက်တစ်နေ့မှစ၍ ကျောင်းသင်္ခမ်းတွင် သန့်ရှင်းရေးလုပ်ကာ မိဘတို့အတွက် လိုရာကိစ္စများပြုလုပ်ပြီးလျှင် သမင်အဖော်များကို ခေါ်၍ တောထဲသို့ သစ်သီးရှာ ထွက်သွားလေ့ရှိသည်။

သုဝဏ္ဏသာမသည် နေ့စဉ်နေ့တိုင်း ရေခပ်ထွက်သောအခါ အဖော်ဖြစ်သော သမင်များကလည်း ဝိုင်းဝန်းကူညီကြလေသည်။
တစ်နေ့သောအခါ သမင်သားကို အလွန်နှစ်သက်သော ပီဠိယက္ခမင်းကြီးသည် မယ်တော်ကို ခေတ္တနန်းအပ်ခါ သမင်များကို လိုက်လံပစ်ခတ်စားသောက်ရင်း ရသေ့များ၏ ကျောင်းသင်္ခမ်းနားသို့ ရောက်လာ၏။

ညနေဘက်၌ သမင်ခြေရာများ အလွန်ပေါသော မြစ်ကမ်းစပ်တွင် သမင်များကို ပစ်ရန်ချောင်းနေစဉ် သုဝဏ္ဏသာမသည် သမင်များနှင့်အတူ ရေခပ်ဆင်းလာသည်ကို တွေ့လေသော် လူလော၊ နတ်လော မစဉ်းစားနိုင်တော့ဘဲ မြှားဖြင့်ပစ်လိုက်လေတော့၏။

သုဝဏ္ဏသာမသည် မြှားထိသဖြင့် မိခင်၊ ဖခင် ရှိရာသို့ ဉီးခေါင်းထား၍ သဲသောင်ခုံပေါ်တွင် ခွေကျသွားပြီး အော်၍ညည်းတွားမိလေသည်။ သမင်တို့သည် ကြောက်လန့်၍ ထွက်ပြေးကြကုန်၏။

ဤတွင် ပီဠိယက္ခမင်းလည်း လူသားစစ်စစ်မှန်း သိသည်။ သုဝဏ္ဏသာမ မိန်းမောခြင်းသို့မရောက်မီ ပီဠိယက္ခမင်းနှင့် သုဝဏ္ဏသာမတို့ စကားဆိုဖြစ်ကြသည်။ ဒေါသမရှိသော၊ ရန်လိုခြင်းမရှိသော၊ သိမ်မွေ့နူးညံ့သော သုဝဏ္ဏသာမ၏ ဖြစ်အင်ကို ကြားသိရသောအခါ ယခင်ကစိတ်ဓာတ်ကြမ်းတမ်း မာန်တက်သော ပီဠိယက္ခမင်းကြီး၏ စိတ်ဓာတ်သည်ပင်လျှင် များစွာပျော့ပျောင်း၍ သွားလေသည်။ ထို့ကြောင့်သုဝဏ္ဏသာမ၏ မိဘနှစ်ပါးအား လုပ်ကျွေးမည်ဖြစ်ကြောင်း ကတိပြုလေသည်။

ဒုကူလနှင့်ပါရိကာတို့၏ ကျောင်းသင်္ခမ်းသို့ ပီဠိယက္ခမင်းကြီး ရောက်သွားလေသည်။ သား သုဝဏ္ဏသာမ မဟုတ်ကြောင်း ရသေ့နှစ်ပါးတို့ ချက်ချင်းပင်သိသည်။ အပြန်အလှန် စကားဆိုဖြစ်ကြသည်။ ပီဠိယက္ခမင်းကြီးက သုဝဏ္ဏသာမ၏ကိုယ်စား လုပ်ကျွေးပြုစုမည် ဖြစ်ကြောင်း ပြောသည်။ ဒုကူလနှင့်ပါရိကာတို့က လက်မခံချေ။ သုဝဏ္ဏသာမရှိရာသို့ ပို့ပေးရန်တောင်းဆိုသည်။

ပီဠိယက္ခမင်းကြီးလည်း လိုက်၍ပို့သည်။ သဲသောင်ခုံပေါ်တွင် လဲလျောင်းနေသော သားသုဝဏ္ဏသာမကို စမ်းသပ်မိကြသည်။ အသက်မသေသေးကြောင်း သိသည်။ သို့နှင့် ဒုကူလနှင့် ပါရိကာတို့သည်၎င်း၊ ဘုရားလောင်း သုဝဏ္ဏသာမ၏ ခုနစ်ကြိမ်မြောက်သော ကိုယ်၏အဖြစ်၌ မိခင်တော်စပ်ခဲ့ဖူးသော မဟာသုန္ဒရီ နတ်သမီးသည်၎င်း သစ္စာအဓိဠာန်ပြုကြသည်။ သစ္စာ၏တန်ခိုး အာနုဘော်ကြောင့် မြှားဆိပ်တို့ လျောကျသည်။ သုဝဏ္ဏသာမလည်း အသက်ဘေးမှ လွတ်မြောက်လေသည်။ သိကြားမင်းကပါ ဆုပေးလေသည်။ ဒုကူလနှင့် ပါရိကာတို့ပါ မျက်စိနှစ်ကွင်း အလင်းရကြသည်။

သုဝဏ္ဏသာမသည် ပီဠိယက္ခမင်းကြီးအား သီလစောင့်ရန်၊ အလှူဒါနပြုရန်၊ တိုင်းသူပြည်သားကို ရင်ဝယ်သားနှင့်မခြား မေတ္တာထား၍ မင်းကျင့်တရားနှင့်အညီ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရန် ဟောကြားလေသည်။ ဗဟုသုန္ဒရီနတ်သမီးနှင့် အခြားနတ်အပေါင်းတို့အားလည်း တရားရေအေး တိုက်ကျွေးလေသည်။ ထိုအချိန်မှစ၍ ပီဠိယက္ခမင်းကြီးသည် သမင်သားတပ်မက်ခြင်းကို စွန့်၍ တရားရကာ တိုင်းပြည်သို့ပြန်လေတော့၏။

    မိဘကျေးဇူးကို သိတတ်သူတို့အား ဘေးအန္တရာယ်အပေါင်းမှ လွတ်မြောက်မြဲဖြစ်ပါသည်။ မျက်မောက်ဘဝ၌လည်းကောင်း၊ သံသရာ၌လည်းကောင်း ကောင်းကျိုးချမ်းသာကို ခံစားရမြဲဖြစ်ပါသတည်း။

10 Previous Life Of Buddha Edited By Buddha Knowledge Application

Related Posts